“ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြန်ပြီး ထမ်းဆောင်ချင်ပါတယ်”

“ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြန်ပြီး ထမ်းဆောင်ချင်ပါတယ်”

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာကို တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေအား DMG က ဆက်သွယ်မေးမြန်းထားသည်။

By ခိုင်မင်းညို 22 Jul 2020

မေးမြန်းသူ - ခိုင်မင်းညို| DMG

မေး။    ။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဒေါ်ထုမေအနေနဲ့ ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းအရင်းကို ပထမဆုံးအနေနဲ့ အကျဉ်းချုပ် ပြောပြပေးပါ။

ဖြေ။     ။ အဓိကတော့ ပါတီတစ်ရပ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိတဲ့အခါ တစ်သီးပုဂ္ဂလကို ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီကိစ္စကတော့ ပါတီနဲ့အများကြီး သက်ဆိုင်ပါတယ်။ ရိုးရိုးသားသားပြောရရင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လွှတ်တော်မှာ ရခိုင်ပြည်သူတွေရဲ့အသံ၊ နစ်နာချက်တွေ ပြီးတော့ လက်ရှိရခိုင်ပြည်ရဲ့အခြေအနေတွေကို လာမယ့် ၅ နှစ်အတွင်းမှာလည်း အများကြီးလုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။

ကျွန်မဟာ လွှတ်တော်ထဲမှာ ၅ နှစ်နီးပါးထိ တစ်သီးပုဂ္ဂလနီးပါးအဖြစ် ရပ်တည်ခဲ့ရတဲ့အခြေအနေမှာရှိတော့ အခုလာမယ့် ၅ နှစ်သက်တမ်းမှာလည်း တစ်သီးပုဂ္ဂလအဖြစ်ရပ်ဖို့ဆိုတာ အခက်အခဲများစွာရှိတဲ့အတွက်မို့လို့ ကျွန်မရဲ့နိုင်ငံရေး ဆက်လက်ရှင်သန်ဖို့ရယ်၊ ရခိုင်ပြည်သူတွေကို ဆက်လက်ကိုယ်စားပြုဖို့၊ အဲဒါတွေကြောင့်မို့လို့ အခုလို တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရွေးချယ်ရတာဖြစ်ပါတယ်။

မေး။    ။ ဆိုတော့ အစိုးရ ၂ ဆက်တိုင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်နေတဲ့ ဦးဇော်အေးမောင်ဟာ လာမယ့်ရွေးကောက်ပွဲမှာ အဲဒီနေရာမှာဝင်ပြိုင်ဦးမယ်လို့လည်း သတင်းတွေထွက်နေတယ်။ ဆိုတော့ ဒေါ်ထုမေကလည်း အသစ်တစ်ယောက်အနေနဲ့ ယှဉ်ပြိုင်ဖို့အတွက် ဘာတွေပြင်ဆင်ထားပါလဲ။

ဖြေ။     ။ ကျွန်မရဲ့ ၅ နှစ်တာလွှတ်တော်မှာ ဆောင်ရွက်ချက်တွေဟာ ရခိုင်ပြည်သူအတွက် သက်သေပြနိုင်တဲ့ နိုင်ငံရေးဖြတ်သန်းမှု၊ ကျွန်မရဲ့နိုင်ငံရေးခံယူချက်နဲ့ ရခိုင်ပြည်သူတွေအတွက် ကြိုးပမ်းခဲ့တဲ့ ၅ နှစ်တာကို ရခိုင်ပြည်သူတွေ သိကြမယ်လို့ထင်ပါတယ်။

အဲဒီကမှတစ်ဆင့် ရန်ကုန်တိုင်းကိုဝင်ဖို့ပြင်ဆင်တဲ့အခါ ကျွန်မမှာ အားနည်းချက်တွေ၊ အားသာချက်တွေ အများကြီးရှိတယ်။ ကိုယ့်ထက် ၁၀ နှစ်စောပြီးတော့လုပ်ထားတဲ့ လက်ရှိဝန်ကြီးမှာက ပါတီလည်းရှိတယ်။ ကျွန်မမှာကအသစ် စပြီးတော့ အစစအရာရာ ကြိုးစားရုံးကန်ရဖို့ အခြေအနေမှာရှိတယ်။ ကျွန်မဟာ နိုင်ငံရေးလောကကို စရောက်ကတည်းက ဆုံးဖြတ်ထားတာက ငါဟာနိုင်ငံရေးလောကထဲမှာ ရှိနေသမျှ နိုင်ငံရေးသြဇာသုံးပြီးတော့ ကိုယ်ကျိုးမရှာဖို့ဆိုတာ ကျွန်မရဲ့နိုင်ငံရေးဂုဏ်သိက္ခာပေါ့၊ အဲဒီဂုဏ်သိက္ခာကြောင့် ကျွန်မကို မဲပေးမယ်လို့ ယုံကြည်ပါတယ်။

