လူငယ်တွေက ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိုးကို လိုလားနေကြသလဲ

တစ်ချို့တွေက အာဏာရရင်ပြောင်းသွားကြတယ်။ တာဝန်ခံယူ၊ တာဝန်ယူမှုကို ပြောရင်ပြောတဲ့အတိုင်း သူအာဏာ မရင်ခင်ဘာပြောခဲ့လဲ၊ အာဏာရရင်ကော သူလုပ်နေတာက၊ သူပြောခဲ့တဲ့အတိုင်းလား အဲဒီလို မျိုးပေါ့။ သူပြောခဲ့တဲ့အတိုင်း သူအာဏာရတဲ့အခါလုပ်ခဲ့ရင်တော့ မဲပေးရတာတန်ပါတယ်။

21 Sep 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်း လေးသောင်းကျော်ရှိနေပြီး ယင်းအထဲတွင် (First time voters)ပထမဆုံးအကြိမ်မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင် ဦးရေ ၂ သိန်းကျော်ခန့်ပါဝင်ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

လူငယ်များအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မည်ကဲ့သို့သော လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ် မဲပေးကြမည်ဆိုသည်ကို DMG သတင်းထောက် ခင်သရဖီဦးက လူငယ်တချို့အားမေးမြန်ထားသည်။

ကိုမျိုးမင်းသူ (စစ်တွေမြို့နယ်၊ ရခိုင်ပြည်နယ်)

ကျွန်တော် personal အရဆိုရင် စစ်တွေနဲ့ပတ်သတ်ပြီးတော့ ပညာရေးကဏ္ဍာနဲ့ စီးပွားရေးကဏ္ဍာကို သိချင်တာကြောင့် အဓိကမဲပေးဖို့အတွက်ကို ပညာရေးကဏ္ဍာနဲ့ စီးပွားရေးကဏ္ဍာကို ပေါ်ပေါ်ထင်ထင် ပြည်သူတွေရှေ့မှာချပြနိုင်မယ့်သူ၊ ပြည်သူတွေမေးလာတဲ့မေးခွန်းတွေကို ဖြေနိုင်မယ့်သူကို မဲပေးချင်ပါတယ်။

ပညာရေးကဏ္ဍာပေါ့နော်၊ ပညာရေးကဏ္ဍာလို့ပြောလိုက်တဲ့အခါမှာ ကျောင်းဆောက်ပေးတာတွေ၊ တိုးတက် ရေးလို့ပြောတဲ့အခါမှာ တံတားဆောက်ပေးတာတွေ၊ ကျောင်းဆောက်ပေးတာတွေလောက်နဲ့ပြီးနေတဲ့ လွှတ်တော်အမတ်တွေထက် ပညာရေးလို့ပြောလိုက်ရင် အဲဒီပညာရေးကို နိုင်ငံတကာအဆင့်မီအောင် ဘယ်လိုမျိုးရှေ့ဆက်နိုင်မလဲ။ ဥပမာ-စစ်တွေတက္ကသိုလ်လို့နေရာမျိုးမှာ နိုင်ငံရေးသိပ္ပံလို ပညာရပ်တွေကို သင်ကြားနိုင်ဖို့အတွက် ဘယ်လိုကြိုးစားပေးနိုင်မှာလဲပေါ့။ အဲဒီအမတ်တွေက နောက်ထပ် Social sciences လိုမျိုး ပညာရပ်မျိုးတွေ၊ နောက်ပြီးတော့ development ဖြစ်နေတဲ့ပညာရပ်တွေကို ရခိုင်ပြည်နယ် အတိုင်း အတာနဲ့သင်ယူနိုင်မယ်၊ တတ်မြောက်နိုင်ဖို့အတွက် ဘယ်လောက်ထိလုပ်ပေးနိုင်မှာလဲ။

အခုရခိုင်ဒေသမှာရှိနေတဲ့ စီးပွားရေးမှာအချက်အချာကျတဲ့ လမ်းပန်းဆက်သွယ်မှုကို ဘယ်လို ကောင်းမွန်အောင်လုပ်ပြီးတော့ စီးပွားရေးကဏ္ဍာကို ဘယ်လိုတိုးတက်အောင်လုပ်မလဲပေါ့နော်။ စီးပွားရေး ကဏ္ဍာမှာဆိုရင် အများကြီးလုပ်ပေးလို့ရတဲ့ ကဏ္ဍာတွေရှိတယ်။ နိုင်ငံတကာကိုချိတ်ပြီးတော့ ရှေ့ဆက် သွားလို့ရမယ့်ကဏ္ဍာတွေရှိတယ်ပေါ့နော်။ အဲဒါတွေကိုကော ဘယ်လိုမျိုးလုပ်ပေးနိုင်မှာလဲ၊ အဲဒါတွေကို မေးချင်တယ်။

