ရခိုင်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဘာတွေတောင်းဆိုစရာရှိလဲ

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုတွေကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိမှုတွေ များစွာရှိခဲ့ပါတယ်။ ဒါ့အပြင် AA နဲ့ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးခံရသူတွေ ရာနဲ့ချီရှိနေပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူငယ်တွေရဲ့တောင်းဆိုချက်တွေကို DMG က စုစည်းတင်ပြလိုက်ပါတယ်။

10 Dec 2020

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုတွေကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိမှုတွေ များစွာရှိခဲ့ပါတယ်။ ဒါ့အပြင် AA နဲ့ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးခံရသူတွေ ရာနဲ့ချီရှိနေပါတယ်။

၂၀၂၀ ပြည့်နှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ ၇ လတာအတွင်း သံသယနဲ့ဖမ်းဆီးခံရသူ ၁၀၇ ဦးရှိခဲ့ပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုကြောင့် သေဆုံးသူ ၅၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၃၈ ဦး ရှိခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ အင်တာနက်ဖြတ်တောက်ထားတာဟာ ၁၇ လ ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဒီလို အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူငယ်တွေရဲ့တောင်းဆိုချက်တွေကို DMG က စုစည်းတင်ပြလိုက်ပါတယ်။

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“လူ့အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတာ အဓိက စစ်ပွဲတွေအပေါ်မှာ အခြေခံပြီးတော့ ဖြစ်လာတဲ့ကိစ္စတွေဖြစ်တယ်။ စစ်ပွဲတွေဆိုတာကလည်း နိုင်ငံရေးအရ မပြေလည်မှုတွေကို စစ်ရေးနဲ့ဖြေရှင်းရတာဖြစ်တယ်။ ဆိုတော့ ဆိုးကျိုးတွေအနေနဲ့ အင်တာနက်ဖြတ်တောက်တာတို့၊ မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတို့၊ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်တယ်ဆိုပြီး အထောက်အထားမဲ့ ဖမ်းဆီးထောင်ချလိုက်တာတို့ ဖြစ်လာတယ်။ တာဝန်ရှိသူတွေအားလုံးကလည်း အကုန်လုံးဟာ လူသားတွေပဲဖြစ်တယ်။ ငါတို့လုပ်နေတာတွေဟာ အပြစ်မဲ့ပြည်သူတွေကို နှိပ်စက်ရာရောက်နေတယ်ဆိုတာ သိရင်တော့ ဒီကိစ္စတွေကို ဆင်ခြင်ဖို့လိုတယ်။ ဆင်လည်း ဆင်ခြင်ပေးပါလို့ တိုက်တွန်းလိုပါတယ်။

နောက်တစ်ခုက နိုင်ငံတော်အစိုးရအနေနဲ့လည်း အကြမ်းဖက်ဆိုတဲ့အသုံးအနှုန်းကို ပယ်ဖျက်ပြီးတော့ ရက္ခိုင့်တပ်တော်(AA)နဲ့ ငြိမ်းချမ်းရေးရယူပါ။ ပြီးတော့ ရခိုင်မှာ ၂ နှစ်နီးပါးဖြတ်တောက်ထားတဲ့ အင်တာနက်ကိုလည်း ပြန်ဖွင့်ပေးခြင်းအားဖြင့် လူ့အခွင့်အရေးကို အထောက်အကူပြုပါလို့ ပြောချင်ပါတယ်။ အခုဆိုရင် တပ်မတော်နဲ့ အေအေက ငြိမ်းချမ်းရေးစတင်ဆွေးနွေးနေကြပြီဖြစ်တယ်။ ဒါတွေကို အစိုးရက ပိုမိုအားထည့်ပြီးတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင် သူတို့နဲ့ ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် တည်ငြိမ်အေးချမ်းလာတဲ့အခါမှာ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တစ်ဖြည်းဖြည်း လျော့နည်းသွားမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အစိုးရ၊ တပ်မတော်နဲ့ အေအေတို့ သုံးဦး၊ သုံးဖလှယ်ဆွေးနွေးပြီးတော့ ရခိုင်မှာ စစ်ပွဲတွေငြိမ်းသွားအောင် ဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”

