မဒေးကျွန်းဒေသမှာ တည်ဆောက်မယ့် ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ဒေသခံတွေ သဘောထားအမြင် ဘယ်လိုရှိလဲ

ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခုကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသတွင် တည်ဆောက် သွားမည်ဖြစ်သည့်အတွက် အဆိုပါစီမံကိန်းအပေါ်တွင် မဒေးကျွန်းဒေသခံများ၏ သဘောထားများနှင့် ပတ်သက်ပြီး DMG မှ ဒေသခံများကို သွားရောက်တွေ့ဆုံမေးမြန်းထားသည်။

28 Apr 2021

DMG ၊ ဧပြီ ၂၈

ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ)စီမံကိန်းကို ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်၌ တရုတ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်သည့် CITIC (China International Trust and Investment Corporation)က လုပ်ပိုင်ခွင့်တင်ဒါ အောင်မြင်ခဲ့သည်။

အဆိုပါ ကျောက်ဖြူ SEZ စီမံကိန်းကို ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်တို့တွင် ရေနက် ဆိပ်ကမ်း၊ စက်မှုလက်မှုနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအထဲမှ ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခုကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသတွင် တည်ဆောက် သွားမည်ဖြစ်သည့်အတွက် အဆိုပါစီမံကိန်းအပေါ်တွင် မဒေးကျွန်းဒေသခံများ၏ သဘောထားများနှင့် ပတ်သက်ပြီး DMG မှ ဒေသခံများကို သွားရောက်တွေ့ဆုံမေးမြန်းထားသည်။

ဦးမောင်မြင့်ခင် (မဒေးကျွန်းဒေသခံ)၊ ကျောက်ဖြူမြို့နယ်

“ကြိုဆိုတယ်၊ လက်ခံတယ်ဆိုတာကတော့ ရှေ့မှာဖြစ်နေတဲ့ (တရုတ်ကုမ္မဏီ) CNPC ကြီးနဲ့ပဲ တိုင်းတာ ကြည့်ရမယ်။ ကျနော်တို့ မဒေးကျွန်းဒေသခံတွေကို အဲဒီတရုတ်စီမံကိန်းကြီး လာတဲ့အချိန်ကစပြီးတော့ တရုတ်တွေက ကျနော်တို့ကို နှိပ်ကွပ်နေတယ်။ အခု ရေနက်ဆိပ်ကမ်းစီမံကိန်း လာမယ်လို့ ကြားသိရတယ်။ သူတို့က လယ်တွေ၊ မြေတွေဝယ်တယ်။ အဲဒီစီမံကိန်းကြီးဝင်လာလို့ရှိရင် ကျနော်တို့မဒေးကျွန်းဟာ ဒီထက်မက ဆိုးရွားသွားမလားဆိုပြီး ခံစားနေရတယ်။

ဒါပေမယ့် ကျနော်တို့ရဲ့ ခံစားနေရတဲ့အပေါ်မှာ သူတို့က ငဲ့ညှာထောက်ထားပြီးတော့ အခုလက်ရှိ တရုတ်စီမံကိန်းထက်မက အခွင့်အလမ်းတွေပေးမယ်၊ အလုပ် အကိုင်တွေ ဖန်တီးပေးမယ်ဆိုရင်တော့ ကျနော်တို့ကလက်ခံလို့ရတယ်။ ဒါပေမယ့် အခုက မှုန်ဝါးဝါးလေးနဲ့ အရင်တစ်ခါ တရုတ်တွေလိမ်သွားသလို အခုထပ်ပြီးတော့ အလိမ်ခံရမှာကိုလည်း ဒေသခံတွေက စိုးရိမ် မိတယ်။ အဲတာကြောင့်မလို့ တွေးကြည့် ရင်တော့ လက်မခံဘူးလို့ပြောချင်ပါတယ်။ လက်မခံသင့်ဘူးလို့ မြင်ပါတယ်”

