ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အင်တာဗျူး - ပထမပိုင်း

မြန်မာနိုင်ငံထဲက အာရကန် ဒါမှမဟုတ် ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးရမှုနဲ့အတူ ရခိုင်ပြည်နယ်အရေးဟာ ဘင်္ဂလားဒေ့ရှ်အတွက်လည်း ခေါင်းခဲစရာ ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။ ရက္ခိုင့်တပ်တော် (အေအေ) ဟာ ရခိုင်မှာ အားကောင်းတဲ့ နိုင်ငံရေးနဲ့စစ်ရေး အင်အားစုတစ်ရပ်အဖြစ် ရှိနေပါတယ်။ အာရကန်နဲ့ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကချင်ပြည်နယ်ကနေ Zoom ကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်က သတင်းထောက်သုံးဦးနဲ့ ပညာရှင်တွေကို တွေ့ဆုံစကားပြောခဲ့ပါတယ်။

By ရာဗီချန်ဒရာကူးမား 04 Jan 2022

ဓာတ်ပုံ - Reuters

DMG ၊ ဇန်နဝါရီ ၄ 

မြန်မာနိုင်ငံထဲက အာရကန် ဒါမှမဟုတ် ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးရမှုနဲ့အတူ ရခိုင်ပြည်နယ်အရေးဟာ ဘင်္ဂလားဒေ့ရှ်အတွက်လည်း ခေါင်းခဲစရာ ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။ ရက္ခိုင့်တပ်တော် (အေအေ) ဟာ ရခိုင်မှာ အားကောင်းတဲ့ နိုင်ငံရေးနဲ့စစ်ရေး အင်အားစုတစ်ရပ်အဖြစ် ရှိနေပါတယ်။ အာရကန်နဲ့ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကချင်ပြည်နယ်ကနေ Zoom ကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်က သတင်းထောက်သုံးဦးနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။

မေး - မင်္ဂလာပါဗိုလ်ချုပ်ရေ၊ ကျွန်တော်တို့ကို ခုလိုအချိန်ပေးတာ ကျေးဇူးပါပဲ။

ဖြေ - အင်္ဂလိပ်လိုပြောတဲ့ သတင်းထောက်တွေနဲ့ စကားပြောရရင် ကျွန်တော် အများကြီး သတိထားပြီးပြောပါတယ်။ ကျွန်တော်တို့ရဲ့ အနေအထားက အရမ်းရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ လုပ်ကိုင်ရတဲ့ ဗျူဟာတွေလည်းပဲ အများကြီးရှုပ်ထွေးပါတယ်။ အင်္ဂလိပ်စကားက ကျွန်တော်တို့ရဲ့ မိခင်ဘာသာစကား မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ထုတ်ပြန်ချက်တွေကို အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံကလူတွေ သိအောင် ပြောပြဖို့ဆိုတာ လွယ်တဲ့အလုပ် မဟုတ်သလို တော်တော်လည်း သတိထားရပါတယ်။ ပြီးတော့ ကျွန်တော်တို့က တစ်ချို့သော မဟာဗျူဟာကိစ္စရပ်တွေဆိုရင် ရလဒ်တစ်စုံတစ်ရာ မရသေးဘဲနဲ့ အပြင်ကို လုံးလုံး ထုတ်မပြောချင်ပါဘူး။ ခင်ဗျားတို့နဲ့ စကားမပြောခင် ကျွန်တော် နှစ်ကြိမ်တောင်စဉ်းစားခဲ့ပါတယ်။ ခင်ဗျားတို့က ရိုဟင်ဂျာကိစ္စကို မေးလာနိုင်တယ်လေ။ ကျွန်တော်တို့ကတော့ သူတို့ကို “ရခိုင်မှာနေထိုင်ကြတဲ့ မူဆလင်တွေ” လို့ ပြောဆိုသုံးနှုန်းပါတယ်။ ခင်ဗျားတို့အားလုံးဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေပါပဲ။ ဒီကိစ္စအပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က တစ်စုံတစ်ရာ နားလည်မှုလွဲသွားမှာမျိုးကို ကျွန်တော်မလိုလားပါဘူး။

မေး - အာရကန်ရဲ့ လက်ရှိအနေအထားကို ပြောပြပေးပါဦး။ အေအေက အဲဒီမှာ ဘာတွေလုပ်နေသလဲ။ ဒီအနေအထားက ဘယ်ကိုဦးတည်နေပါသလဲ။

