တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်က ဘာလဲ

“ကျနော်တို့ပြောတဲ့ ဖက်ဒရယ်ဆိုတာက အမျိုးသားပြည်နယ်တွေကို အခြေခံပြီးတော့မှ ဖွဲ့စည်းတာဖြစ်တယ်။ အမျိုးသားတန်းတူရေးကို အခြေခံခွင့်မရှိဘူးဆိုရင် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်အရ ခွဲထွက်ပိုင်ခွင့်ရှိတယ်”

22 Feb 2022

ဖေဖော်ဝါရီ ၊ ဖေဖေါ်ဝါရီ ၂၂

(Interview)

“ကျနော်တို့ပြောတဲ့ ဖက်ဒရယ်ဆိုတာက အမျိုးသားပြည်နယ်တွေကို အခြေခံပြီးတော့မှ ဖွဲ့စည်းတာဖြစ်တယ်။ အမျိုးသားတန်းတူရေးကို အခြေခံခွင့်မရှိဘူးဆိုရင် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်အရ ခွဲထွက်ပိုင်ခွင့်ရှိတယ်”

လက်ရှိတွင် မြန်မာ့နိုင်ငံရေးသည် များစွာရှုပ်ထွေးမှုတို့ရှိနေပြီး စစ်အာဏာသိမ်းမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများလည်း ယနေ့အထိပြင်းထန်နေဆဲဖြစ်သည်။ ယနေ့အချိန်တွင် တော်လှန်နေကြသည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာပြည်သူတို့၏ ရည်မှန်းချက်မှာ စစ်အာဏာရှင်ဖြုတ်ချရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုသို့ သွားမည်ဆိုသည့် ဘုံသဘောတူညီချက်ကိုတွေ့ရသည်။ ယင်းအကြောင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအနေဖြင့် ဘယ်လိုမျိုးဖက်ဒရယ်ကိုလိုချင်ကြတာလဲဆိုသည်မှာ စိတ်ဝင်စားစရာရှိလာသည်။

ယင်းအထဲမှ ကရင်ပြည်နယ်တွင်အခြေစိုက်ပြီး လက်ရှိ စစ်ကောင်စီကိုတိုက်ခိုက်နေသည့် ရခိုင့်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ရခိုင်အမျိုးသားကောင်စီ(ANC)၊ ရခိုင်ပြည်တပ်မတော်(AA)၏ လက်ရှိ အခြေအနေ၊ ရပ်တည်ချက်၊ အနာဂတ်မျှော်လင့်ချက် ဖက်ဒရယ်နှင့် စစ်ကောင်စီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ၎င်းတို့၏သဘောထားအမြင်များကို ANC ခေါင်းဆောင်/AA စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းအား DMG က ဆက်သွယ်မေးမြန်းထားသည်။

မေး။   ။လက်ရှိ ANC/AA ရဲ့ စစ်ရေး၊ နိုင်ငံရေးဆောင်ရွက်နေမှုအခြေအနေကို ရှင်းပြပေးပါ။

ဖြေ။    ။ကျနော်တို့ ANC/AA ရဲ့ နိုင်ငံရေးစစ်ရေးအခြေအနေကတော့ ကျနော်တို့ရည်မှန်းချက်ဖြစ်တဲ့ အမျိုးသား တန်းတူရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးဆိုတဲ့မူအတိုင်းပဲ ဆက်လက်လျှောက်လှမ်းနေတယ်။ လက်တွေ့မြေပြင်မှာတော့ မဟာမိတ်နယ်မြေထဲမှာ ကျနော်တို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်နေတာရှိပါတယ်။

မေး။    ။စစ်အာဏာရှင်တော်လှန်ရေးခရီးမှာ ANC က လက်ရှိဘယ်နေရာကနေပါဝင်ပြီး လုပ်နေလဲသိပါရစေ။

ဖြေ။    ။စစ်အာဏာရှင်တော်လှန်ရေးမှာ ဘာလုပ်နေလဲဆိုတာထက် ကျနော်တို့က ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း အမျိုးသားတန်းတူရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေးအတွက် လူထုနည်းလမ်း လက်နက်ကိုင်နည်းလမ်းနဲ့ တိုက်ပွဲဝင်လျှက်ရှိပါတယ်။ ဒါက ဒီနေ့ စစ်အာဏာရှင်တော်လှန်ရေးထဲမှာ ပူးပေါင်းပါဝင်တယ်။ စစ်အာဏာရှင်တော်လှန်ရေးအတွက် လုပ်နေတယ် ဆိုတာထက် နိုင်ငံရေးအတွက် ကျနော်တို့မူအတိုင်း သွားနေတာပါ။