နောက်တစ်ခုက ကျွန်မဟာ လူငယ်အမျိုးသမီးဖြစ်တယ်။ ခေတ်ပညာနဲ့အညီ ဆောင်ရွက်နိုင်တဲ့ လူငယ်တစ်ယောက်လို့ ခံယူထားတယ်။ ပြီးတော့ လူငယ်တွေအများကြီးက ဒီနေရာမှာ အသစ်ထမ်းဆောင်ဖို့ ကိုယ်စားလှယ် သူတို့လိုချင်ကြမယ်လို့ ထင်ပါတယ်။

မေး။    ။တကယ်လို့ တိုင်းရင်းရေးရာဝန်ကြီးတာဝန်ကို ရနိုင်ခဲ့ရင် ဘာတွေကို အဓိကထားပြီး လုပ်ဆောင်သွား မှာလဲ။

ဖြေ။     ။အရွေးချယ်ခံရလို့ရှိရင် ရန်ကုန်နေ ရခိုင်လူငယ်တွေရဲ့ ပညာရေးကို အဓိကလုပ်ဆောင်မယ်။ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း၊ ပြီးတော့ ရခိုင်ပြည်နယ်မှာလိုအပ်တဲ့ ကဏ္ဍတွေကို ရန်ကုန်က လုပ်ဆောင်ပေး နိုင်အောင်ကြိုးစားပေးဖို့ရယ်။ အထူးသဖြင့် ရန်ကုန်မှာနေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေရဲ့လိုအပ်ချက်တွေကို ပြည်သူနဲ့ပူးပေါင်းပြီးတော့ ဘာတွေကိုဆောင်ရွက်ပေးပါဆိုတဲ့ ကဏ္ဍတွေရှိလာမယ်။ လက်ရှိမှာ ယဉ်ကျေးမှုနဲ့ စာပေတွေကို ဆောင်ရွက်လို့ရတယ်။ ရခိုင် Youth Center တစ်ခုကိုလုပ်ဆောင်သွားမယ်။ ဒါတွေကို ၅ နှစ်တာ Plan ချပြီး သေရှာဆောင်ရွက်သွားမယ်။ တစ်ခြား လုပ်ဖူးခဲ့တဲ့ဝန်ကြီးတွေထက် စွမ်းဆောင်ရည်ရှိအောင် ကျွန်မ ကြိုးစားသွားဖို့ ရှိပါတယ်။

မေး။    ။အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ လုပ်ပိုင်ခွင့်နည်းပြီးတော့ ချောင်ထိုးခံထားရသလို ဖြစ်နေကြတာပေါ့။ ဆိုတော့ ဒေါ်ထုမေက တစ်သီးပုဂ္ဂလအနေနဲ့ လွှတ်တော် အခင်းအကျင်းကိုမသွားဘဲ ဒီတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ဖို့ဆုံးဖြတ်တာဟာ လွှတ်တော်မှာထက် ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ ယူဆလို့လား။

ဖြေ။     ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့တာဝန်နဲ့ တိုင်းတစ်ခုရဲ့ရေးရာဝန်ကြီး တစ်ယောက်ရဲ့လုပ်ရတဲ့အခြေအနေဟာ အများကြီးကွဲပြားပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ နိုင်ငံရေးစိတ်ဓါတ်က မကွဲပြားဘူး။ အဲဒါကဘာလဲဆိုရင် အစိုးရအဖွဲ့က သူ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေအရ လုပ်ရတဲ့ကဏ္ဍတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်မမှာ နိုင်ငံရေးခံယူချက်ရှိတယ်၊ နိုင်ငံရေးအရရပ်တည်တဲ့ စံတစ်ခုရှိပါတယ်၊ အဲဒါ ဘာလဲဆိုရင် ဖန်တီးမှုပါ။