ဖြေ - လက်ရှိမှာတော့ ကျွန်တော်တို့နဲ့ ဗမာပြည်မစစ်တပ်အကြားမှာ အလွတ်သဘော အပစ်ရပ်ထားပါတယ်။ ဒီအပစ်ရပ်မတိုင်မီကတော့ အခြေအနေက တော်တော်ကြီးကို ပြင်းထန်ခဲ့တာပေါ့ဗျာ။ တပ်ရင်း တစ်ခုနှစ်ခုကလွဲရင် သူတို့တွေ ဘယ်နေရာကိုမှ မဝင်နိုင်ခဲ့ကြပါဘူး။ ဒီအနေအထားကိုကြည့်ရင် ကျွန်တော်တို့ရဲ့ တည်ရှိမှုနဲ့ ခုခံနိုင်စွမ်းကို ခင်ဗျားတို့ မှန်းဆနိုင်မှာပါ။ ခုချိန်မှာ အပစ်ရပ်ချင်နေတာကတော့ မြန်မာစစ်တပ်ပေါ့လေ။ နှစ်ဘက်အကြားမှာ တရားဝင်ဆွေးနွေးမှုတွေနဲ့ သဘောတူညီမှုတွေတော့ မရှိထားပါဘူး။ တစ်ခါတစ်လေတော့ ကျွန်တော်တို့ အွန်လိုင်းကနေ တွေ့တာမျိုးရှိပါတယ်။ သူတို့ကတော့ ကျွန်တော်တို့ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို ကန့်ကွက်ကြတာပေါ့ဗျာ။

ရခိုင်မှာ ကျွန်တော်တို့ အုပ်ချုပ်ရေးယန္တရားပုံစံ လည်ပတ်နေတာရှိပါတယ်။ ကျွန်တော်တို့ရဲ့ တရားစီရင်ရေးစနစ်ကိုလည်း အဲဒီမှာ တည်ဆောက်နေတာပေါ့ဗျာ။ ကျွန်တော်တို့ အခွန်ကောက်ခံရေးစနစ်တစ်ရပ် တည်ဆောက်ထားပြီ။ ဒါကလည်း ဗမာပြည်မှာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်နေတဲ့ တိုင်းရင်းသားအုပ်စုတွေ အကုန်လုံးနီးပါးက သူတို့ထိန်းချုပ်ရာ နယ်မြေတွေမှာ ကိုယ်ပိုင် အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ကြတာပါပဲ။ လတ်တလော တိုက်ပွဲတွေ ရပ်ဆိုင်းထားချိန်မှာတော့ ကျွန်တော်တို့ သိမ်းပိုက်ထားတဲ့ နေရာတွေမှာ ပိုပြီးအခြေခိုင်လာအောင် အာရုံစိုက်နေပါတယ်။

မေး - ခင်ဗျားတို့ရဲ့ ထိန်းချုပ်နယ်မြေက အာရကန်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ကွာခြားချက်တွေ ရှိပါသလား။

ဖြေ - အခြေခံအားဖြင့်တော့ ကျွန်တော်တို့က အာရကန်မြို့နယ်တွေမှာ ရှိပါတယ်။ မြို့ပေါ်မှာမဟုတ်ဘူးပေါ့။ မြို့ပေါ်ကိုလည်း ကျွန်တော်တို့ ဝင်လို့ရတယ်။ ကျွန်တော်တို့မှာ လိုအပ်တဲ့ အင်အားရှိတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် အပျက်အစီးပိုများမယ်။ ဗမာစစ်တပ်က အင်မတန်ပဲ ရက်စက်ကြမ်းကြုတ်ပါတယ်။ သူတို့ကို ဒီလိုမျိုး စိတ်ကြိုက်ရက်စက်ခွင့် ကျွန်တော်တို့ ပေးလို့မဖြစ်ဘူး။

မေး - အိုလံပစ်ပွဲတော်မှာ ရခိုင်အလံကို လွှင့်ထူတာမြင်ချင်တယ်၊ ရခိုင်နိုင်ငံတော်သီချင်း သီဆိုနေတာ ကြားချင်တယ်လို့ ၂၀၂၀ တုန်းက ဗိုလ်ချုပ်ပြောခဲ့ဖူးတာရှိတယ်။ ဒါက အာရကန်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတယ် ဆိုတဲ့သဘောလား။