မေး။    ။အခုချိန်မှာ စစ်ကောင်စီဘက်က ဖက်ဒရယ်ကိုပြောလာတယ်။ ဗိုလ်မှူးကြီးတို့အပါဝင် NUG နဲ့ EAO အချို့နဲ့ PDF အင်အားစုတွေကလည်း ဖက်ဒရယ်ကိုသွားမယ်လို့ပြောတယ်။ ဆိုတော့ ဒီဟာက ယေဘုယျအားဖြင့် လမ်းကြောင်းတူနေဆိုပေမယ့် ကွာခြားချက်နဲ့အဟန့်အတားတွေက ဘာတွေဖြစ်မလဲ။

ဖြေ။     ။ဖက်ဒရယ်ကို သွားမယ်ဆိုတာက ကျနော်တို့ ဗမာပြည်ထဲမှာ သူသူငါငါပြောနေကြတာပေါ့။ ဥပမာအနေနဲ့ ဟိုးအရင်တုန်းက ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးသမားတွေရဲ့အတွေးမှာ လက်ဝဲအတွေးအခေါ်တွေရှိတယ်။ အဲဒီမှာပြောကြတာက ပြည်သူ့ဒီမိုကရေစီ၊ ဆိုရှယ်လစ်လမ်းစဉ် လုပ်ကြမယ်ဆိုပြီးတော့ အတိုက်အခံကပြောတယ်။ သူပုန်တွေကလည်းပြောတယ်။ အစိုးရကလည်းပြောတယ်။ ဒါပေမယ့် လက်တွေ့မှာ အနှစ်သာရကွာခြားချက်က အများကြီးဖြစ်တယ်။ တကယ်တော့ ဖက်ဒရယ်ဆိုတာကို ကျနော်တို့တိုင်းရင်းသားတွေနဲ့ ရခိုင်လူမျိုးတွေထင်နေကြတာက ဖက်ဒရယ်ဆိုတာ ဗမာနိုင်ငံရေးအင်အားစုတွေပြောတဲ့ လမ်းစဉ်ဆိုပြီးတော့မှ စဉ်းစားမှုရှိတယ်။ ဒါပေမယ့် တကယ်တမ်း သမိုင်းတလျှောက်လုံးမှာဖြစ်လာတာကတော့ ဗမာလူမျိုးစုအများစုက ဖက်ဒရယ်ဆိုတာခွဲထွက်ရေးပဲ။ ဖက်ဒရယ်ဆိုတာကို ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေက သူတို့ရဲ့ နိုင်ငံရေးကျဉ်းမြောင်းမှု၊ အတွေးအခေါ်၊ ဘာသာရေးအရ အတွေးအခေါ်ကျဉ်းမြောင်းမှုကြောင့် ပြည်ထောင်စုကြီးကခွဲထွက်ရေးအတွက် သူတို့လိုတာကို တောင်းနေကြတယ်လို့ သူတို့အမြင်ရှိတယ်။

မေး။     ။ANC/ AA လိုချင်တဲ့ ဖက်ဒရယ်က ဘယ်လိုပုံစံမျိုးလဲ။

ဖြေ။     ။ကျနော်တို့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားအများစုနဲ့ ကျနော်တို့ပြောတဲ့ဖက်ဒရယ်ဆိုတာက အမျိုးသားပြည်နယ်တွေကိုအခြေခံပြီးတော့မှ ဖွဲ့စည်းတာဖြစ်တယ်။ အမျိုးသားတန်းတူရေးကို အခြေခံခွင့် မရှိဘူးဆိုရင် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်အရ ခွဲထွက်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ဆန္ဒသဘောအရ ပူးပေါင်းတဲ့ ဖက်ဒရယ်ဖြစ်တယ်။

