အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားတာကို ပြန်ရုပ်သိမ်းပေးဖို့ ဖြစ်လာနိုင်မလား

အစိုးရအနေဖြင့် တိုင်းရင်းသားလက်ကိုင်အဖွဲ့များ တောင်းဆိုချက်ဖြစ်သည့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးလာနိုင်ခြင်း ရှိ/မရှိကို နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ၏ သဘောထားအမြင်များအား DMG က စုစည်းတင်ပြလိုက်ရသည်။

13 Nov 2020

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ယုံကြည်မှုတိုးတက်လာစေရန် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းအဖြစ် ကြေငြာထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် နိုဝင်ဘာလ ၁၁ ရက်နေ့က ရက္ခိုင့်တပ်တော်(AA) အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တောင်းဆိုလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းပြီးဆုံးသည်အထိ ဆောင်ရွက်ရာတွင် တပ်မတော်ကိုယ်စားပြု ဆွေးနွေးနိုင်ရေးအတွက် ဗိုလ်ချုပ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိများ ဦးဆောင်သော ကော်မတီတစ်ရပ်ကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖွဲ့စည်းထားသည်။

ယင်းကဲ့သို့သော အခြေအနေများတွင် အစိုးရအနေဖြင့် တိုင်းရင်းသားလက်ကိုင်အဖွဲ့များ တောင်းဆိုချက်ဖြစ်သည့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးလာနိုင်ခြင်း ရှိ/မရှိကို နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ၏ သဘောထားအမြင်များအား DMG က စုစည်းတင်ပြလိုက်ရသည်။

အောင်ထိန် မေးမြန်းတင်ဆက်သည်။

မိဆူးပွင့် (ဗဟိုဦးဆောင်ကော်မတီဝင်)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)

“ကျွန်မအမြင်ပြောရရင် နှစ်ဖက်တော့ရှိမှာပေါ့နော်။ ပထမတစ်ဖက်ကတော့ နည်းနည်းအကောင်းဖက်က သုံးသပ်ကြည်ရင်တော့ အရေးကြီးတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုခုကို သူ(တပ်မတော်)ဦးဆောင်ပါဝင်ပြီး လုပ်မှရမယ့် လုပ်ငန်းစဉ်ပေါ့နော်။ အထူးသဖြင့်တော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တပ်မတော်ဦးဆောင်ပါဝင်ပြီး သေချာလုပ်ပေးနိုင်မှရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်။ အဲဒီအပေါ်မှာ သေသေချာချာဦးဆောင်ပြီး လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာပါဝင်နေတဲ့ အခန်းကဏ္ဍနဲ့ သူရဲ့အရေးကြီးမှု၊ အရေးပါမှု၊ သူ့ရဲ့မှန်ကန်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာထားတဲ့ စေတနာကို ပြန်ပြသလာမယ်ဆိုရင်တော့ ဒါဟာ အကောင်းဘက်ကို ရောက်သွားနိုင်တယ်လို့ မြင်တယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိကကျတာကတော့ တပ်မတော်ဖြစ်တယ်။ ဆိုတော့ ကျွန်မတို့အနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရ၊ တပ်မတော်နဲ့ ညှိနှိုင်းနေတယ်ဆိုပေမယ့် အဓိကတော့ တပ်မတော်နဲ့ညှိနှိုင်းတဲ့ပုံစံက ပိုပြီးတော့လက်တွေ့ဖြစ်တယ်။ ဆိုတော့ ဒီ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေပါဝင်လာရေးဆိုတာမှာလည်း တပ်မတော်ရဲ့အခန်းကဏ္ဍက ပိုပြီးအရေးကြီးတဲ့အတွက် အခုလို ကော်မတီဖွဲ့စည်းပြီး ထုတ်ပြန်ကြေငြာလိုက်တာက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခွင့်အလမ်း တစ်စုံတစ်ရာ Bilateral စဖို့အတွက် အခွင့်အလမ်းတွေဖြစ်လာလို့ မျှော်လင့်မိတယ်။ တစ်ဖက်မှာ ကျတော့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီအနေအထားမှာ နိုင်ငံရေးအရ သေသေချာချာ ရှုမြင်ပြီးတော့ ပါဝင်လာနိုင်တဲ့ အခွင့်အလမ်းတွေကို မလုပ်ဆောင်နိုင်ဘူးဆိုရင် တပ်မတော်နဲ့ ဆွေးနွေးနေတဲ့ လမ်းကြောင်းတွေအားလုံးဟာ ရပ်သွားတာဖြစ်ဖြစ်၊ နောက်ပြန်ဆုတ်သွားတာဖြစ်ဖြစ် လာမယ့် အစိုးသစ်သက်တမ်းမှာ အားပြိုင်မှုတွေကြီးလာလို့ရှိရင် ငြိမ်းချမ်းရေးဖြစ်စဉ်က တစ်စုံတစ်ရာ ထိခိုက်လာနိုင်တယ်လို့ မြင်တယ်။”

