အာမခံဖြင့်ပြန်လွှတ်လာသည့် အမြင့်ကျွန်းရွာသား ကိုဇော်မြင့်လွင်နှင့် ဆက်သွယ်မေးမြန်းခြင်း

စစ်တွေမြို့နယ် မင်းချောင်းတံတားပေါ်တွင် သြဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဆိုင်ကယ်စီးနင်းလာသူ အမြင့်ကျွန်းကျေးရွာသားနှစ်ဦးအား တပ်မတော်မှ တားဆီးစစ်ဆေးရာတွင် တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။ ပစ်ခတ်တားဆီးမှုကြောင့် ကိုချစ်သူအောင်(၂၆ နှစ်)မှာ ပွဲချင်းပြီးသေဆုံးသွားပြီး ကိုဇော်မြင့်လွင်(၂၇ နှစ်)မှာ ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရာမှ အာမခံကြေး သိန်း ၃၀ ဖြင့် ယနေ့လွှတ်မြောက်လာခဲ့သည်။ ပြန်လည်လွတ်မြောက်လာသူ အမြင့်ကျွန်းကျေးရွာသား  ကိုဇော်မြင့်လွင်ကို မနေ့ကဖြစ်စဉ်နှင့် ပတ်သက်ပြီး DMG က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

02 Aug 2019

အာမခံဖြင့် ပြန်လည်လွှတ်မြောက်လာခဲ့သူ ကိုဇော်မြင့်လွင်

စစ်တွေမြို့နယ် မင်းချောင်းတံတားပေါ်တွင် သြဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဆိုင်ကယ်စီးနင်းလာသူ အမြင့်ကျွန်းကျေးရွာသားနှစ်ဦးအား တပ်မတော်မှ တားဆီးစစ်ဆေးရာတွင် တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။ ပစ်ခတ်တားဆီးမှုကြောင့် ကိုချစ်သူအောင်(၂၆ နှစ်)မှာ ပွဲချင်းပြီးသေဆုံးသွားပြီး ကိုဇော်မြင့်လွင်(၂၇ နှစ်)မှာ ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရာမှ အာမခံကြေး သိန်း ၃၀ ဖြင့် ယနေ့လွှတ်မြောက်လာခဲ့သည်။ ပြန်လည်လွတ်မြောက်လာသူ အမြင့်ကျွန်းကျေးရွာသား  ကိုဇော်မြင့်လွင်ကို မနေ့ကဖြစ်စဉ်နှင့် ပတ်သက်ပြီး DMG က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

မေး - အစ်ကို ပြန်လွတ်လာပြီလို့ ကြားရတယ်။ ဘယ်လိုလွတ်လာတာလဲ။

ဖြေ - အာမခံနဲ့ လွတ်လာတာပါ။ ရုံးချိန်းတော့ ၁၆ ရက်နေ့ရုံးချိန်းလို့ပြောလိုက်ပါတယ်။ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်နဲ့ ဦးလေးတစ်ယောက် အာမခံပေးတာပါ။ အာမခံ သိန်း ၃၀ နဲ့ ပုဏ္ဏားကျွန်းရဲစခန်းက လွှတ်ပေးလိုက်တာပါ။

မေး - ဘယ်အချိန်က လွတ်လာတာလဲ။

ဖြေ - ကျွန်တော် ညနေ ၅ နာရီလောက်က လွတ်လာတာပါ။ အခု ရွာကိုရောက်နေပါပြီ။

မေး - အစ်ကိုတို့က ဘာအလုပ်လုပ်တာလဲ။

ဖြေ - ကျွန်တော်တို့က ကဏာန်းဒိုင်မှာ ကဏာန်းတွေဝယ်ပြီး မူဆယ်ဘက်ကို တင်ပို့ပါတယ်။ ရွာမှာအိမ်ရှိတယ်ဆိုတော့  အားတဲ့အချိန် အလုပ်ပြီးတဲ့အချိန်မှာ စာရေးကို တိုင်ပြီးသွားကြတာပါ။ ပုံမှန်သွားနေကျပါ။ မနေ့ကမှ စစ်တပ်နဲ့ ထိပ်တိုက်တွေ့တာပါ။