အခုကတော့ တိုင်းရင်းသားတော်တော်များများပြောတာကတော့ ဖက်ဒရယ်ဆိုတာထက် ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ စကားပြောကြတာပေါ့။ အဲဒီဖွဲ့စည်းပုံက အမျိုးသားတန်းတူရေးကို အခြေခံတဲ့ နိုင်ငံဖြစ်ရမယ်။ အဲဒီမှာ ဒီမိုကရေစီနည်းလမ်းနဲ့ အုပ်ချုပ်တဲ့ဟာဖြစ်ရမယ်ဆိုပြီးတော့ ပြောတာဖြစ်တယ်။ အရင်တုန်းကတော့ NLD က ဒီမိုကရေစီဖက်ဒရယ်ဆိုပြီးတော့ ပြောတာပေါ့။ သူတို့မှာ ဒီမိုကရေစီက အရင်အရေးကြီးတယ်။ အကောင်အထည်ဖော်ရမယ်။ ပြီးမှ ဖက်ဒရယ်သွားမယ်ပေါ့။ ကျနော်တို့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားအများစုရဲ့ဆန္ဒကတော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီဆိုတာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ပန်းပဲ။ ဘာပြီးမှ ဘာလာရမယ်လို့ခွဲလို့မရဘူး။ တပြိုင်တည်းတချိန်တည်း အကောင်အထည်ဖော်ရမှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ရဲ့အမြင်အရတော့ ဖက်ဒရယ်အရေးသာအဓိက ကျနော်တို့ရဲ့အမြင်ဖြစ်တယ်။ ဒါက ကျနော်တို့နဲ့ NLD ကြားကကွာဟမှုပဲ။

စစ်တပ်ကြားက ကွာဟမှုကိုပြောရမယ်ဆိုရင်တော့ သူတို့ဘက်က အသံကောင်းဟစ်တာလို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေက အမြင့်ဆုံး ပေးနိုင်တာကို NCA စာချုပ်ထဲမှာပေးပြီးသားဖြစ်တယ်။ NCA မှာက ဒို့တာဝန်အရေးသုံးပါး အခြေခံမယ်။ ဒါကတဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့အညီလို့ ပြောထားတယ်။ နောက်ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို မဖြစ်မနေသွားပါမယ်လို့ လမ်းကြောင်းချထားတာမဟုတ်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲရလာဒ်တို့နဲ့အညီ တို့တာဝန်အရေးသုံးပါးကို အခြေခံပြီးတော့ဖြစ်တယ်။ နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်နဲ့အညီ ထည့်ပြောထားတယ်။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မဖြစ်မနေသွားပါမယ်လို့ လမ်းကြောင်းချထားတာမဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးပွဲရလာဒ်များနှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အခြေခံပြီးတော့၊ ဘာညာပေါ့။ အဲဒီနောက် ဆွေးနွေးပွဲလုပ်တဲ့အခါမှာ အမျိုးသားတန်းတူရေး၊ ပြည်နယ်တွေရဲ့ဖွဲ့စည်းပုံကိစ္စကို ဆွေးနွေးတဲ့အခါမှာ ခွဲထွက်လိုသူက ခွဲချင်တယ်လို့မပြောကြေး၊ မပြောနဲ့လို့ ရှေ့ရောက်လာတယ်။ ဒါမျိုးက ကျွန်တော်တို့ခေါင်းထဲမှာ ကန့်သတ်ချက်အနေနဲ့ ထားခိုင်းတယ်လို့ထင်တယ်။ စစ်တပ်ကပြောတဲ့ ဖက်ဒရယ် ဘာကွာလဲဆိုတော့ ဝေါဟာရအားဖြင့်ပဲတူလိမ့်မယ်။ အနှစ်သာရချင်းတော့ အများကြီးကွာခြားပါတယ်။

မေး။    ။စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA လမ်းကြောင်းအတိုင်း ခေါ်နေတာကို တွေ့ရတယ်။ တကယ်လို့ ဗိုလ်မှူးကြီးတို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲလမ်းစဉ်အရ သွားမယ်ဆိုရင် ဘယ်လိုပုံစံသွားဖို့လမ်းစဉ်ရှိလဲ သိပါရစေ။