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
မြေပုံမြို့နယ်၊ ရခိုင်ပြည်နယ်

“အမှန်ကတော့ တပ်မတော်ကဖွဲ့တဲ့ ငြိမ်းချမ်းရေးကော်မတီ မရှိတဲ့အချိန်ကလည်း NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) တို့လို အဖွဲ့တွေက လုပ်နေကြတယ်။ အဲဒီမှာ ပူးပေါင်းပြီးလုပ်နေကြတာရှိတယ်။ အခုဖွဲ့တာကတော့ သူတို့တပ်မတော်သက်သက် ဖွဲ့စည်းထားတဲ့ တကယ်လို့ လိုအပ်ရင်ဆွေးနွေးဖို့ ဆိုတဲ့သဘောပေါ့။ အဲဒီလိုဖွဲ့ရင်လည်း သူတို့မှာ လုပ်ငန်းစဉ်တွေကို အတိအကျချပြထားရမယ်။

NCA လမ်းကြောင်းအတိုင်း NRPC ရဲ့အောက်မှာပဲ ဆွေးနွေးမှာလား။ ဒါမှမဟုတ် သီးသန့် EAOs (တိုင်းရင်းသားလက်နက်ကိုင်) အဖွဲ့တွေနဲ့ သီးသန့်ဆွေးနွေးမှာလားကတော့ မရှင်းမလင်းဖြစ်နေတယ်။ EAOs အဖွဲ့ကြားမှာ သီးသန့်ဆွေးနွေးမယ့်အဖွဲ့ဆိုတော့ ပိုပြီးလက်တွေ့ကျတယ်။ ၂၁ ပင်လုံခေါင်းစဉ်အောက်ကို ရောက်သွားရင်တော့ အဆင့်ဆင့်ဆွေးနွေးရတယ်၊ တင်သွင်းရတယ်။ အဲဒါတွေကြောင့် အဖြေမရဘူး။ လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနိုင်ဖို့ပါဝင်ပေးတာ ပိုပြီးတိုက်ရိုက်ကျတယ်ပေါ့။ သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို လုပ်ငန်းစဉ်တွေကို မသိနိုင်ဘူး။

တစ်ဖက်မှာလည်း မဟာမိတ်သုံးရဲ့ထုတ်ပြန်ချက်ကလည်း ထုတ်ပြန်နေကျအတိုင်း တောင်းဆိုနေကျအတိုင်းပဲ။ ဒီကိစ္စတွေက မြန်မြန်ဆန်ဆန် ဖြစ်လာရင်တော့ ကောင်းပါတယ်။ ရခိုင်ပြည် ငြိမ်းချမ်းရေးဟာလည်း အားလုံးသိကြတဲ့အတိုင်းပဲ။ တစ်နိုင်လုံးရဲ့ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတာကြောင့် အပြုသဘောဆောင်ပြီး တွေ့ဆုံသွားမယ်ဆိုရင်တော့ ကျနော်တို့ဘက်က ဒီဟာကို ဝမ်းသာရမယ်၊ ကြိုဆိုရမယ်။ ဟန်ပြသဘောမျိုးနဲ့ နိုင်ငံရေးအမြတ်ယူဖို့အတွက် လုပ်နေကြတာလား။ အဲဒီလိုသာဖြစ်မယ်ဆိုရင် ဘာမှမထူး။ စေတနာသန့်သန့်နဲ့ အမှန်တကယ် တွေ့ဆုံဖို့ကြိုးစားကြရင်တော့ အကောင်းဆုံးဖြစ်တယ်ပေါ့။

အဲဒီလို တွေ့ဆုံမယ်ဆိုရင်လည်း အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားတာကို ဖျက်သိမ်းပေးရမှာက လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့က ဒီကိစ္စတွေကို သတိနဲ့ကြိုဆိုနေရတယ်ပေါ့။ ဒါက ကောင်းတဲ့အလားအလာတစ်ခုဖြစ်တယ်။ ဒါပေမယ့် ဘယ်လောက်ထိ လက်တွေ့ကျကျ ဖြစ်လာမယ်ဆိုတာကတော့ ကျနော်တို့က အဲဒီအပေါ်မှာ နည်းနည်း မရှင်းမလင်းဖြစ်နေတယ်”

