ဒေါက်တာအေးမောင်ကို လာမယ့်ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေငြာချက်အပေါ် သုံးသပ်ချက်များ

အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ(၁၈)ရက်နေ့တွင် ကြေငြာလိုက်သည်။ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် ငြိစွန်းနေသဖြင့် ဒေါက်တာအေးမောင်အား နောင်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲများတွင်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း...

By ဝင်းညွန့် 23 May 2020

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ(၁၈)ရက်နေ့တွင် ကြေငြာလိုက်သည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် ငြိစွမ်းနေသဖြင့် ဒေါက်တာအေးမောင်အား နောင်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲများတွင်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း ၎င်းကြေငြာချက်တွင် ဖော်ပြသည်။

၂၀၁၈ ခုနှစ်က ရသေ့တောင်မြို့တွင် ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲအတွင်း ဟောပြောချက်များနှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင် နှင့် စာရေးဆရာဝေဟင်အောင် တို့ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်။ ယင်းနောက် တရားရုံးအဆင့်ဆင့်သို့ အယူခံတက်ခဲ့သော်လည်း မူလတရားရုံး၏အမိန့်ကို အတည်ပြုခဲ့သည်။

ယင်းသို့ နိုင်ငံရေးသမား၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်လိုက်သည့်အပေါ် နိုင်ငံရေးသုံးသပ်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားအမြင်များကို DMG သတင်းထောက် ဝင်းညွန့်က စုစည်းတင်ပြထားသည်။ 

ဒေါ်အေးနုစိန် (ပြောရေးဆိုခွင့်ရှိသူ)
ရခိုင်အမျိုးသားပါတီ (ANP)

လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းစည်းကမ်းအရ ပြစ်ဒဏ်ကျခံနေရတဲ့ အယူခံပြင်ဆင်မှု အဆင့်ဆင့် မအောင်မြင်ခဲ့တဲ့ မူလအမိန့်အတည်ဖြစ်သွားတဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာရှိနေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်တယ်ဆိုတာဟာ လုပ်ထုံးလုပ်နည်း တစ်ပိုင်းဖြစ်တယ်။
အဲဒီလို ပယ်ဖျက်တယ်ဆိုတဲ့ကိစ္စမှာ ရွေးကောက်ပွဲဥပဒေမှာ ဒီနိုင်ငံတော်ပုန်ကန်မှုနဲ့ ပတ်သက်လားဆိုရင် ပတ်သက်သွားတဲ့လူတွေကို နောက်ထပ် ရွေးကောက်ပွဲတွေမှာ ဝင်ခွင့်မရှိဆိုသော ပြဌာန်းချက်ကိုပါ ညွှန်းပြီးတော့ ထုတ်ပြန်တယ်ဆိုတာကတော့ ဒေါက်တာအေးမောင်အပေါ်မှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေးထိခိုက်မှုဟာ ဘယ်လောက်ထိ အတိုင်းအတာသွားလဲဆိုတာကို အများပြည်သူတွေ သိရှိသွားစေချင်တဲ့ ဆန္ဒပါတယ်လို့ သုံးသပ်ရမယ်။

နောက်တစ်ချက်က နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ ပုဒ်မမျိုးဟာ နိုင်ငံ၊ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့အထိ ကိစ္စတွေ။ နိုင်ငံရေးသီအိုရီမှာက အောင်နိုင်ရင် အုပ်ချုပ်သူလူတန်စား ဘုရင်ဖြစ်တယ်။ ရှုံးနိမ့်ရင်သူပုန်ဖြစ်တယ်။ အဲဒါဟာ ကမ္ဘာ့နိယာမ သဘောတရား။ အဲဒါကိုမှ နိုင်ငံရေး ရေးရာဖြစ်တဲ့ လွှတ်တော်အခင်းအကျင်းထဲမှာ အဲဒီလို ပြစ်မှုကျုးလွန်တဲ့သူတွေကို မပါရဘူးလို့ ကန့်သတ်တဲ့အရာက နိုင်ငံရေးနဲ့ ဆက်နွယ်ခဲ့တဲ့သူတွေကို နိုင်ငံရေးနဲ့မပါရအောင် ဥပဒေလုပ်ပြီး ကန့်သတ်ရာရောက်တယ်။
ဥပဒေနဲ့ ဘယ်လောက်ပဲ ဖယ်ထုတ်သင့်တယ်လို့ ထည့်သွင်းပြဋ္ဌာန်းနေပါစေ နိုင်ငံတော်ပုန်ကန်မှုဆိုတာဟာ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေသာ ကျူးလွန်ကြတာ။ နိုင်ငံရေးကို လူတိုင်းမလုပ်ဘူး။
ဒါကြောင့် ဒီပြစ်မှုဟာ ဒီနိုင်ငံရေးလုပ်တဲ့ လွှတ်တော်အခင်းအကျင်းထဲမှာ မပါဝင်ရဆိုတဲ့ဟာက နိုင်ငံရေးသမား၊ နိုင်ငံရေးလုပ်တဲ့သူတိုင်းကို အကြီးကျယ်ဆုံး ကန့်သတ်မှုနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။ 