ဖြေ။ ။ကျွန်တော်ထင်ပါတယ်။ သူတို့ကတော့ ကျွန်တော်တို့ကို ငြိမ်းချမ်းရေးအနေနဲ့ ဆက်လက်ဆွေးနွေးပွဲ ဖိတ်ခေါ်နိုင်မယ့် အကြောင်းတရားတော့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ NCA စာချုပ်ကို ကျွန်တော်တို့က လက်မှတ်မထိုးခဲ့တာ ကျွန်တော်တို့ဘက်က ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြခဲ့တဲ့အပေါ်မှာ သူတို့အနေနဲ့ နာကျည်းချက်ရှိတယ်။ ဒါကြောင့် သူတို့ပြောတဲ့ NCA နဲ့ ကျနော်တို့ ရှေ့ဆက်ဆွေးနွေးစရာ ဘာမှမရှိဘူးဆိုပြီး ပြောထားတာရှိတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးဆိုတာက ပြောရခက်တာပေါ့။ အခြေအနေပေါ်မူတည်ပြီး ပြောင်းကောင်းပြောင်းလာနိုင်တယ်။ ဒါပေမယ့် အနှစ်သာရအရ NCA လမ်းကြောင်းအတိုင်းသွားမယ်။ ဒါမှမဟုတ် NCA ကဲ့သို့သော မူမျိုးနဲ့သွားမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ပါဝင်ရင်လည်း ဘာမှမထူးဘူး။ NCA က တကယ်တမ်းလက်တွေ့ပြောရမယ်ဆိုရင် ဘာမှအနှစ်သာရပီပြင်ပတ်သက်မှု မရှိဘူး။ NCA က ဝေဝါးပြီးတော့ ဇာတ်လမ်းအချိန်ဆွဲသွားပြီးတော့ ဘာမှအဖြေမထွက်တဲ့ အနေအထားဖြစ်ပါတယ်။

မေး။    ။ဖက်ဒရယ်အပေါ်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေပေးမယ်ဆိုပြီးတော့ စစ်ကောင်စီဘက်က အသံ ထွက်ထားတယ်။ နောက်ပြီးခဲ့တဲ့ပြည်ထောင်စုနေ့ကလည်း ကန့်သတ်ချက်မရှိဘူဆိုပြီးတော့ ဆွေးနွေးပွဲခေါ်တယ်။ ဒီကြားထဲမှာ ခိုင်လုံတဲ့ဆုံးဖြတ်ချက်တွေ ဘာမှမရလိုက်ဘူး။ ဒီအပေါ်မှာ ဘာကြောင့်လို့မြင်ပါလဲ။

ဖြေ။ ။NCA ကိုအခြေခံပြီး ပင်လုံညီလာခံကိုလုပ်တာ။ NCA စာချုပ်ကို ကျွန်တော်တို့က ဗမာစစ်တပ်နဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်နှစ်ခုကြားမှာ ၂ နှစ်လောက်အချိန်ယူပြီး လုပ်ခဲ့တာတောင်မှ နှစ်ဖက်သဘောတူတဲ့ မူချောအဆင့်ကိုမရောက်ဘူး။ ဒီလိုဖြစ်ခဲ့တာ။ အခုက ဘာမှ ကန့်သတ်ချက်မရှိဘူး ဆိုတာကို ကျနော်နားလည်တာကတော့ မင်းတို့လိုတာကိုပြောကြ။ ငါတို့ကတော့ နားထောင်ပေးမယ်ဆိုတဲ့ အဆင့်လောက်ပဲ။ ဒါက ကျနော်တို့ လွှတ်တော်ထဲမှာတွေ့ခဲ့ပြီ၊ ညောင်နှစ်ပင်ညီလာခံမှာလည်း ဒီလိုမျိုးရှိခဲ့တယ်။ မင်းတို့ပြောချင်တာကို ပြောလိုက်ကြ။ ငါတို့ကတော့ နားထောင်ပေးလိုက်တာ။ ငါတို့ကလည်း ပြောချင်တဲ့ဟာကိုပြောမယ်။ ဒါပေမယ့် ငါတို့သွားနိုင်တဲ့ လမ်းကြောင်းကိုသွားမယ်။ သူတို့ကတော့ပြောမှာပေါ့။ ကျနော်တို့ပြောတဲ့ဟာကို လက်တွေ့ကျကျတောင်းဆိုကြပါ။ ကွန်ဖက်ဒရေးရှင်းဆန်တဲ့ဟာကို မတောင်းဆိုကြနဲ့။ လက်နက်ကိုင်ပြီးတော့မှ ကိုယ်လိုချင်တဲ့ဟာကို ရမယ်မထင်နဲ့ဆိုတဲ့သဘောက အမြဲတမ်းရှိတယ်။ ဒါကြောင့် ကန့်သတ်ချက်မရှိဘူးဆိုတာက နိုင်ငံတကာ၊ ပြည်သူတွေ နားကြားကောင်းအောင်လို့ပဲ ပြောတာလို့ယူဆတယ်။ တကယ်တမ်း မူဘောင်ကိုကိုင်ပြီး ဆွေးနွေးတဲ့လမ်းကတောင် ဘာမှရလာဒ်မရှိတော့ အခုကန့်သတ်ချက်မရှိ လာပြောကြပါဆိုတာက အလွတ်စကားပြောဝိုင်းတစ်ခုလို့မြင်တယ်။ သူတို့ရဲ့ လတ်တလောပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေကို တက်ရောက်ဖို့ နိုင်ငံရေးအရလုပ်တာလို့မြင်တယ်။