ဖြေ - ကျွန်တော်တို့ လွတ်လပ်ရေးကြေညာထားတာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးပန်းတိုင်တွေကိုတော့ ရခိုင်လူထုကို သွယ်ဝိုက်ပြီး ပြောပြထားတာတော့ ရှိပါတယ်။ ကျွန်တော်တို့က ပြည်ပက အသိအမှတ်ပြုမှုထက် ပြည်တွင်း အချုပ်အခြာအာဏာအတွက် တိုက်ပွဲဝင်နေတာပါ။ ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အနေအထားကိုလည်း ကျွန်တော်တို့ ထည့်တွက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုရင် ၁၉၇၁ ခုနှစ်မှာ ပေါ်ထွက်လာတာ။ အိန္ဒိယနဲ့ အခြားနိုင်ငံအများအပြားက ဒါကို အသိအမှတ်ပြုခဲ့ကြတယ်။ ဒါပေမဲ့ ဒေသတွင်းအခြေအနေက အခု ပြောင်းသွားပြီ။ ကျွန်တော်တို့အနီးအနားက အင်အားကြီးနိုင်ငံတွေက ဒီမှာ နိုင်ငံသစ်တစ်နိုင်ငံ ပေါ်လာမှာကို မလိုလားကြဘူး။ ဒီလိုတစ်နိုင်ငံ ပေါ်လာလို့ သူတို့နိုင်ငံထဲက ခွဲထွက်ရေးသမားတွေ အားတက်ကြမှာကို အင်အားကြီးနိုင်ငံတွေက ကြောက်ကြတယ်။

မေး - ဒါဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်တာလို့ ပြောရမှာပေါ့။

ဖြေ - ကျွန်တော်တို့ကတော့ လွတ်လပ်ရေးကို သေချာပေါက်လိုချင်တာပေါ့။ ဒါပေမဲ့ ဒီအတွက်က အဆင့်တွေအများကြီး လုပ်ရဦးမယ်။ အချိန်တန်ရင် ဖြစ်လာမှာပါ။

မေး -  ၂၀၂၀ တုန်းက ဗိုလ်ချုပ်က တပ်သားအင်အား ၂ သောင်းရှိတယ်၊ ၇ သောင်းအထိ တိုးမြှင့်ချင်တယ်လို့ ပြောခဲ့တာရှိပါတယ်။ အဲဒီပမာဏကို ဘယ်အချိန် ရောက်မှာလဲ။

ဖြေ - ကျွန်တော်တို့မှာ စစ်သည်အင်အား ၃ သောင်းဝန်းကျင်ရှိပါတယ်။ ဒီအင်အားကို လက်နက်ဖြည့်တင်းပေးဖို့ဆိုတာ မလွယ်ဘူး။ ခက်ခဲ့တဲ့တာဝန်ပဲ။ နိုင်ငံရေးရည်မှန်းချက်တစ်ခု ရှိလာပြီဆိုရင် တခြားလိုအပ်ချက်တွေကိုလည်း ဖြစ်အောင် လုပ်ရတာပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ ဘိုးဘေးအစဉ်အဆက် ပိုင်ဆိုင်ခဲ့တဲ့နေရာကို ပြန်သိမ်းဖို့အတွက် စစ်သည်အင်အား အနည်းဆုံး ၃ သောင်းကနေ ၅ သောင်းအထိ လိုတယ်။ လူထုကလည်း ကျွန်တော်တို့နဲ့တူတူ ပါဝင်ဆောင်ရွက်ဖို့ အထူးပဲ စိတ်အားထက်သန်နေကြပါတယ်။ ကျွန်တော်ပြောလို့ရတာကတော့ဗျာ -- အခြေအနေက ကျွန်တော်တို့ဘက်မှာ ရှိနေတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပန်းတိုင်ကို ဘယ်အချိန်ရောက်မလဲ ဆိုတာကတော့ ပြောရခက်ပါတယ်။