ဦးမြအေး (ခေါင်းဆောင်)
ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု

အခုလိုမျိုး ရခိုင်ပြည်နယ်မှာ ပြည်တွင်းစစ်ကြီး တောက်လောက်နေတဲ့အချိန်မှာ ဒီလိုမျိုးလုပ်ရပ်တစ်ခု လုပ်လိုက်ခြင်းဟာ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့အတွက် အားပေးရာမရောက်ဘူးလို့ ကျနော်ကတော့ မြင်တယ်။
ဒီအချိန်မှာ နိုင်ငံရေးအယူအဆတွေ ဘယ်လောက်ပဲ ကွဲလွဲမှုရှိရှိ၊ နိုင်ငံရေးသမားအကျဉ်းသားဆိုတာ ထောင်ထဲမှာ မရှိသင့်ဘူးလို့မြင်တယ်။ ကျနော်တို့နဲ့ အယူအဆကွဲသည်ဖြစ်စေ၊ အစိုးရနဲ့ အယူအဆကွဲသည်ဖြစ်စေ ဒီအချိန်မှာ နိုင်ငံရေးအကျဉ်သားဟာ မရှိသင့်ဘူး။

အခု ဒေါက်တာအေးမောင်ကို ထောင်ချပြီး မလွှတ်ပေးတဲ့ကိစ္စတောင်မှ ကျနော်တို့က ဝေဖန်တာတွေရှိတယ်။ ဆိုတော့ အခုလိုမျိုး ရွေးကောက်ပါဝင်ခွင့်မရှိဘူးလို့ ကြေညာလိုက်တယ်ဆိုတော့ ရခိုင် တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ တစ်ခုခုခံစားသွားရင် တိုင်းပြည် အထွေထွေတည်ဆောက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး ကိစ္စတွေကို အထိအခိုက်ဖြစ်နိုင်တယ်လို့ ကျနော်မြင်ပါတယ်။

ဦးမောင်မောင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ရာသက်ပန် ရွေးကောက်ပွဲဝင်ခွင့်မရှိဘူး ဆိုတာကတော့ နိုင်ငံရေးအရ ကျနော့်အနေနဲ့ကတော့ လက်ခံနိုင်မှုမရှိဘူးပေါ့။ လောလောဆယ် သက်တမ်းမှာ သူရွေးကောက်ပွဲမခံရဘူး၊ ရွေးကောက်ပွဲကိုယ်စားလှယ်က ရပ်တန့်တာက ထောင်ထဲရောက်နေလို့ ပြဿနာက တစ်ပိုင်းပေါ့။

ဒါပေမယ့် ရာသက်ပန် ရွေးကောက်ပွဲဝင်ခွင့် မရှိဘူးဆိုတာကတော့ ဒါက ဥပဒေနဲ့ နိုင်ငံရေးမှာ ပြဿနာရှိတယ်။ အဲတော့ နိုင်ငံတော်ပုန်ကန်မှုဆိုတာက ကျနော်တို့ မြန်မာပြည်မှာသုံးတဲ့ နိုင်ငံတော် ပုန်ကန်မှုတို့၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဆိုတာက တည်ဆဲအစိုးရကို ပုန်ကန်တာတို့၊ တည်ဆဲအစိုးကို အကြည်ညိုပျက်စေတာတို့၊ တည်ဆဲအစိုးရကို ဆန့်ကျင်တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ လက်ရှိ NLD အစိုးရထဲမှာရော၊ လွှတ်တော်ထဲမှာရော ရောက်နေတဲ့သူတွေဟာ နဝတ၊ နအဖခေတ်က ဒီလိုနိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စီးမှုတွေနဲ့ အပြစ်ဒဏ်ခံရတဲ့သူတွေ အများကြီးပါတယ်။ အဲတော့ ဒါက မသင့်ဘူးလို့ ထင်ပါတယ်။ ဒါပထမပိုင်းပေါ့။