မေး။     ။NUCC၊ NUG ဘက်ကလုပ်နေတဲ့ ဖက်ဒရယ်မူကိုရော ဘယ်လိုမြင်လဲ။

ဖြေ။      ။NUCC နဲ့ NUG ကို လူထုကနားလည်မှုလွဲမှာလည်း ကျနော်တို့က စိုးရိမ်တယ်။ ဒါက အင်္ဂလိပ်ဝေါဟာရဆိုတော့ ဘာကဘာလဲဆိုတာ သိပ်မသိတာလည်းရှိနေမယ်ပေါ့။ NUCC က NUG မဟုတ်ဘူး။ NUG မှာက NLD တို့ဘာတို့ပါဝင်တယ်။ NUCC ဆိုတာကကျယ်ပြန့်ပါတယ်။ ဗမာပြည်မှာရှိတဲ့ ၂၀၂၀ မှာ ရွေးကောက်ပွဲမှာနိုင်ထားတဲ့ လွှတ်တော်အင်အားစု၊ အဲဒီကဖွဲ့ထားတဲ့ အစိုးရ။ ဒါ့အပြင် လွှတ်တော်လမ်းကြောင်းနဲ့မဆိုင်တဲ့ ပြင်ပက CSO တွေနဲ့ EAOs တွေပေါင်းစပ်ပြီး ဖွဲ့စည်းထားတာဖြစ်တယ်။ ကျနော်တို့ကတော့ NUCC၊ NUG ထဲမှာ မပါပါဘူး။ လေ့လာသူအနေနဲ့တက်ရောက်ခဲ့တာဖြစ်တယ်။ အဲဒီမှာ ဖက်ဒရယ်မူ သဘောတူကြတယ်ဆိုတာက သိပ်တော့မထူးဆန်းပါဘူး။ အရင်တုန်းက တိုင်းရင်းသား လက်နက်ကိုင်တွေကြားထဲမှာ ညှိနှိုင်းခဲ့ကြတဲ့မူတွေဖြစ်တယ်။ အဲဒီမှာ ကျနော်ပြောခဲ့တာရှိတယ်။ ဖက်ဒရယ်မူ သဘောတူတယ်ဆိုတာက ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနိုင်တဲ့အနေအထား သူတို့မှာမရှိသေးတာကို တွေ့ရတယ်။ မူသဘောတူတယ်လို့ ပြောနိုင်တယ်။ ဘယ်အဖွဲ့အစည်းတွေပါဝင်တယ်။ ဘယ်သူတွေ ဦးဆောင်တယ်ဆိုတာက ပွင့်လင်းမြင်သာမှုနဲ့ စကားပြောနိုင်တဲ့အနေအထား မရောက်သေးဘူး။ ဥပမာ ကရင်ကဘယ်အဖွဲ့၊ ကချင်ကဘယ်အဖွဲ့တွေပါဝင်လဲ ဘယ်သူတွေဦးဆောင်လဲဆိုတဲ့ လူထုကို မတ်ဆေ့ပေးနိုင်တဲ့အနေအထား သူတို့မှာမရှိသေးဘူး။ နောက်တစ်ခုက နိုင်ငံရေးအရ သဘောတူညီချက်ကို ခိုင်မာပီပြင်ပြီးတော့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။

မေး။    ။လက်ရှိ ရခိုင့်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကို ဘာများပြောချင်ပါလဲ။

