ရက္ခိုင့်တပ်တော်ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် Asia Times အင်တာဗျူး - ဒုတိယပိုင်း

“ကျွန်တော့်အနေနဲ့ လစန္ဒာကိုတောင့်တပြီး ငိုနေမှာမဟုတ်ပါဘူး။ ကျွန်တော့်ခံယူချက်ကတော့ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ကို အတင်းအဓမ္မပိတ်ပင်ထားတဲ့ ရန်သူဆီကနေ ကိုယ်လိုချင်တာကို လက်ဝါးဖြန့်တောင်းနေမှာမဟုတ်ဘူး ဆိုတာပါပဲ။”

By စောသန္တာအေး 22 Jan 2022

ဓာတ်ပုံ - Karen Information Center

“ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ကို အတင်းအဓမ္မပိတ်ပင်ထားတဲ့ ရန်သူဆီကနေ ကိုယ်လိုချင်တာကို လက်ဝါးဖြန့်တောင်းနေမှာ မဟုတ်ဘူး”

အေးရှားတိုင်းမ် - ခင်ဗျားရဲ့တပ်အင်အားက ဘယ်လောက်အထိ ရှိနေပြီလဲ။ ရခိုင်မှာ ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်ပြီလဲ။

ထွန်းမြတ်နိုင် - ကျွန်တော်တို့ (၂၀၀၉ မှာ ဖွဲ့စည်းပြီးကတည်းက) ၁၃ နှစ်အတွင်း စစ်သည် ၃ သောင်းကျော် သင်တန်းပေးပြီးပါပြီ။ ကွပ်ကဲထိန်းချုပ်ရေး (Command and control) ပိုင်းနဲ့ နည်းပညာစွမ်းရည်ပိုင်းမှာ သင်တန်းတက်ရောက်နေတဲ့ တပ်သားတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်တို့စစ်သည်တွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ တိုက်ခိုက်ရေးစွမ်းရည် ပြည့်ဝပြီး တိုက်ပွဲအတွေ့အကြုံရှိသူတွေပါ။ ကျွန်တော်တို့ရဲ့ မဟာမိတ်နယ်မြေတွေမှာ တပ်အင်အား ၅၀၀၀-၆၀၀၀ လောက် တပ်ဖြန့်ထားပြီး ကျန်တဲ့အင်အားတွေက ရခိုင်မှာဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ၆၀ ရာခိုင်နှုန်းလောက် ကျနော်တို့ ထိန်းချုပ်ထားပါတယ်။ တောင်ပိုင်းမှာတော့ နည်းပါတယ်။ တချို့နေရာတွေမှာကျတော့ ကျနော်တို့နဲ့ မြန်မာစစ်တပ်ကြားမှာ နယ်မြေထိန်းချုပ်မှုကို တိတိပပသတ်မှတ်ဖို့ ခက်ပါတယ်။ သူတို့က မြို့တွင်းဧရိယာတွေကို ထိန်းချုပ်ထားဆဲဖြစ်သလို မဟာဗျူဟာအရလည်း ဆက်ကိုင်ထားဖို့ လိုတာပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်ကလည်း လုပ်ပိုင်ခွင့်အာဏာကို အဲဒီနေရာတွေမှာ လိုရင်လိုသလို ဖြန့်ကျက်တာတွေ ရှိတယ်ဆိုတော့ နှစ်ဘက်အားပြိုင်နေတဲ့ ဧရိယာတွေ အများကြီးရှိနေဆဲပါ။

အေးရှားတိုင်းမ် - အနားမှာရှိတဲ့ ချင်းပြည်နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ၊ အခြား ဆက်စပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ခင်ဗျားတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုရှိပါသလဲ။

ထွန်းမြတ်နိုင် - ခုထိတော့ ပြောပလောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူး။

အေးရှားတိုင်းမ် - Prothom Alo (ဘင်္ဂလားဒေ့ရှ်) ရဲ့ ဇန်နဝါရီလ ၂ ရက်နေ့ထုတ် စာစောင်က အင်တာဗျူးမှာ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကို အသိအမှတ်ပြုတယ်လို့ ခင်ဗျားပြောခဲ့တာရှိပါတယ်။ အဲဒါက ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာရေးနဲ့ သူတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ထောက်ခံတဲ့သဘောလား။