ဒုတိယအပိုင်း ဥပဒေအရပြောရမယ်ဆိုရင် ကျနော်တို့ ပြည်သူ့လွှတ်တော်ဥပဒေကို (၂၀၁၀) မတ်လ(၈)ရက်လောက်ကနေပြီးတော့ နအဖက ပြဌာန်းခဲ့တယ်။ ပြဌာန်းတဲ့အထဲ ပုဒ်မ (၈၈)မှာ အဲဒီတုန်းက ပြစ်ဒဏ်ကျခံတာတို့၊ ပြီးလို့ရှိရင် လက်ရှိသက်တမ်းရယ်၊ နောက်လာမယ့်သက်တမ်းရယ်။ သက်တမ်း (၂)ခု ရွေးကောက်ခံခွင့် မရှိဘူးဆိုတာပါတယ်။

ဒါပေမယ့် (၂၀၁၁) ပြည်ခိုင်ဖြိုးလွှတ်တော်ခေတ်မှာ ပြည်ခိုင်ဖြိုးက သူတို့ရဲ့သက်တမ်းကုန်ခါနီးမှာ ပြင်တယ်ဗျာ။ လွှတ်တော်က ဆုံးဖြတ်လား၊ မဆုံးဖြတ်လားတော့ ကျနော်မသိဘူး။ ဒါပေမယ့် ဆုံးဖြတ်ရင်လည်း ပြည်ခိုင်ဖြိုးက နိုင်မှာပါ။

အဲဒီ ပုဒ်မ (၈၈)မှာ ပိုဒ်ခွဲ (က)တို့၊ (ခ)တို့ ထည့်လိုက်တယ်။ အဲဒီတော့ (က) က ဘာဖြစ်သွားလဲဆိုတော့ နိုင်ငံပုန်ကန်မှုနဲ့ အဖမ်းခံရသည်ဖြစ်စေ၊ သေဒဏ်(သို့မဟုတ်) တစ်သက်တစ်ကျွန်းပေါ့နော်။ ပြစ်မှုတစ်ခုကျူလွန်းခဲ့လို့ရှိရင် နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ခွင့်မရှိဘူးလို့ ပိုဒ်ခွဲ(က)ထဲမှာ ထည့်လိုက်တယ်။ ထည့်လိုက်ပြီး အဲဒီဥပဒေက ဘယ်တော့ အတည်ဖြစ်သွားလဲဆိုတော့ (၂၀၁၆) ဦးသိန်းစိန်အစိုးရဆင်းခါနီးမှာ ဦးသိန်းစိန်လက်မှတ်ထိုးပြီး အတည်ပြုထားခဲ့တယ်။

အဲတော့ ရွေးကောက်ပွဲကော်မရှင်ဥပဒေက ပြည်ခိုင်ဖြိုးလက်ထက်မှာ (၂၀၁၆)မှာ ပြင်လိုက်တာ ဖြစ်သွားပြီ။ အဲတော့ အခုလိုအပ်နေတာကဘာလဲဆိုတော့ အဲဒီဥပဒေက တရားမျှတမှု မရှိဘူး။ အစိုရ တစ်ရပ်ကို နိုင်ငံတော်ပုန်ကန်တယ်၊ နိုင်ငံတော်ဆန့်ကျင်တယ်၊ နိုင်ငံတော် အကြည်ညိုပျက်စေတယ် ဆိုတာ ပြည်ထဲအစိုးရကိုပဲ ပြောတာ။ အဲတော့ နအဖခေတ်က ပုန်ကန်တဲ့သူတွေတောင် ပြန်အရွေးခံရရင် အခုလိုဒီမိုကရေစီခေတ်မှာလည်း ဒီလိုနိုင်ငံရေးပြဿနာတွေ ကြုံလာလို့ရှိရင် ပြန်အရွေးခံခွင့်ရှိရမှာပဲလေ။ လိုအပ်တာက NLD အများဆုံးပါတဲ့ လွှတ်တော်သည် ဒီပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၈(က)ကို ပြင်ဖို့လိုအပ်တယ်။ အဲတော့ ဒီဟာကို မပြင်ဘဲနဲ့ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးလ့ို ထင်ပါတယ်။

ဦးကျော်လွင် (နာယက)
ရခိုင်ဦးဆောင်ပါတီ (AFP)

ကျနော့်အမြင်ကတော့ ဒီကြေညာချက်ဟာ မလိုအပ်ဘဲထုတ်တဲ့ ပုံစံမျိုးလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါက်တာအေးမောင်က စာပေဟောပြောတာကို သူတို့က နိုင်ငံတော်ပုန်ကန်မှုနဲ့ စွဲတာ။ အဲဒီကတည်းက မှားတယ်။