ဦးမျိုးမြတ်ဟိန်း(ခ)ဦးငြိမ်းချမ်း (စီမံကိန်းဒါရိုက်တာ)
သဇင်ဥပဒေအထောက်အကူပြုအဖွဲ့

“ရခိုင်ပြည်မှာရှိတဲ့ ရခိုင်သူ/သားတွေအနေနဲ့ လူ့အခွင့်အရေးဆိုတာထားဦး၊ တရားဥပဒေရဲ့ အကျိုးခံစားခွင့်ကိုတောင်မှ ဥပဒေမှာ ပြဋ္ဌာန်းတာရှိပေမဲ့လည်း ခက်ခက်ခဲခဲတောင်းနေရတဲ့ အနေအထားဖြစ်တယ်။ လူ့အခွင့်အရေးဆိုတဲ့ စံနှုန်းနဲ့ တိုင်းဖို့ကတော့ အလွန်ကို လိုအပ်နေသေးတဲ့ အရာတစ်ခုဖြစ်တယ်။ ဘာပဲပြောပြော အခုလို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို အရင်တုန်းက ကျနော်တို့ ကျင်းပလို့မရခဲ့ဘူး။ အခုနှစ်မှာတော့ ကျင်းပလို့ရပြီဆိုတဲ့ အနေအထားမှာတော့ ကျနော်တို့ ရခိုင်ပြည်သူ/သားတွေအနေနဲ့ လူ့အခွင့်အရေးစံနှုန်း အပြည့်အဝရှိတဲ့ လူ့အခွင့်အရေးစံနှုန်းကို အသိအမှတ်ပြုခံရတဲ့ အနေအထားတစ်ခုကိုလည်း အစိုးရက အသိအမှတ်ပြုပါစေလို့ပဲ ကျနော်တို့က တောင်းဆိုပါတယ်။

အင်တာနက်ကတော့ လူတိုင်းရသင့်တဲ့ အပိုင်းမှာရှိတယ်။ အင်တာနက်ကို ဖွင့်ထားတယ်ဆိုပြီး လုပ်တာက မလိမ့်တပတ်လုပ်တာပေါ့။ ဘာမှသုံးလို့မရဘူး။ ဥပမာ - ကျနော်တို့ရုံးမှာ (Online ကနေ) သင်တန်းတွေဘာတွေ ပေးတယ်ဆိုရင် မြောက်ဦး၊ ကျောက်တော်က ကလေးတွေရှိတယ်။ သူတို့တွေအနေနဲ့ ဘာမှသုံးလိုမရဘူး။ ဒါကြောင့် အင်တာနက်ရရှိရေးဟာလည်း လူ့အခွင့်အရေးနဲ့အတူ အရေးပါတဲ့အရာဖြစ်နေလို့ 4G အင်တာနက်လိုင်း၊ ဒါမှမဟုတ် ကောင်းမွန်စွာ ဖုန်းပြောလို့ရနိုင်တဲ့ အနေအထားတစ်ခုကို အစိုးရက ကောင်းမွန်းအောင်လုပ်ဖို့အတွက် ကျနော်တို့က တောင်းဆိုချင်ပါတယ်”

မထူးထက်နိုင် (ရခိုင်လူငယ်)

“မတရားသဖြင့် ဖမ်းဆီးခံရတဲ့သူတွေရှိရင် အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အစိုးရတွေအနေနဲ့လည်း လူ့အခွင့်အရေးကို လေးလေးစားစားနဲ့ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ လုပ်ဆောင်ပေးသင့်တယ်။ မတရားသဖြင့် ဖမ်းဆီးခံရတဲ့သူတွေအတွက်ဆိုရင် သူတို့ရဲ့ မိသားစုဝင်တွေအတွက် တရားမျှတမှုကိုရအောင် လုပ်ဆောင်ပေးသင့်တယ်။ တတိယတစ်ချက်ကတော့ အင်တာနက်ပိတ်ထားတာပေါ့။ ဒါကိုကြည့်လို့ရှိရင် သာမန်အင်တာနက်ပိတ်ထားတာ၊ အင်တာနက်သုံးလို့မရတော့ဘာဖြစ်လဲ ဆိုတာမျိုးလောက်ပဲ တွေးတာ။ တကယ်တော့ အပိတ်ခံထားရတဲ့သူတွေကပဲသိတာ။ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကိစ္စရပ်တွေ အကုန်လုံးနောက်ကျကျန်ခဲ့ပြီးတော့ အင်တာနက်ဖြတ်တောက်ခံရတဲ့ ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုပြီးဆိုးရွားပြင်းထန်လာနိုင်တယ်။

