“အမျိုးသမီးတွေဟာ အိမ်ထောင်ထိန်းသိမ်းမှုတွေ၊ မီးဖိုချောင်ကိစ္စတွေနဲ့ပဲ အမြဲတမ်း နပမ်းလုံးနေရတယ်”

ရခိုင်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် လူငယ်ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းခြင်း

တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်လှသက်စိုး(ခ) ခင်ထိပ်ထား နှင့် ဆက်သွယ်မေးမြန်းခြင်း...

16 Oct 2020

နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်လှသက်စိုး(ခ) ခင်ထိပ်ထား ကို DMG သတင်းထောက် မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

မေး - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖြစ်တဲ့အကြောင်းကို ပထမဆုံး ရှင်းပြပေးပါ။

ဖြေ - ANP ပါတီဟာ အခုလက်ရှိအခြေအနေနဲ့ အရင်တုန်းက စပြီးဖွဲ့စည်းခဲ့အခြေအနေထိ ပြန်လည်ကြည့်လိုက်တဲ့အခါမှာ ရခိုင်တစ်ပြည်နယ်လုံးမှာရှိတဲ့ ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ရခိုင်ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့ ပြဿနာတွေကို ဝင်ရောက်ဖြေရှင်းပေးတဲ့ တစ်ခုတည်းသောပါတီအဖြစ် ကျမအနေနဲ့ မြင်ရတယ်။ အဲဒါကြောင့် ANP ပါတီကို ရွေးချယ်လိုက်တယ်။

ကျမတို့ အပြင်ဘက် အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ကျတော့ တချို့နေရာတွေကို ပြည်သူတွေကြားမှာဝင်ပြီး မလုပ်နိုင်တဲ့ဟာတွေ၊ အဟန့်အတားတွေ၊ အတားအဆီးတွေရှိတယ်။ နောက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုရင် ကျမတို့က မူဝါဒတွေ၊ ဥပဒေတွေကို ပြန်လည်ပြင်ဆင်စရာတွေ ရှိတယ်ပေါ့၊ အဲဒါတွေကြောင့်လည်းပါတယ်။ နောက်တစ်ခါ ပြည်သူတွေအတွက် ကျမအနေနဲ့ လုပ်ပေးပေးချင်တဲ့စိတ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်တယ်။ နောက်ပြီး ဖွဲ့စည်းပုံကို ပြင်ဆင်လို့ရသမျှ ပြင်ဆင်နိုင်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်။

မေး - လက်ရှိ မဲဆွယ်စည်းရုံးရေးကာလမှာ ကိုဗစ်ရောဂါလည်းရှိနေတော့ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ။

ဖြေ - ကိုဗစ်ကာလမှာ စိန်ခေါ်မှုတွေက ထွေထွေထူးထူးမရှိဘူး။ ကျမတို့က ပါတီအားနဲ့ရော အရပ်ဖက်အားတွေနဲ့ သွားတဲ့အခါကျတာ့ ပြည်သူတွေနဲ့ ပါတီဆိုင်းဘုတ်ထောင်တယ်။ ကျမတို့က အဲလိုပုံစံမျိုးတွေနဲ့ သွားရတဲ့အခါ ပြည်သူတွေကို တိုက်ရိုက်ပေါ့ ပါတီကလူတွေနဲ့တစ်ဆင့် ပြောတဲ့အရာတွေရှိတယ်။ စိန်ခေါ်မှုတော့ သိပ်မရှိပါဘူး။

မေး - တောင်ကုတ်မြို့နယ်ဟာ NLD အားကောင်းတဲ့ နယ်မြေတစ်ခုဆိုတာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေအရ တွေ့ရတယ်။ ဒီတော့ ပြည်သူ့လွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မျက်နှာသစ် လူငယ်ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲ။

ဖြေ - ဟုတ်ပါတယ်၊ တောင်ကုတ်ဟာ NLD အားကောင်းတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် အခု ၂၀၂၀ အခြေအနေကိုကြည့်လိုက်တော့ ကျမအနေနဲ့ စိန်ခေါ်မှုက သိပ်ထွေထွေထူးထူး မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် တောင်ကုတ်မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေဟာ အမျိုးသားရေးနိုးကြားမှုတစ်ခုတည်းနဲ့ ရခိုင်ပါတီတွေကို မဲထည့်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေရှိနေကြတော့ ဒီအရာအပေါ်မှာ စိန်ခေါ်မှုတွေ အဲလောက်ထိမတွေ့ရဘူး။