နောက်တစ်ခုက မဲပေးလိုက်တဲ့အမတ်က ပွင့်လင်းမြင်သာမှုရှိရမယ်။ ကိုယ့်က ဒီတစ်ခုကိုလုပ်နိုင်တယ်ဆိုတဲ့ မူဝါဒတစ်ခုကို ခိုင်ခိုင်မာမာချပြနိုင်ရမယ်၊ ချမှတ်နိုင်ရမယ်။

အခုက ဘယ်လိုလဲဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ်အနေအထားမှာဆိုလိုရှိရင် ပေါ်ပေါ်တင်တင် ကိုယ့်ရဲ့မူဝါဒ တွေကိုချပြနိုင်ဖို့ ကိုဗစ်ကာလမှာအမတ်တွေက မဲဆွယ်ဖို့အတွက်အဆင်မပြေတော့ online ကနေ မဲဆွယ် ရမယ်ပေါ့။ အရင်ကဆိုရင်မဲဆွယ်ဖို့အတွက် အမတ်တွေကနယ်တွေကိုသွားပြီးတော့ မလိမ်တပတ် လူပြိန်းကြိုက်တွေကိုပြောသွားတယ်။ ပြီးတော့ ပွင့်လင်းမြင်သာမှုမရှိ၊ အားလုံးရဲ့ရှေ့မှောက်မှာ မပြောနိုင်ဘူး။ အဲဒီဒေသတွေမှာပဲ လူပြိန်းအကြိုက်တွေကိုပြောပြီးတော့ မဲတွေကိုမလိမ်တပတ်နဲ့ယူသွားတယ်။

ဒါပေမဲ့ အခုလိုခေတ်ကာလမျိုးမှာ online ကနေပြီးတော့ စကားဝိုင်းတွေရှိတယ်။ အဲဒီစကားဝိုင်းတွေမှာ သူတို့ရဲ့မူဝါဒတွေကို ခိုင်ခိုင်မာမာချပြလို့ရတယ်။ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာချပြလို့ရတယ်။ ဒါပေမဲ့ တစ်ချို့ပါတီတွေကတော့ လုပ်ငန်းစဉ်တွေကိုခိုင်ခိုင်မာမာချပြဖို့အတွက် နှောက်နှေးကြတယ်။ online က နေပြီးတော့ စကားဝိုင်းတွေခေါ်လာရင်သူတို့ငြင်းကြတယ်။ ဘာကြောင့်ငြင်းလဲဆိုရင် သူတို့ရဲ့အရည်အချင်းကို ချပြဖု့ိအတွက် ယုံကြည်မှုမရှိဘူးလို့ထင်တယ်။ သူတို့ရဲ့မူဝါဒတွေကို ပေါ်ပေါ်ထင်ထင်မချပြနိုင်၊ ပညာရေး ကဏ္ဍာတွေကို ဘယ်လိုတိုးမြင့်အောင် လုပ်သွားမယ်ဆိုတာတောင် အားလုံးရဲ့ရှေ့မှာ ပေါ်ပေါ်ထင်ထင် မချပြ နိုင်တဲ့ လွှတ်တော်အမတ်လောင်းတွေ ကျနော်မဲပေးဖို့အတွက်ကို ငြင်းဆန်ပါတယ်။

မမြတ်သုနိုင် (ပုဏ္ဏားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ်)

အခုက မဲပေးရင် ဘယ်လိုလူတွေကို မဲပေးချင်လဲဆိုရင်တော့ အဓိက ကိုယ့်ပြည်အတွက်ပါ၊ မြန်မာနိုင်ငံအတွက်ပါ ကြည့်မယ်ဆိုလိုရှိရင် ပြည်တွင်းစစ်ဖြစ်လာတာကလည်း အများကြီးကြာလာပြီးပေါ့။ ဆိုတော့ ဘာကြောင့် ပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းအရာတွေကလည်း အများကြီးရှိတယ်။

ဖွံ့ဖြိုးမှုအပိုင်းကိုကြည့်ရင်လည်း သူများနိုင်ငံတွေထက် အများကြီးနောက်ကျနေတယ်ပေါ့နော်။ ရခိုင်ပြည်မှာ ဆိုလိုရှိရင်ပိုပြီးတော့ သူများနိုင်ငံတွေထက် ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံထဲကမှ ရခိုင်မှာဆိုရင်လည်း အဲဒီ နောက်ကျတဲ့နိုင်ငံရဲ့ လုံးဝအနောက်ကျဆုံး ပြည်နယ်တစ်ခုအဖြစ်နဲ့ ဒုတိယနေရာမှာရှိနေတယ်။