လူမမြင်ကွယ်ရာမှာ ဗရမ်းဗတာတွေနဲ့ အမျိုးမျိုးဖြစ်လာနိုင်တယ်။ ဒါကြောင့် အခုလို အင်တာနက်ဖြတ်တောက်ထားတဲ့ကိစ္စကို ကန့်ကွက်ရှုတ်ချတယ်။ ဖြစ်နိုင်လို့ရှိရင် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ အင်တာနက်ကို အမြန်ဆုံးပြန်ဖွင့်ပေးသင့်တယ်။ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်ချင်တယ်ဆိုရင်တော့ အင်တာနက်ကို အမြန်ဆုံးဖွင့်ပေးသင့်တယ်။

နောက်တစ်ခုက ဒီမနက်ပိုင်းက ငြိမ်းချမ်းစွာနဲ့ ဆိုင်ကယ်စီးပြီးတော့ ကမ်းခြေမှာ လူ့အခွင့်အရေးအတွက် စကားပြောခဲ့ကြတဲ့ လူငယ်သုံးယောက်ကို ဖမ်းတယ်။ အဲဒါတွေက မလုပ်သင့်ဘူး။ ဒါက အသံထွက်တဲ့သူတွေကို ဖိနှိပ်ခြင်းကလည်း တကယ့်ကို ဆိုးရွားပြင်းထန်တဲ့ လူ့အခွင့်အရေးတွေကို ဖောက်ဖျက်ဖို့ ခွင့်ပြုနေခြင်းဖြစ်တယ်။ အသံမထွက်တဲ့သူတွေကလည်း မထွက်ရဲကြဘူး။ အသံထွက်တဲ့သူတွေကိုလည်း အခုလိုဆက်ဖမ်းနေမယ်ဆိုရင် ဆိုးရွားပြင်းထန်တဲ့ကိစ္စတွေပဲ ထပ်ပြီးတော့ဖြစ်လာမယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒါမျိုးတွေမလုပ်ဖို့အတွက် သတိထားသင့်တယ်လို့ထင်တယ်’’

ဦးခိုင်ကောင်းစံ (ဒါရိုက်တာ)
ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်ပြည်)

“လူခွင့်အရေးချိုးဖောက်မှုတွေထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေမှ မဟုတ်ဘူး။ တစ်ခါတစ်ခါ ဌာနဆိုင်ရာတွေကလည်း သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်နေပါလားဆိုတာကို မသိဘူး။ ဥပမာ - ရခိုင်ပြည်ထဲမှာ သတင်းတွေ၊ ရင်ထဲမှာရှိတဲ့ဟာတွေကို ဖော်ထုတ်လို့မရဘူး။ ဒီနေ့ဆိုရင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်တယ်။ အဲဒီမှာ လူ့အခွင့်အရေးနေ့ကို ထောက်ခံတဲ့လူငယ်တွေက သရုပ်ပြတာကြတာပေါ့။ ဒါက ဆန္ဒဖော်ထုတ်တာလည်း မဟုတ်ဘူး။ ဆိုင်ကယ်တွေစီးပြီးတော့ ငြိမ်းချမ်းရေးအလံကို လွှင့်ထူပြီးတော့မှ စစ်တွေကမ်းခြေမှာ ဓာတ်ပုံသွားရိုက်ကြတာ။ အဲဒါကို ရဲတွေကနေပြီတော့ ကိုသန်းလှအပါအဝင် လူငယ်တွေကို ဖမ်းတယ်။ ဒါတွေဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်။

လူ့အခွင့်အရေးကြေညာစာတမ်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ အခွင့်အရေးဟာ အပိုဒ်(၁၉)မှာပါတယ်။ ဒါကိုချိုးဖောက်တဲ့လူတွေက ဌာနဆိုင်ရာဖြစ်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှောင်ရှားပြီးတော့ ချိုးဖောက်မှုတွေမဖြစ်အောင် စောင့်ထိန်းဖို့လိုတယ်။ အစိုးရအနေနဲ့ ဒီလိုသာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေမယ်ဆိုရင် ပြည်သူတွေယုံကြည်တဲ့ အစိုးရတစ်ရပ် ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။

နောက်ပြီးတော့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ လမ်းလျှောက်တယ်ဆိုတာ လူ့အခွင့်အရေးကို လိုလားတာပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ရခိုင်မှာ ၂ နှစ်တာကာလအတွင်း ပြည်တွင်းစစ်မှာ မတရားဖမ်းဆီးသတ်ဖြတ်ခံရသူတွေ ရာနဲ့ချီရှိနေတယ်။ ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်မလုပ်ဖို့ ကျနော့်အနေနဲ့ တောင်းဆိုချင်ပါတယ်”

ခင်သရဖီဦး နှင့် နှင်းနွယ် မေးမြန်းသည်။

ဗီဒီယိုများ