မေး - အေအေဟာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေ တည်ဆောက်ထားပြီလို့ ပြောခဲ့တာတွေ့ပါတယ်။ ဒါဆို ကိုယ့်ရဲ့ နိုင်ငံရေးရည်မှန်းချက်ဆီ လျှောက်နိုင်ပြီဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ အာရကန်မှာ နေရာအားလုံးကို မထိန်းချုပ်နိုင်သေးဘူးလို့လည်း ပြောထားတာတွေ့တယ်။ ဒါဆို အေအေရဲ့ တရားစီရင်ရေးစနစ်က ဘယ်မှာရှိတာလဲ၊ ဘယ်လို လည်ပတ်ပါသလဲ။

ဖြေ - ကျွန်တော်တို့မှာ ကိုယ်ပိုင်ရဲတပ်ဖွဲ့ရှိတယ်။ လူထုကြားမှာ ယုံကြည်မှု ရထားပြီဆိုရင် တရားစီရင်ရေးစနစ် တစ်ရပ်လည်း ရှိဖို့လိုပြီပေါ့ဗျာ။ သူတို့ရဲ့ ပြဿနာတွေကို မျှမျှတတ ဖြေရှင်းပေးဖို့ လိုအပ်လာပြီလေ။ ဒါကတော့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံပါပဲ။

မေး - အေအေက မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဒီမိုကရေစီလှုပ်ရှားမှုမှာ ဘာလို့ မပါတာလဲ။ ဒီဖြစ်စဉ်မှာ အေအေ အနေနဲ့ ဘယ်လိုအနေအထားက ရပ်တည်နေပါသလဲ။

ဖြေ - ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်က ‘ရက္ခိတလမ်းစဉ်’၊ ဆုံးရှုံးထားတဲ့ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရရှိရေး ဖြစ်ပါတယ်။ ကျွန်တော်တို့ရှေ့က ရခိုင်မျိုးဆက်တွေဟာ ဗမာတွေနောက်ကလိုက်ပြီး အကူအညီပေးရင်းနဲ့ အချိန်တွေ အလဟဿ ကုန်ဆုံးခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ကာလတည်းက ရခိုင်နိုင်ငံရေးသမားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဗမာနိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်ဟာ ရသင့်ရထိုက်တဲ့ နိုင်ငံရေးအခွင့်အရေးတွေ မရခဲ့ဘူး။ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာလည်း ရခိုင်တွေ ပါဝင်ခဲ့တယ်။ ဘာအသီးအပွင့်မှ မခံစားခဲ့ကြရဘူး။ ဒီလိုအတွေ့အကြုံတွေ ရှိခဲ့တော့ ကျွန်တော်တို့ဟာ ဗမာနောက်လိုက် မလုပ်ချင်ကြတော့ဘူး။ ကိုယ့်ရည်မှန်းချက်ကိုပဲ ကိုယ်လျှောက်လှမ်းချင်တော့တယ်။ ကျွန်တော်တို့ လက်ရှိ ဗမာပြည်ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုဖြစ်စဉ်ကို ခပ်လှမ်းလှမ်း အနေအထားတစ်ခုကနေ မဟာဗျူဟာကျကျ ကြည့်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်မှု ရှိချင်မှရှိမယ်၊ ဒါပေမဲ့ ကျွန်တော်တို့နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေဟာ ဒီလှုပ်ရှားမှုမှာ တစ်စိတ်တစ်ပိုင်း ပတ်သက်နေကြတာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ လိမ္မာပါးနပ်စွာ ရပ်တည်လိုက်နိုင်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့်လည်းပဲ ဗမာတစ်ပြည်လုံး မငြိမ်မသက် ဖြစ်နေပေမယ့် ရခိုင်မှာတော့ အသင့်အတင့် အေးချမ်းနေတာ ဖြစ်ပါတယ်။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ရာဗီချန်ဒရာကူးမား မြန်မာလို ဆီလျော်အောင် ပြန်ရေးပါတယ်။
(မူရင်း - ‘Interview: Arakan army chief Twan Mrat Naing’, Prothom Alo, Photo: Reuters)

မှတ်ချက် - အင်တာဗျူးတွင် ဖော်ပြထားသော အသုံးအနှုန်းများသည် မူလဖော်ပြထားသည့် သတင်းဌာန၏ အသုံးများသာဖြစ်ပြီး DMG ၏အာဘော် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

ဗီဒီယိုများ