ထွန်းမြတ်နိုင် - ရခိုင်မှာနေထိုင်သူ အားလုံးရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ ဒုက္ခသည်တွေ အုံလိုက်ကျင်းလိုက် နေရပ်ပြန်လာရင် မငြိမ်သက်မှု လှိုင်းအသစ်တစ်ခု ဖြစ်လာနိုင်တယ်။ ဘယ်လိုနေရပ်ပြန်မှုမျိုးမဆို ကိုယ့်သဘောဆန္ဒအရသာ ဖြစ်သင့်ပြီး နိုင်ငံတကာရဲ့ ကြီးကြပ်မှုအောက်မှာ နည်းလမ်းတကျ ဆောင်ရွက်ရမှာပါ။

ရခိုင်အများစုအတွက် အဓိကပြဿနာတစ်ရပ်က ဒုက္ခသည်တွေ လိုချင်ကြတဲ့ အမည်နာမပါပဲ။ ‘ရိုဟင်ဂျာ’ ဆိုတာ ရခိုင်အများစုလက်ခံတဲ့ စကားလုံး မဟုတ်ပါဘူး။ ဒီစကားလုံးအသုံးကြောင့် သူတို့ရဲ့ သမိုင်းကို ဆုံးရှုံးရတယ်လို့ ခံစားမိတဲ့အတွက် ရခိုင်တွေက ဒါကို စော်ကားမှုလို့ ယူဆကြတယ်။ သူတို့ဟာ ဒီမြေရဲ့ မူလ အခြေချနေထိုင်သူတွေ ဖြစ်ပါတယ်။

မွတ်ဆလင်လူဦးရေက မတူတဲ့ပုံစံအမျိုးမျိုးနဲ့ ဝင်လာကြတာ။ အထူးသဖြင့် နိုင်ငံကို ဗြိတိသျှတို့ အုပ်ချုပ်ခဲ့တဲ့အချိန်ကပေါ့။ သူတို့တွေသာ ရခိုင်မှာ မျိုးဆက်နဲ့ချီ နေလာကြတာဆိုရင် သူတို့လည်း နိုင်ငံသား ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အထောက်အထားကလည်း မေးစရာတစ်ခုဖြစ်နေတာပေါ့။

အေးရှားတိုင်းမ် - မွတ်ဆလင်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒုနဲ့ ခရစ်ယာန်တွေ ရခိုင်မှာ အေးအေးချမ်းချမ်း ယှဉ်တွဲနေထိုင်နိုင်ခြေက ဘယ်လိုရှိပါသလဲ။

ထွန်းမြတ်နိုင် - ဒါက အုပ်စုတစ်ခုနဲ့တစ်ခုအကြား အဆင်မပြေဖြစ်အောင် ပြင်ပက ကြိုးကိုင်နှောင့်ယှက်မှုတွေ မရှိဘူးဆိုရင် အောင်မြင်နိုင်ပါတယ်။ ၁၉၄၁၊ ၄၂ ကနေ ၂၀၁၉ အထိ ကာလတစ်လျှောက် ရခိုင်ပြည်နယ်မှာ လက်ရှိအနေအထားလောက် လူမှုဘဝတည်ငြိမ်မှုနဲ့ လူမျိုးရေးသဟဇာတဖြစ်မှု မရှိဖူးသေးဘူး။ အခုဆိုရင် ကျွန်တော်တို့မှာ လူမှုဘဝတည်ငြိမ်မှု ပိုရှိလာတယ်၊ လူမျိုးရေးတင်းမာမှုလည်း ကျဆင်းစပြုနေပြီဖြစ်သလို အပြုသဘောဆောင်တဲ့ လူမှုရေးလုပ်ဆောင်ချက်တွေလည်း ပိုတွေ့လာနေရပြီ။ ဒါတွေဟာ မြင်သာတဲ့အရွေ့တွေဖြစ်ပြီး နောက်ထပ်အပြောင်းအလဲတွေကိုလည်း အတွင်းကနေ စတင်သင့်ပါတယ်။

အေးရှားတိုင်းမ် - RSO နဲ့ ARSA တို့လို ရိုဟင်ဂျာအဖွဲ့အစည်းတွေအပေါ် ခင်ဗျားရဲ့အမြင်က ဘယ်လိုရှိပါသလဲ။