မေး - မနေ့က ဖြစ်စဉ်ကို ရှင်းပြပေးပါလား၊ ဘယ်လိုဖြစ်ခဲ့တာလဲ။

ဖြေ - မနေ့ကဖြစ်တာကတော့ ကျွန်တော်တို့ ဆိုင်ကယ်နှစ်စီးနဲ့လာတယ်။ သူတို့(စစ်တပ်)က ရပ်ဆိုပြီးတော့ တားတယ်။ ကျွန်တော်က ရပ်လိုက်ပါတယ်။ ကျွန်တော့ကိုစစ်ပါတယ်။ စစ်နေတုန်းမှာ ကျွန်တော့်ယောက်ဖဖြစ်သူက နောက်ကနေဆိုင်ကယ်နဲ့ ပြင်းပြင်းမောင်းလာခဲ့ပါတယ်။ အဲဒီမှာ သူက ရပ်လို့ မရလိုက်ပါဘူး။ ရပ်မရတဲ့အတွက် ထွက်ပြေးသလိုဖြစ်သွားပါတယ်။  ဒါ့ကြောင့် သေနတ်နဲ့ဝိုင်းပစ်ကြတာပါ။  

ပလက်ဖောင်းကနေပြီးတော့ စစ်သားတစ်ယောက်က သူ့ကို ခုန်ကန်ပါတယ်။ သူကပိုပြီးတော့  ကြောက်သွားတဲ့သဘောပါ။ သူက အရှိန်လွန်သွားတယ်။ ဆိုင်ကယ်ဘရိတ်က သိပ်မကောင်းဘူး။  လူ(၄) ယောက်လောက်က ဝိုင်းပြီးတော့ပစ်လိုက်တာပါ။ ပစ်တာက (၅) ချက် (၆) ချက်လောက်ပစ်ပါတယ်။  သူကတံတားအထက်မှာ လဲသွားတာပါ။ နေရာက တံတားအပေါ် စစ်တွေမြို့နယ်ဘက်ကို ရောက်သွားပြီ။  သူက ထွက်ပြေးသလိုဖြစ်နေချိန်မှာ သေနတ်နဲ့ ပစ်လိုက်တာပါ။ ဒဏ်ရာက ညာဘက်လက်အောက်မှာ   ထိပြီးတော့ အဲဒီနေရာမှာ သေသွားတာပါ။ အချိန်က ည ၁၁ နာရီလောက်ကပါ။ တံတားမှာ  စစ်တပ်အင်အား ၂၀ ခန့်ရှိနေတာပါ။

မေး - အဲဒီတံတားပေါ်မှာ စစ်တပ်ဘက်က အရင်နေ့တွေကရော လုံခြုံရေးစစ်ဆေးတာတွေရှိလား။

ဖြေ - ဟိုနေ့တွေကဆိုရင် စစ်တပ်ဘက်က စစ်ဆေးတာတွေမရှိပါ။ ကျွန်တော်တို့က ပုံမှန် အလုပ်ပြီးရင်     ရွာကိုသွားနေကြပါ။ အလုပ်က ကဏန်းဒိုင်မှာ လုပ်တာပါ။ အလုပ်ပြီးရင် အမြဲတမ်းရွာကိုသွားပါတယ်။  မနေ့ကမှ စစ်သားတွေနဲ့တွေ့တာပါ။  အဲဒီတံတားမှာ အရင်တုန်းက မရှိပါ။

မေး - ရဲစခန်းမှာ ဘာတွေ စစ်ဆေးသေးလဲ။

ဖြေ - ကျွန်တော့်ကို တခြားစစ်ဆေးတာတွေမရှိပါ။ အာမခံနဲ့လွှတ်ပေးပြီးတော့ လာမယ့် ၁၆ ရက်နေ့မှာ  ရုံးချိန်းရှိတယ်ဆိုပြီးတော့ စခန်းကပြောလိုက်ပါတယ်။  

မေး - သေဆုံးသွားတဲ့ အစ်ကို ယောက်ဖအတွက် ဘာများပြောချင်ပါလဲ။

ဖြေ - ကိုယ်တို့အချင်းချင်းမှာ အဲလိုဖြစ်တာကိုတော့ စိတ်မကောင်း ခံစားရပါတယ်။

မေး - ညမထွက်ရအမိန့် ထုတ်ထားတယ်ဆိုတာကိုရော အစ်ကိုသိမိလား။

ဖြေ - ညမထွက်ရထုတ်ပြန်ထားတဲ့ နယ်မြေဆိုတာကို ကျွန်တော်တို့သိပါတယ်။  ဒါပမယ့် ပုံမှန်သွားနေကျ၊ အဲဒီလိုလဲ မဖြစ်ဖူးဆိုတော့ သွားခဲ့တာပါ။

အခုလိုဖြေကြားပေးတဲ့အတွက် DMG က ကျေးဇူးတင်ပါတယ်။

 

ဆက်စပ်သတင်း - တားမြစ်ချိန်အတွင်းသွားလာသည့် ဒေသခံတစ်ဦးကို တပ်မတော်က ပစ်ခတ်ဖမ်းဆီး

 

ဗီဒီယိုများ