ဆိုတော့ ကျမအနေနဲ့ ဘယ်လိုလူတွေကိုမဲပေးချင်လဲဆိုရင်တော့ တာဝန်ခံမှု၊ တာဝန်ယူမှု အားကောင်းတဲ့ အမတ်လောင်းတွေကိုပေါ့နော်။ သူတို့ဘာပြောခဲ့သလဲ၊ သူတို့ပြောတဲ့အတိုင်း လုပ်ရင်လည်း အမှန်တကယ် လုပ်တဲ့ အမတ်မျိုးတွေပေါ့။

တစ်ချို့တွေက အာဏာရရင်ပြောင်းသွားကြတယ်။ တာဝန်ခံယူ၊ တာဝန်ယူမှုကို ပြောရင်ပြောတဲ့အတိုင်း သူအာဏာ မရင်ခင်ဘာပြောခဲ့လဲ၊ အာဏာရရင်ကော သူလုပ်နေတာက၊ သူပြောခဲ့တဲ့အတိုင်းလား အဲဒီလို မျိုးပေါ့။ သူပြောခဲ့တဲ့အတိုင်း သူအာဏာရတဲ့အခါလုပ်ခဲ့ရင်တော့ မဲပေးရတာတန်ပါတယ်။

နောက်တစ်ခုက ငြိမ်းချမ်းရေးလမ်းစဉ်တွေကို ဖက်ဒရယ်၊ တန်းတူညီမျှအခွင့်အရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လူတိုင်းတန်းတူညီမျှ အခွင့်အရေး ရ ရမယ်လို့ အများကြီးအော်နေကြပေမဲ့ အဲဒါတွေကိုလိုက်ရင် ပြည်တွင်းစစ်ကလည်းဖြစ်နေတယ်ပေါ့။

ကျမအနေနဲ့ တစ်ခုဖေါက်ပြီးစဉ်းစားကြည့်ချင်တာက ဥပမာ-အိမ်တစ်အိမ်မှာ အဖေဖြစ်တဲ့လူက ငွေအများကြီး ရှာနိုင်တယ်။ အမေလုပ်တဲ့သူကလည်း ငွေအများကြီးရှာနိုင်တဲ့အချိန်ဆိုလို့ရှိရင် သားသမီးတွေကကော သားက ဘာလိုချင်လဲ၊ သမီးကဘာလိုချင်လဲ တောင်းတာတွေကို ဖြည့်ဆည်းပေးနိုင်ရမယ်ပေါ့။

အဓိက ဖွံ့ဖြိုးတဲ့အပိုင်းကိုလည်း မေ့ထားလို့မရဘူးလေ။ ဖွံ့ဖြိုးရေးကိုလုပ်လာနိုင်လို့ရှိရင် ကျမတို့ကလည်း လူနေမှုအဆင့်အတန်းတွေမြင့်လာမယ်။ နောက်ပြီးတော့ အခုဖြစ်နေတဲ့ ပြည်တွင်းပဋိပက္ခတွေမှာလည်း အဓိက ရသင့်တာကို မရတာကအများကြီးပါလာတယ်။

ဆိုတော့ ကျမတို့က ငြိမ်းချမ်းရေးဆိုတာကို ခဏလောက်မေ့ထားပြီးတော့ ဖွံ့ဖြိုးရေးအပိုင်းကိုစဉ်းစားပြီး အဲဒါကို ဖောက်ထွက်နိုင်မယ်၊ ဘယ်လိုမျိုးတွေကို Strategy management သုံးပြီးတော့ resources တွေကို ဘယ်လိုမျိုး alcoated လုပ်မလဲ၊ နောက်ပြီးတော့ ဘယ်လို technical နည်းပညာပိုင်းတွေနဲ့ ပြည်ပဝင်ငွေ တွေကိုရှာနိုင်မလဲ။ ဖွံ့ဖြိုးတဲ့ Business ပိုင်းပေါ့၊ အဲဒီပိုင်းတွေကိုဖောက်ထွက်နိုင်တဲ့အမတ်တွေ သူတို့ရဲ့ Strategy management ပိုင်းတွေကို ချပြနိုင်တဲ့အမတ်တွေကို ကျမအနေနဲ့ ပိုပြီးတော့မဲပေးချင်ပါတယ်။