မေး - ရခိုင်နိုင်ငံရေးထဲမှာ အမျိုးသမီးတွေပါဝင်မှု အားနည်းတယ်ဆိုပြီး တောက်လျှောက်ပြောလာကြတယ်၊ ဆိုတော့ ဘာတွေက အမျိုးသမီးတွေကို နိုင်ငံရေးထဲဝင်လာဖို့ အဟန့်အတားဖြစ်နေတာလဲ။

ဖြေ - အမျိုးသမီးပါဝင်မှုက အမှန်တကယ်အားနည်းတယ်။ ဘာတွေက အခက်အခဲဖြစ်နေလဲဆိုရင် ရခိုင်ပြည်နယ်မှာ အဘက်ဘက်က ဆင်းရဲကျပ်တည်းနေတဲ့အခါ အမျိုးသမီးတွေဟာ အိမ်ထောင်ထိန်းသိမ်းမှုတွေ၊ မီးဖိုချောင်ကိစ္စတွေနဲ့ပဲ အမြဲတမ်း နပမ်းလုံးနေရတယ်။ သူတို့က အိမ်မှုဝေယာဝစ္စတွေ၊ လူမှုပတ်ဝန်းကျင်မှာနေပြီးတော့ အိမ်ထောင်ရေးကိစ္စတစ်ခုလုံးကို တာဝန်ယူပြီး ဖြေရှင်းနေရတဲ့အခါကျတော့ နိုင်ငံရေးအခြေအနေကိုလည်း သူတို့တွေ မလေ့လာနိုင်၊ မသုံးသပ်နိုင်ဘူး။ သူတို့ခေါင်းထဲမှာ မိသားစုတွေရဲ့ စားဝတ်နေရေး၊ သား/သမီးကိစ္စတွေ၊ မီးဖိုချောင်ကိစ္စတွေအတွက် ခေါင်းထဲမှာ အမြဲတမ်းတွေးနေရတဲ့အခါကျတော့ နိုင်ငံရေးဘက်ကို မလှည့်နိုင်ဘူး။ နိုင်ငံရေးဆိုတာဟာ သူတို့နဲ့မဆိုင်သလိုမျိုး ကင်းကွာနေသလိုမျိုး ဖြစ်နေကြတယ်။ ဆိုတော့ ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။

မေး - ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်သွားမယ်လို့ မဲဆန္ဒရှင်တွေကို ချပြင်ချင်တာရှိလဲ။

ဖြေ - ပထမအနေနဲ့တော့ ပါတီရဲ့မူဝါဒတွေအပေါ်မှာပဲ အခြေခံပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီတန်းတူညီမျှမှု၊ ဖက်ဒရယ်ဆိုတဲ့ အချက်တွေကို ဦးတည်ပြီးတော့သွားတယ်။ အဲဒီအချက်တွေကို ဦးတည်ပြီးသွားတဲ့အတွက်ကြောင့်မို့ ကျမတို့ဟာ တန်းတူညီမျှမှုရယ်၊ ဖွံ့ဖြိုးတိုးတက်မှုရယ်၊ ဒီမိုကရေစီရယ်ဆိုတဲ့ အခြေအနေပေါ်မှာမူတည်ပြီး ဖက်ဒရယ်ကို ဦးဆောင်ပြီးသွားပါမယ်။ ရခိုင်တပြည်နယ်လုံးမှာ ဖက်ဒရယ်ရနေမှ၊ တန်းတူညီမျှမှုဖြစ်နေမှ ဒီအခြေအနေပေါ်မှာ ရခိုင်ပြည်သူလူထုအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ရရှိလာမယ်။ အဓိကတော့ ပါတီရဲ့မူဝါဒအပေါ်မှာပဲ အခြေခံပြီး လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်။

မေး - နောက်ထပ်ဘာများ ဖြည့်စွက်ပြောချင်တာရှိပါသလဲ။

ဖြေ - ပြည်သူတွေကို နိုးနိုးကြားကြားနဲ့ လက်တွဲပြီးလုပ်ဆောင်ကြမယ်လို့ ပြောချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ဒေါ်လှသက်စိုး ကို ကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