ဦးဇော်ဇော်ထွန်း (အတွင်းရေးမှူး)
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)

“ယေဘုယအားဖြင့်တော့ နှစ်ဖက်စလုံးက တိုက်ပွဲတွေကို လျော့ချပြီး ငြိမ်းချမ်းရေးဆွေးနွေးလိုတဲ့ သဘောတော့ရှိတယ်။ ဒါပေမယ့် ထုတ်ပြန်ချက်တွေက အခုလိုမျိုး ထုတ်ပြန်လေ့ရှိပေမယ့် အမှန်တကယ်မြေပြင်မှာတော့ တိုက်ပွဲတွေက ဖြစ်လေ့ဖြစ်ထရှိတယ်။ ကျနော်တို့ကတော့ ဒီထုတ်ပြန်ချက်တွေအပြင် မြေပြင်မှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေ၊ နောက်ပြီး အပစ်လျော့ချမှုတွေကိုတော့ စောင့်ကြည့်ရမှာမယ်ပေါ့။

လောလောဆယ်ကတော့ မြေပြင်အခြေအနေမှာ နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ကြောင်းတွေက ပြည်သူလူထုကြားကိုဝင်ပြီး ဖမ်းဆီးနှိပ်စက်၊ သံသယနဲ့ဖမ်းဆီးမှုတွေရှိနေတော့ လောလောဆယ်မှာ ထုတ်ပြန်ချက်မှာပဲရှိနေပြီးတော့ အမှန်တကယ် မြေပြင်အခြေအနေအရတော့ အလားအလာ မကောင်းသေးဘူးလို့ ပြောရမယ်။ အခုက ဟိုဘက်ဒီဘက် ထုတ်ပြန်တာပဲရှိသေးတယ်။ ထိပ်တိုက်မျက်နှာချင်းဆိုင်တွေ့ပြီး ဆွေးနွေးတာက မရှိသေးဘူး။ ဆွေးနွေးပြီးခါမှ ကျနော်တို့အနေနဲ့လည်း ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်လို့ ပြောလို့ရမယ်။ ဒီလိုမျိုး ဟိုဘက်ထုတ်ပြန်လိုက် ဒီဘက်က ထုတ်ပြန်လိုက်နဲ့ မြေပြင်မှာ စစ်ရေးလှုပ်ရှားမှုရှိနေတာက ငြိမ်းချမ်းရေးလမ်းစ ရောင်ခြည်သန်းလာတယ်လို့ ပြောလို့မရဘူူး။

အခုဆိုရင် တိမ်ညိုစခန်းက စစ်ဘေးရှောင်အတွက် အစိုးရက ထောက်ပံ့ပေးထားတဲ့ ဆန်ကိုတောင်မှ စစ်တပ်က ယူသွားတာရှိတယ်။ ဒါတွေက အလွန်တရာဆိုးဝါးတယ်ပေါ့။ အစိုးရက ထောက်ပံ့တဲ့ဆန်ကိုတောင် ပုံမှန်ထောက်ပံ့တာမရှိဘူး။ စစ်တပ်ကလည်း သိမ်းချင်သလိုသိမ်းသွားတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေဆိုရင်လည်း အခုသွားဆိုသွား/ မသွားနဲ့ဆိုမသွားနဲ့။ ဒီလိုအခြေအနေနဲ့ စစ်ဘေးရှောင်တွေရဲ့ ရှေ့ခရီးကတော့ စားရေးသောက်ရေးနဲ့ပတ်သက်လို့ ဘက်ပေါင်းစုံက အတိဒုက္ခကျဖြစ်လာနိုင်တယ်။ ဒီအနေအထားမှာ ငြိမ်းချမ်းရေးဖော်ဆောင်လိုတဲ့ သဘောတွေပြတာကတွေ နိုင်ငံတကာကသိအောင် အပြသဘောလုပ်တာတွေ၊ နောက် နိုင်ငံရေးအရ ကစားတာတွေတော့ မလုပ်သင့်ဘူး။ အဲဒီလိုမျိုးလုပ်နေရင်တော့ ပြည်သူလူထုတွေ အထူးသဖြင့် စစ်ဘေးရှောင်တွေ ဒီထက်မက ဆိုးဆိုးဝါးဝါးကြုံလာနိုင်တယ်လို့ သုံးသပ်မိတယ်”