သာမန်အခြေအနေမှာ သာမန်ပဲရပ်တည်ရသလို အကျပ်အတည်းရောက်နေတဲ့ အခါမှာလည်း ဖန်တီးမှုတွေကို မိမိကိုယ်တိုင် ဖန်တီးဖို့လိုပါတယ်။ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေနဲ့ လုပ်ရမယ့် ကဏ္ဍတွေရှိလာတော့ အဲဒီ ဥပဒေထဲမှာမှ ပြည်သူအတွက် လုပ်ဆောင်နိုင်တဲ့အရာဟာ အဲဒီတာဝန်ကိုယူတဲ့ လူတစ်ယောက်နဲ့ အများကြီး သက်ဆိုင်တယ်။ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ ပေးထားတဲ့ဘောင်အတွင်းမှာပဲ လုပ်လို့ရသလို ပေးထားတဲ့ဘောင်းအတွင်းထဲကပဲ ကိုယ့်ရဲ့ဖန်တီးမှုနဲ့ကြိုးစားလို့ရတဲ့ အခြေအနေအများကြီးရှိတယ်။ ဒါကတော့ ဝန်ကြီးတစ်ယောက်ရဲ့ စွမ်းရည်နဲ့ အများကြီးဆိုင်ပါတယ်။

မေး။    ။ ဒေါ်ထုမေဟာ NLD စိုးမိုးထားတဲ့ လွှတ်တော်ရဲ့ (၅)နှစ်တာကာလအတွင်းမှာ ရခိုင်တွေရဲ့အသံတွေကို အများကြီး ထုတ်ပေးနိုင်ခဲ့တာပေါ့။ ဆိုတော့ အဲဒီလိုထုတ်ပေးနိုင်ခဲ့တာတွေဟာ လက်တွေ့မှာ တကယ့်အကျိုး သက်ရောက်မှုရှိခဲ့တယ်လို့ ထင်ခဲ့ပါသလား။

ဖြေ။     ။ အားရကျေနပ်မှု မရှိတာကတော့ သေရှာတယ်။ လွှတ်တော်မှာ လူနည်းစုတိုင်းရင်းသားတွေက တက်လာတဲ့ အခြေအနေတွေကို ဆုံးဖြတ်ဖို့မပြောနဲ့ ဆွေးနွေးဖို့မရတဲ့ အခြေအနေတွေအများကြီးရှိပါတယ်။ လွှတ်တော်မှာတောင်မှ လူနည်းစုရဲ့အခွင့်အရေးကို ပေးရဖို့ဆိုတဲ့အရာကို သိရှိဖို့အတွက် အများကြီး ရုန်းကန်ရတဲ့ အခြေအနေရှိတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်ခဲ့သလောက် ရလာဒ်ကတော့ မထင်ပါ။

ဒါပေမယ့် လုပ်သမျှတော့ အောင်မြင်ရမယ်လို့မဆို၊ ကျွန်မအနေနဲ့ကတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ကို ကျေပွန်ခဲ့တယ်လို့ ခံယူပါတယ်။ အောင်မြင်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ရင်လည်း အောင်မြင်ဖို့အတွက် ကျွန်မလုပ်ဆောင်ပါမယ်၊ အလုပ်လုပ်နေဖို့ပဲ လိုပါတယ်။ ငြိမ်နေလို့မရဘူး။ ရခိုင်ပြည်သူတွေအတွက် ထောက်ပြဝေဖန်ချက်တွေကို သူတို့မသိကျိုးကျွန်ပြုရင်လည်း သူတို့ကြားပါတယ်။

မေး။    ။ နောက်တစ်ခုက ဒေါ်ထုမေဟာ ALD ပါတီဝင်တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် ANP နဲ့ ပြဿနာ ကတော့ လူတိုင်းသိကြတာပေါ့နော်။ အခု ဒီလိုမျိုးကြုံတွေနေရတဲ့ အခြေအနေရှိတော့ တစ်သီးပုဂ္ဂလ အဖြစ်ဝင်ပြိုင်မှာပေါ့။ တကယ်လို့ ဝင်မပြိုင်ဘဲနေလိုက်ရင် နိုင်ငံရေးဂုဏ်သိက္ခာပိုပြီး ရှိလိမ့်မယ်လို့ နိုင်ငံရေးအသိုင်းဝန်းတစ်ချို့ရဲ့သုံးသပ်နေကြတဲ့အပေါ် ဘာများပြောချင်ပါလဲ။