ကိုသော်ဇင်ထွန်း (တောင်ကုတ်မြို့နယ်၊ ရခိုင်ပြည်နယ်)
မဲစပြီးပေးမယ့်လူငယ်တစ်ယောက်အနေနဲ့ ပညာရေးနဲ့ ဒေသဖွံဖြိုးရေးကိုဆောင်ရွက်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲမေးချင်ပါတယ်။

ဒေသဖွံ့ဖြိုးရေးဆိုတာတွေမှာ တိုးတက်လာရေးဆိုတာတစ်ခုထဲမဟုတ်ဘဲ သယံဇာတတွေကို စနစ်တကျ စီမံ ခန့်ခွဲတာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲတာတွေပါတာပေါ့။ နောက်အဓိကအရေးကြီးတဲ့အချက်တစ်ခု ကတော့ လူငယ်တွေရဲ့အမြင်တွေကို လက်ခံနိုင်တာ၊ လူငယ်တွေနဲ့ လက်တွဲအလုပ်လုပ်နိုင်မယ့်သူမျိုးကို ရွေးချယ်ချင်ပါတယ်။ ဒါပေမယ့် လက်ရှိ ရခိုင့်နိုင်‌ငံရေးအနေအထားအရတော့ ရွေးကောက်ပွဲနဲ့ လွှတ်တော် အခင်းအကျင်းကို ပြည်သူတွေကအယုံအကြည်မဲ့နေကြတယ်။ အယုံအကြည်မဲ့တယ်ဆိုတာထက် အားမကိုးကြ ဘူးလို့ပြောရမလားပေါ့။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရွေးချယ်တဲ့နေရာမှာ ရခိုင်ဒေသမှာ ဖြစ်နေတာ တွေကို ရခိုင့်အသံတွေကို ထုတ်‌ေ‌ဖါ်ပြောနိုင်မယ့်သူမျိုးကို မျှော်လင့်ပါတယ်။

ကျော်စွာလင်း(မာန်အောင်မြို့နယ် ၊ ရခိုင်ပြည်နယ်)

အခုလက်ရှိ ကျနော်တို့ရခိုင်ပြည်မှာ စစ်ဖြစ်ပွားတာတွေလည်း ကြုံနေရတဲ့အခါမှာ တကယ်လို့သာ မဲပေးမယ် ဆိုရင် ရခိုင်ပြည်အတွက် လူမှုအသိုင်းအဝိုင်းအချင်းချင်းကြားမှာ ယုံကြည့်မှုတည်ဆောက်ပေးတဲ့ ကိုယ်စားလှယ်တွေ၊ နားလည်းမှုတည်ဆောက်ပေးတဲ့ကိုယ်စားလှယ်တွေ ကျနော်မဲပေးသွားပါမယ်။

ဘာလိုလဲဆိုတော့ ကျနော်တို့ဒီအချိန်မှာ ကိုယ်တို့အချင်းချင်း ရန်ဖြစ်နေရမယ့် အချိန်မဟုတ်ဘူး။ ကိုယ့်အိမ်နီးချင်းတွေနဲ့ ရန်ဖြစ်နေရမယ့်အချိန်မဟုတ်ဘူး။ အပြင်ကလာပြီးတော့ ဖျက်စီးနှိက်စက်တာတွေကို ခံနေရတဲ့အချိန်ဖြစ်တယ်။ အဲဒါကြောင့် ကျနော်အနေနဲ့ မဲပေးမယ်ဆိုရင်တော့ ကိုယ့်ရခိုင်ပြည်က လူမှုအသိုင်း အဝိုင်းတွေကြားမှာ နားလည်မှုတည်ဆောက်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုပဲ မဲပေးမှာဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ ကိုယ့်လူမှုအသိုင်းအဝိုင်းတစ်ခုနဲ့တစ်ခုကို ပဋိပက္ခဖြစ်အောင် အမုန်းစကားဖြန့်တဲ့၊ ကောလ ဟာလဖြန့်တဲ့ အမတ်တွေဆိုရင်တော့ ကျနော်လုံးဝ မဲမပေးဖို့ဆုံးဖြတ်ထားပါတယ်။ အဲဒီလိုအမတ်တွေသာ ပြိုင်ရင်တော့ တစ်ပြားမှ ပေးမှာမဟုတ်ဘူး။