ထွန်းမြတ်နိုင် - ဒီနှစ်ဖွဲ့လုံးနဲ့ ကျွန်တော်တို့ အဆက်အသွယ်မရှိပါဘူး။ RSO ကတော့ ARSA ထက် နိုင်ငံရေးအရ ပိုရင့်ကျက်ပုံပေါ်ပါတယ်။ ဒါပေမဲ့ ARSA က ကွန်ရက်ပိုကျယ်ပြီး လှုပ်ရှားမှုပိုများတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေနဲ့ ရခိုင်ကကျေးရွာတွေမှာ ARSA က ကိုယ့်လူမျိုးခေါင်းဆောင်တွေကိုယ် ဘာတွေပြန်လုပ်လဲ တွေ့ကြမှာပါ။ အဝေးရောက် မွတ်ဆလင်ပညာတတ်တစ်ချို့ဟာ ARSA ကို လက်လွတ်စပယ် ကြိုးကိုင်လှုံ့ဆော်ပြီး နိုင်ငံရေးအကျပ်အတည်းကနေ အမြတ်ထုတ်နေကြတယ်။

အေးရှားတိုင်းမ် - ခင်ဗျားတို့ရဲ့ တစ်ခုတည်းသော အိမ်နီးချင်းနိုင်ငံက ဘင်္ဂလားဒေ့ရှ်ဖြစ်တယ်။ နယ်စပ်တစ်ဘက်က အာဏာပိုင်တွေနဲ့ လူထု၊ ဥပမာပြောရရင် မရမာအသိုင်းအဝိုင်းနဲ့ပေါ့။ သူတို့နဲ့ ခင်ဗျားတို့အကြားက ဆက်ဆံရေးက ဘယ်လိုပုံစံ ရှိပါသလဲ။ ဒီထက်နည်းနည်း ထပ်ဆွဲဆန့်ရင် အိန္ဒိယနဲ့ကောပေါ့။

ထွန်းမြတ်နိုင် - မရမာနဲ့ မောဂ် (တြိပူရ) တွေဟာ ကျွန်တော်တို့နဲ့ သွေးသားရင်းချာတွေပါ။ ဒီတြိဂံနယ်စပ်ဒေသမှာ ရှိနေကြတဲ့ တခြားတိုင်းရင်းသားနဲ့လည်း ဒီအတိုင်းပါပဲ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကို သေသေချာချာ နားလည်ကြသလို စာနာမှုလည်းရှိကြပါတယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ဆက်ဆံရေးက အဆိုးကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အကောင်းကြီးလည်း မဟုတ်သေးဘူးပေါ့လေ။ ဘင်္ဂလားဒေ့ရှ်အစိုးရမှာ ကျွန်တော်တို့နဲ့ တရားဝင်ဖြစ်စေ အလွတ်သဘောဖြစ်စေ ဆက်ဆံရေးတစ်ရပ်ထားဖို့အတွက် ရှင်းလင်းတဲ့ မူဝါဒတစ်ရပ် ဒါမှမဟုတ် ဗျူဟာတစ်ရပ် ရှိတဲ့ပုံမမြင်မိဘူး။

ဆက်ဆံရေးကိုတော့ မြှင့်တင်သင့်တယ်။ သူတို့အနေနဲ့ ခြေတစ်လှမ်းတိုးပြီး တက်တက်ကြွကြွ ဆောင်ရွက်သင့်တယ်။ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ရပ် ရှိထားရင် နှစ်ဦးနှစ်ဘက်အတွက်ကော ပိုအရေးကြီးတဲ့ ဒုက္ခသည်ပြဿနာ၊ စားနပ်ရိက္ခာအကူအညီ၊ ကပ်ဘေးနဲ့ လုံခြုံရေးကိစ္စရပ်တွေကို ဖြေရှင်းရာမှာပါ အကျိုးရှိမှာပါ။ နှစ်ဘက်လုံးကပြည်သူတွေ ပိုအကျိုးရှိဖို့အတွက် ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ကုန်သွယ်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးတို့အပြင် အခြားကဏ္ဍတွေပါ ထည့်သွင်းဆောင်ရွက်ပြီး ဆက်ဆံရေးကိုမြှင့်တင်လို့ ရနိုင်တာပေါ့။