မုံရွာအောင်ရှင် (ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ

“ဒါကတော့ ဘက်နှစ်ဖက်ပြဿနာပဲ။ ဘက်တစ်ဖက်တည်းနဲ့တော့ ဖြေလျော့ပေးလို့မရဘူး။ ကျနော်တို့သိရသလောက်ပေါ့လေ၊ ဥပမာဆိုပါတော့ တပ်မတော်ကနေပြီးတော့ တစ်ဖက်သက်အပစ်အခတ်ရပ်စဲရေးကို ကြေငြာဖူးတယ်။ အဲဒီကြေငြာခဲ့တဲ့ဟာလည်း ဘာမှအရာမရောက်ခဲ့ဘူး။ အခု မြောက်ပိုင်းအဖွဲ့သုံးဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေးကို ကြေငြာခဲ့တယ်။ သို့သော်လည်း သိပ်ပြီးအဆင်မပြေဘူး။ အဲဒီတော့ ဘက်နှစ်ဖက်စလုံးက ကိုယ်ကျင့်သုံးတဲ့မူကို တကယ်လိုက်နာမှ ရမယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ ဖြေလျော့စေချင်လို့ရှိရင် အကြမ်းဖက်အဖွဲ့အစည်းကနေ ဖြေလျော့နိုင်လောက်တဲ့ လိုက်နာမှုတော့ရှိဖို့လိုတယ်။ NLD အမတ်တွေကို ဖမ်းတာပြုတာတွေတော့ မလုပ်နဲ့လေ။ နောက်တစ်ခုက အကျဉ်းသားချင်းလဲမယ်တို့ ဘာတို့ မလုပ်ပါနဲ့။ ကိုယ့်ဘက်က သဘောထားကြီးကြီးနဲ့ လုပ်ပေးနိုင်ရင်တော့ ဒါတွေအားလုံး ပြေလည်သွားလိမ့်မယ်လို့ ထင်ပါတယ်”

ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ရသေ့တောင်မြို့နယ်၊ ရခိုင်ပြည်နယ်

“ကျွန်မတို့ အကောင်းဘက်ကိုတွေးရမယ်ပေါ့။ ဘယ်လိုပဲ သတ်မှတ်သတ်မှတ် ကောင်းတဲ့အလားအလာတစ်ခုကို သွားစေချင်တယ်။ ကြေငြာချက်တစ်ခုတည်းနဲ့တော့ လုံလောက်မှုမရှိဘူး။ လက်တွေ့အကောင်အထည်ဖော်မှုကတော့ အရမ်းအရေးကြီးတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးဖြစ်ဖို့အတွက်လည်း အကုန်လုံးက လိုလားနေတယ်။ အဓိကတော့ ရခိုင်ပြည်သူလူထုက ငြိမ်းချမ်းရေးကို တော်တော်လိုလားနေကြတယ်။

ဆိုတော့ ငြိမ်းချမ်းရေးတစ်ခု ရှေ့ကိုဖြစ်လာမယ်ဆိုတော့ နိုင်ငံရေးစားပွဲဝိုင်းမှာ သတ္တိရှိရှိ၊ သိက္ခာရှိရှိတော့ ဆွေးနွေးဖို့လိုတယ်။ တစ်ဦးနဲ့တစ်ဦး ဘယ်အရာလိုအပ်၊ ဘယ်အရာကို လုပ်ဆောင်မယ်ဆိုတာက တွေ့ဆုံဆွေးနွေးဖို့အပ်တယ်။ အခုလိုကြေငြာချက်ထုတ်ရုံနဲ့ လုံလောက်မှုမရှိဘူးလို့ ကျွန်မတို့က ပြောနိုင်တယ်။ တကယ်မြေပြင် အခြေအနေကို သုံးသပ်ပြီး စားပွဲဝိုင်းမှာဆွေးနွေးမှသာ ငြိမ်းချမ်းရေးတစ်ခုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ မြင်တယ်။

နောက်တစ်ခုက ငြိမ်းချမ်းရေးအစပြုဖို့အတွက် အေအေလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေညာထားတာကို ပထမဆုံးအနေနဲ့ ရုပ်သိမ်းပေးဖို့လိုလိမ့်မယ်။ အစိုးရဖက်က အေအေကို အကြမ်းဖက်အဖြစ်ဆိုပြီး ကြေငြာချက်ထုတ်ထားတာဟာ လက်နက်ကိုင်ငြိမ်းချမ်းရေး လုပ်ဖို့အတွက်လည်း ကြားမှာ အခက်အခဲတစ်ခုဖြစ်တယ်။ ဒါကြောင့် အေအေကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့လို့ ထုတ်ပြန်ထားတာကို ရုပ်သိမ်းဖို့ အဓိကလိုအပ်တယ်”

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