ကျနော်က အခုလက်ရှိ ရန်ကုန်မှာနေတာပေါ့နော်။ ရန်ကုန်မှာနေတယ်ဆိုတော့ ဥပမာ- ရခိုင်တိုင်းရင်းသား ရေးရာ ကိုယ်စားလှယ်လောင်းတွေရှိတယ်။ သူတို့ပြောတဲ့အသံတွေကို နားထောင်တယ်။ သူတို့ပြောတဲ့အခါမှာ အမုန်းစကားတွေပါလားကြည့်တယ်။ တကယ်လို့ပါခဲ့ရင်တော့ ကျနော်မဲမပေးပါဘူး။ အကုန်လုံးပါရင်တော့ အကုန်လုံးကို မဲမပေးပါဘူး။ အဓိကလူမူသဟဇာတဖြစ်ဖို့ ရဲရဲဝံ့ဝံ့ဆောင်ရွက်ပေးတဲ့ ကိုယ်စားလှယ်တွေကို ကျနော် မဲပေးသွားပါမယ်။

ကိုဘုန်းပြည့်ဖြိုး (စစ်တွေမြို့နယ် ၊ ရခိုင်ပြည်နယ်)

ကျနော်အနေနဲ့ အဓိကတော့ပညာရေးပိုင်းပေါ့နော်။ အထူးသဖြင့် ရခိုင်ပြည်နယ်ပညာရေးကို စွမ်းစွမ်းတမံ ပြည်သူအသံဖြစ်တာကြောင့် လွှတ်တော်ထဲမှာတောင်းဆိုနိုင်မယ့်လူကို ကျနော်တို့ပိုပြီးအားပေးပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အစိုးရနှစ်ဆက်ပေါ့နော်၊ ၂၀၁၀ ၊ ၂၀၁၅ အစိုးရနှစ်ဆက်မှာ အမတ် ဖြစ်သွားတဲ့သူတွေအနေနဲ့ တက္ကသိုလ်ကိုလာကြည့်တဲ့လူနည်းတယ်။ လွှတ်တော်အမတ်တွေနဲ့ တွေ့ဖို့သွားပေမဲ့ အခွင့်မကောင်း၊ အခွင့်မသာဘူးပေါ့နော်။

အခုနောက်ပိုင်း လူငယ်တွေအနေနဲ့ ဒီမိုကရေစီကိုနားလည်းလာတဲ့အခါမှာ ပညာရေးပိုင်းကို လက်တွေ့မှာ အသုံးပြုနေတဲ့ပညာရေးပိုင်းကို မြှင့်တင်တဲ့လူကို ပိုပြီးတော့အသားပေးတယ်ပေါ့နော်။ အထူးသဖြင့် တက္ကသိုလ် ပညာရေးဘတ်ဂျက်တွေကို တိုးမြှင့်ပေးမယ့် တက္ကသိုလ်နယ်မြေကိစ္စတွေပေါ့နော်။ ကျနော်တို့ ကွန်ဗျူတာ တက္ကသိုလ်မှာဆိုရင် လက်ရှိကျောင်းသားအဆောင်တွေမရှိသေးဘူးပေါ့နော်။ အဲဒီကျောင်းသား အဆောင်ကိစ္စ တွေကို လွှတ်တော်မှာထည့်ပြီးတော့ အဆိုတင်သွင်းနိုင်မယ့်၊ ပညာရေးဝန်ထမ်းတွေနဲ့ ပိုပြီးတော့ လုပ်နိုင်မယ့် လူတွေကို ပိုပြီးမဲထည့်ဖို့အားသာပါတယ်။

နောက်တစ်ခုက သဘာဝပတ်ဝန်ကျင်းမူဝါဒရှိတဲ့လူတွေကို မဲထည့်ဖို့ကိုလည်းအားသားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လက်ရှိ စစ်တွေမြို့နယ်ပါ ရခိုင်ပြည်နယ်အနေနဲ့ရော ပတ်ဝန်ကျင်ညစ်ညမ်းမှုသည် အများကြီး မမြင့်ပေမဲ့ ညစ်ညမ်းမှုအတိုင်းအတာကရှိနေတယ်။ ကျနော်တို့ စစ်တွေမြို့မှာဆိုရင်လည်း စနစ်တကျ မရှိဘူး ပေါ့နော်။ စည်ပင်ကလည်း နည်းနည်းစနစ်မကျတာရှိတယ်။ စည်ပင်မနိုင်တာလည်းရှိတယ်။ အဲဒီကိစ္စတွေမှာ ပြောမယ်ဆိုရင် ကျနော်တို့ရခိုင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်ကျင်းကို ထိန်းသိမ်းမဲ့မူဝါဒရှိတဲ့လူတွေကို မဲပေး ဖြစ်မယ်လို့ထင်ပါတယ်။

ဗီဒီယိုများ