ဖြေ။     ။ပြည်သူတွေကိုပြောချင်တာတော့ မမေ့မလျှော့ကြဖို့။ အခုရခိုင်ပြည်သူကြားထဲမှာ ဘာတွေ့ ရလဲဆိုတော့ နိုင်ငံရေးတော့မဟုတ်ဘူးပေါ့။ ပြည်သူလူထုကြားမှာ ဘာတွေ့ရလဲဆိုတော့ ဗမာပြည်နိုင်ငံရေးနဲ့ သူတို့နဲ့က ဘာမှမဆိုင်ဘူးဆိုတာမျိုးတွေ့ရတယ်။ ဒါလည်းဟုတ်တယ်။ မဆိုင်ဘူးဆိုတာကလည်း သူတို့ဆီမှာ ဖြစ်တုန်းက ကျနော်တို့ဆီမှာ မဖြစ်ဘူး။ ကျနော်တို့ဆီမှာဖြစ်တုန်းက သူတို့ဆီမှာမဖြစ်ဘူးဆိုတာဟုတ်တယ်။ ဒါပေမယ့်လည်း မဆိုင်ဘူးဆိုတာက စနစ်အားဖြင့်ပြောလို့မရဘူး။ ဖြစ်ပေါ်မှုအရကတော့ မဆိုင်ဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့်လည်း တကယ့်လက်တွေ့က ဗမာပြည်နိုင်ငံရေးထဲမှာ ကျနော်တို့ မပါဝင်သော်လည်း ပါဝင်နေရအုံးမှာဖြစ်တယ်။ ကျနော်တို့ရဲ့ဆန္ဒက ဘယ်လောက်ပဲ သီးခြားလမ်းစဉ်နဲ့သွားတာဖြစ်ပါစေ။ ဒီနှစ်ပေါင်း ၂၀၀ ကျော်လောက်က ကျနော်တို့ နိုင်ငံရေး၊ လူမှုရေး စနစ်တစ်ခုတည်းနဲ့ လည်ပတ်လာရတဲ့ အခါကျတော့ ဒီနေ့ရုန်းထွက်ချင်ပေမယ့်လည်း ဒီနေ့ဆိုတာမဖြစ်နိုင်သေးဘူး။ အဲဒီစနစ်အောက်မှာပဲ လည်ပတ်နေရတုန်းပဲဖြစ်တယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တဲ့အဖွဲ့ကလည်း နိုင်ငံရေးဆွေးနွေးဖို့ သွားလာ နေကြတယ်။ နိုင်ငံရေးပါတီတွေကလည်း NUG နဲ့လက်တွဲသွားတာ။ စစ်ကောင်စီနဲ့ ပူးပေါင်းသွားတာလည်း ဖြစ်နေတယ်။ ဒါကဘာကိုပြလဲဆိုတော့ ကျနော်တို့နိုင်ငံရေးဟာ ဒီနေ့အချိန်ထိ ဗမာပြည်နိုင်ငံရေးထဲက ဆန္ဒအားဖြင့်ကင်းကွာချင်ပေမယ့် လက်တွေ့အားဖြင့်မကင်းနိုင်သေးဘူး။

အခုအချိန်မှာ ကျနော်တို့က နည်းမှန်လမ်းမှန်ကိုရွေးကြဖို့လိုတယ်။ အခုက လက်တွေ့အနေအထားမှာ ဘာတွေ့လဲဆိုတော့ ပြည်နယ်အတိုင်းအတာတစ်ခုမှာ ငြိမ်းချမ်းနေတယ်ဆိုတာတစ်ခုနဲ့ အပျော်အပါး လွန်ကဲကြတာ။ အန်စာဝိုင်းတွေ၊ ကျေးလက်တွေမှာဆိုရင် ပွဲလမ်းသဘင်တွေရှိနေတယ်။ အဲဒါတွေကလည်း အချိန်ကလည်း ကိုဗစ်ကူးစက်မှုတွေ ရှိတယ်။ အခုက ရခိုင်မှာထိုးစစ်ရပ်ထားတာပဲဖြစ်တယ်။ တကယ်တမ်း ပြောမယ်ဆိုရင် သူတို့ရဲ့အာရုံက NUG၊ NLD ကို လှည့်ထားတဲ့အခြေအနေပဲဖြစ်တယ်။ အဲဒီကိစ္စပြီးတော့ ကျနော်တို့ရခိုင်ပြည်ကို လှည့်လာပါလိမ့်မယ်။ အဲဒီအတွက် ကျနော်တို့က နိုင်ငံရေး၊ စစ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ လူမှုရေးအတွက် အစစအရာရာမှာသတိရှိပြီးတော့ အများကြီး ပြင်ဆင်ထားဖို့ လိုတယ်လို့ ပြောချင်တယ်။
DMG။ အခုလို အချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ဗိုလ်မှူးကြီး မင်းထွန်းကို DMG က ကျေးဇူးတင်ပါတယ်။

ခိုင်ရိုးလမေးမြန်းသည်။

ဗီဒီယိုများ