အေးရှားတိုင်းမ် - ရခိုင်ကပဋိပက္ခနဲ့ မြန်မာနိုင်ငံရဲ့ တစ်ခြားနေရာတွေမှာ ငြိမ်းချမ်းရေးအဖြေရှာဖို့ ကြိုးပမ်းမှုမှာ တရုတ်နဲ့ဂျပန်တို့လို တစ်ခြားနိုင်ငံတွေဟာ ဘယ်အခန်းကဏ္ဍမှာ ရှိပါသလဲ။ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြားက မဟာဗျူဟာအားပြိုင်မှုက ဘယ်လိုရှိပါသလဲ။

ထွန်းမြတ်နိုင် - သီအိုရီအားဖြင့်တော့ သူတို့ဟာ အရေးပါတဲ့နေရာမှာ ရှိနေပေမယ့် လက်တွေ့မှာက ပိုပြီးရှုပ်ထွေးပါတယ်။ ပြောင်းလဲမှုတွေဟာ အတွင်းကလာဖို့ လိုပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒါက ပိုလက်တွေ့ကျပြီး ဖြစ်နိုင်ခြေပိုရှိပါတယ်။ ဒါပေမဲ့ အနေအထားတွေက ရှင်းရှင်းလင်းလင်း မဖြစ်သေးပါဘူး။ အမေရိကန်-တရုတ် အားပြိုင်မှုက ကျနော်တို့အပေါ် အကျိုးသက်ရောက်မှုမရှိသလို ကျွန်တော်တို့နဲ့လည်း မဆိုင်ပါဘူး။

အေးရှားတိုင်းမ် - နောက်ဆုံးအနေနဲ့ ပုဂ္ဂိုလ်ရေးမေးခွန်းတစ်ခု မေးချင်ပါတယ်။ ခင်ဗျားအနေနဲ့ မြန်မာစစ်တပ်နဲ့ ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုကို လက်နက်ကိုင်တော်လှန်ဖို့ ဘယ်အချိန်က ဘာကြောင့် ဆုံးဖြတ်ခဲ့တာပါလဲ။

ထွန်းမြတ်နိုင် - မြန်မာနိုင်ငံမှာက နိုင်ငံရေးအရ မညီမျှမှုနဲ့ ရပိုင်ခွင့်တွေကို ဖြေရှင်းဖို့အတွက် ကောင်းမွန်တဲ့နိုင်ငံရေးအခင်းအကျင်း မရှိဘူး။ ကျွန်တော့်အနေနဲ့ လစန္ဒာကိုတောင့်တပြီး ငိုနေမှာမဟုတ်ပါဘူး။ ကျွန်တော့်ခံယူချက်ကတော့ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ကို အတင်းအဓမ္မပိတ်ပင်ထားတဲ့ ရန်သူဆီကနေ ကိုယ်လိုချင်တာကို လက်ဝါးဖြန့်တောင်းနေမှာမဟုတ်ဘူး ဆိုတာပါပဲ။

သူတို့ဘယ်လိုပဲထင်ထင် ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ကျွန်တော်တို့လက်နဲ့ ဖန်တီးရမှာပဲ။ ကျွန်တော်တို့ ရသင့်ရထိုက်တာကို ကိုယ့်ဟာကိုယ် တည်ဆောက်ယူရမယ်။ ကျွန်တော့်ရည်မှန်းချက်ကတော့ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ပြန်တည်ဆောက်ပြီး ရခိုင်ပြည်အတွက် စစ်မှန်တဲ့ နိုင်ငံရေးအဆင့်အတန်းတစ်ရပ် ပြန်လည်ရယူဖို့ပါပဲ။

စောသန္တာအေး
(Asia Times တွင်ဖော်ပြထားသည့် ‘Rebel yell: Arakan Army leader speaks to Asia Times’ By BERTIL LINTNER ကို ဘာသာပြန်ဆိုပါသည်။)

မှတ်ချက် - အင်တာဗျူးပါ အချို့အသုံးအနှုန်းများမှာ DMG ၏ အာဘော်မဟုတ်ပါ။

ဗီဒီယိုများ