ဘယ်လိုဖြစ်ဖြစ် စာပေဟောပြောတယ်ဆိုတာ နိုင်ငံတော်ပုန်ကန်မှု မမြှောက်ဘူး။ နိုင်ငံတော်ပုန်ကန်မှု မြှောက်မယ်ဆိုရင် သူက လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ဆက်သွယ်တယ်။ ဥပမာ - သူလက်နက်ကိုင်ဖို့ကြိုးစားတယ်၊ သို့မဟုတ် အဲဒီအဖွဲ့အစည်းကို ထောက်ပံ့တယ်ဆိုတဲ့ ပုံစံတစ်ခုခုနဲ့မှသူငြိတာ။ စာပေဟောပြောနေတာကို နိုင်ငံံပုန်ကန်ဖို့ လုပ်နေတယ်ဆိုပြီး ဖမ်းကတည်းက လွဲနေပြီ။

သူ အယူခံတွေတက်ခဲ့တယ်။ ဒါပေမယ့် အယူခံတာ တစ်ခုမှ မအောင်မြင်တော့ သူ့ကိုထောင်ချလိုက်ပြီ။ အခုမှလာပြီး သူ့ကို လွှတ်တော်ကိုယ်စားလှယ်ကနေ ထုတ်ပယ်လိုက်တယ်။ နောက်တစ်ချက်က နောက်ရွေးကောက်ပွဲတွေမှာလည်း ယှဉ်ပြိုင်ခွင့်မရတော့ဘူးဆိုတဲ့ ကြေညာချက်ထုတ်တယ်။ အဲဒီတော့ လက်ရှိရခိုင်ပြည်နယ်အခြေအနေမှာ စစ်ရေးပြင်းထန်နေတဲ့အချိန်ဖြစ်တယ်။ အဲဒီစစ်ရေးပြင်းထန်နေတဲ့အချိန်မှာပဲ ဒေါက်တာအေးမောင်ကို အဲဒီလို ကြေညာချက်ထုတ်တာကတော့ လုံးဝမကောင်းဘူးလို့ပဲ ကျနော်မြင်တယ်။ 

စောစံငြိမ်းသူ (ဥက္ကဋ္ဌ)
ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့

ကျမတို့က ဒေါက်တာအေးမောင်ကို ရခိုင်ခေါင်းဆောင်တစ်ယောက် ဆိုတာထက် တခြားတိုင်းရင်းသား လူမျိုးပေါင်းစုံအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာနဲ့ သက်ဆိုင်တဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ သိမြင်ထားတယ်။

အဲဒီတော့ ဒေါက်တာအေးမောင်လို အရည်အချင်းရှိတဲ့ လူတစ်ယောက်ဟာ လွှတ်တော်ထဲရှိခြင်းအားဖြင့် တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုအတွက် အများကြီး အကြံပြုနိုင်မယ်လို့ မျှော်လင့်ထားတာရှိတယ်။ ဆိုတော့ အခုလို ဒေါက်တာအေးမောင်ကို ကန့်သတ်ချုပ်ချယ်ထားတာဟာ ရခိုင်ပြည်သူတွေအတွက် နှစ်နာဆုံးရှုံးမှုတောင်မကဘူး၊ မြန်မာတစ်နိုင်ငံလုံး အတိုင်းတာအနေနဲ့ နစ်နာဆုံးရှရှုံးမှုဆိုပြီးတော့ ကျမအနေနဲ့ သုံးသပ်ပါတယ်။

ရွေးကောက်ပွဲ ဝင်မပြိုင်ရဘူးဆိုတာက နိုင်ငံရေးအရ လုံးဝကန့်သတ်ချုပ်ချယ်ထားလိုက်တဲ့ အနေအထားတစ်ခုလို့ ယူဆပါတယ်။ ထောင်က ဘယ်အချိန်ပြန်လွတ်လာမလဲဆိုတဲ့ အနေထားတစ်ခုမှာ အခု ရွေးကောက်ပွဲတွေအတွက်ပါ ကန့်သတ်လိုက်တယ်ဆိုတာက သူ့ကို အကန့်အသတ်မရှိ ထောင်ထဲမှာထားမယ်ဆိုတဲ့ ပုံစံမျိုးကို သွယ်ဝိုက်လို့ပြောတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တယ်လို့ ကျမ သုံးသပ်မိပါတယ်။

ဗီဒီယိုများ