ဖြေ။    ။ ကိုယ့်ရဲ့နိုင်ငံရေးဂုဏ်သိက္ခာအရ အလုပ်လုပ်ဖို့လိုတယ်။ ဒီအချိန်မှာ နိုင်ငံရေးရပ်လိုက်လို့ရှိရင် ကိုယ့်ကို နိုင်ငံရေးအရ သတ်ချင်တဲ့လူတွေရဲ့ စိတ်တိုင်းကျဖြစ်သွားမယ်။ ဒီအချိန်ဟာ ရခိုင်ပြည်သူတွေကို ဝန်ဆောင်မှုပေးပြီးတော့ ရပ်တည်ပေးရမယ်ဆိုတာ မှန်ကန်တဲ့အချိန်ပါ။ ရခိုင်ပြည်သူရဲ့ အမျိုးသားအကျိုး စီးပွားကိုလိုလားတဲ့ ရခိုင်အမျိုးသမီးတစ်ယောက်အနေနဲ့ ၅ နှစ်အတွင်းမှာ ကျန်တဲ့ကိစ္စတွေကို လုပ်ပြီးတော့ မနေနိုင်။ ဘာလို့ဆိုရင် ကျွန်မကိုယ်၌က နိုင်ငံရေးသမားဖြစ်နေတယ်။ ဒီနေရာကို ဝင်ရောက်ယှဉ်ပြိုင်တာလည်း အလုပ်လုပ်ဖို့အတွက်ပါ။ ကျွန်မမှာ ရခိုင်လူငယ်အတွက် အိမ်မက်ကောင်းတွေ အများကြီးရှိပါတယ်။ အနာဂတ် အတွက်ပြင်ဆင်ဖို့ အလုပ်လုပ်မှာဖြစ်ပါမယ်။ ဒီလိုဝင်ပြိုင်တာလည်း နိုင်ငံရေးဂုဏ်သိက္ခာအရ ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်တယ်။ ကျွန်မ နိုင်ငံရေးနဲ့ ကင်းကွာသွားမှာကို စိုးရိမ်ပါတယ်။

မေး။    ။ဒေါ်ထုမေအနေနဲ့ နောက်ထပ်ဘာများဖြည့်စွက် ပြောချင်ပါသလဲ။

ဖြေ။     ။ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြန်ပြီး ထမ်းဆောင်ချင်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ဖြစ်ပျက်နေတဲ့အခြေအနေတွေကို လွှတ်တော်ထဲမှာ ပြီးခဲ့တဲ့ ၅ နှစ် တာ ကာလအတွင်းကလိုပဲ ကိုယ်စားပြုပြီးတော့ တိုက်တွန်းပြောဆိုချင်ပါတယ်။ ကျွန်မဟာ လွှတ်တော်ထဲမှာ သိုးကြားထဲက ယုံငယ်တစ်ကောင်လို နေခဲ့ရပေမယ့် ကျွန်မဟာ နိုင်ငံရေးသမားဖြစ်တဲ့အတွက် ဒါကိုမမှုခဲ့ပါ။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ရွေးချယ်လိုက်ခြင်းဟာ ANP က သွားလို့မရသလို ကိုယ့်မိခင်ပါတီ ALD ကလည်း မရဖြစ်နေတော့ ရခိုင်ပြည်သူတွေရဲ့အကျိုးကို လက်တွေ့ကျကျလုပ်ဖို့ရယ်၊ ရခိုင်လူငယ်တွေကို တည်ဆောက်ပြီးတော့ မဝေးတော့တဲ့အနာဂတ်မှာ ရခိုင်ပြည်နယ်ဟာ ဖက်ဒရယ်ဖြစ်လာလို့ရှိရင် ဒီလူငယ် တွေဟာ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ဖို့ လူသားစွမ်းအင်အရင်းအမြစ်ကို ပြန်ပြီးထူထောင်ဖို့လိုမယ်။ နောက်ပြီးတော့ ရန်ကုန်မှာရှိတဲ့ ရခိုင်သားတွေရဲ့အားကိုယူပြီး အကူအညီလိုအပ်နေတဲ့ ရခိုင်ပြည်သူတွေ အတွက် ပြန်လည်ကြည့်ဖို့ စတဲ့ဒီလိုမျိုးအခြေအနေတွေအတွက် ကျွန်မအနေနဲ့ အခုလို အကျပ်အတည်းကြားမှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်တဲ့အပေါ် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ဒေါ်ထုမေကို ကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