ဦးမောင်မောင်သန်း (မဒေးကျွန်းဒေသခံ)၊ ကျောက်ဖြူမြို့နယ်

“ကျနော်တို့မဒေးကျွန်းမှာ နောက်ထပ်ရေနက်ဆိပ်ကမ်းစီမံကိန်းအသစ်တစ်ခု လာမယ်လို့ ကြားသိရတာပေါ့။ အဲဒီစီမံကိန်းအပေါ်မှာ ဒေသခံတွေက အမျိုးမျိုးဝေဖန်သုံးသပ်ကြတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၀၉ ခုနှစ်ကစတဲ့ အခုလက်ရှိ CNPC စီမံကိန်းတည်ဆောက်တဲ့ကာလကြားမှာ ဒေသခံတွေရဲ့ ဖြတ်သန်းမှုက တော်တော်လေးကို ကြမ်းတမ်းပြင်းထန်တာပေါ့နော်။ ဒေသခံတွေရဲ့ စားဝတ်နေရေး အဆင်မပြေမှုတွေ၊ နောက် ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်နေတဲ့ ငါးဖမ်းကွက်တွေ ပျောက်သွားတယ်။ ဒါတွေကို ခြုံပြီး ပြောရမယ်ဆိုရင် ဒေသခံတွေရဲ့အမြင်ကတော့ CNPC ကုမ္မဏီကြီးတစ်ခုက ရှေ့ဆောင်လမ်းပြအနေနဲ့ ဒေသခံတွေအပေါ်မှာ တော်တော်လေးကို ရိုက်ခတ်သွားတာကိုတွေ့ရတယ်။ ဆိုတော့ နောက်လာမယ့် (ရေနက်ဆိပ်ကမ်း)စီမံကိန်းဟာ CNPC လိုမျိုး ဒေသကို ဖွံ့ဖြိုးမှုဘာမှမပေးတဲ့ အနေအထားဖြစ်လာမှာကို တော်တော်လေးကို စိုးရိမ်နေကြတယ်။ ကျနော်တို့ကတော့ လာမယ့်စီမံကိန်းကို ကြိုဆိုမှာလား၊ ကန့်ကွက် မှာလားဆိုတာကတော့ စီမံကိန်းရဲ့ ရပ်တည်ချက်အပေါ်မှာပဲ မူတည်မှာပေါ့နော်။

ဒီသံဇစ်မြစ်ဆိုတဲ့ မြစ်ထဲမှာ အရင်တုန်းက လွတ်လွတ်လပ်လပ်ငါးဖမ်းလို့ရတယ်။ အခု CNPC ကုမ္မဏီကြီးက ရေလမ်းကြောင်းသတ်မှတ်လိုက်တဲ့အတွက် ကျနော်တို့ ငါးဖမ်းကွက်တွေပျောက်သွားတယ်။ အဲဒီကြားထဲမှာ ကျနော်တို့အခက်အခဲမျိုးစုံနဲ့ ငါးဖမ်းနေရတယ်။ နောက်ထပ်လည်း ရေနက်ဆိပ်ကမ်းစီမံကိန်းလာခဲ့ရင် အခု ကျနော်တို့ ခက်ခက်ခဲခဲနဲ့ငါးဖမ်းနေတဲ့ ငါးဖမ်းကွက်တွေကို လက်လွှတ်ဆုံးရှုံးရမှာပေါ့နော်။ ဒါကတော့ ကျနော်တို့အတွက် စိန်ခေါ်မှုလို့ပြောရမှာပေါ့။ နောက်ထပ်လာမယ့်စီမံကိန်းက ဒေသခံတွေအပေါ်မှာ ပွင့်လင်း မြင်သာမှုရှိစွာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တကယ်ပေးမယ်ဆိုရင် ကျနော်တို့ကတော့ကြိုဆိုမှာပဲ။ အခု CNPC လိုမျိုး ဒေသခံတွေအပေါ်မှာ ပွင့်လင်းမြင်သာမှု မချပြဘဲ စီမံကိန်းအသစ်ကို အကောင်အထည်ဖော် လိုက်ရင် တော်တော်လေးကို အကြိုက်တွေ့မှာမဟုတ်ဘူးလို့ မြင်တယ်”

ဦးခင်မောင်ညွန့် (မဒေးကျွန်းဒေသခံ)၊ ကျောက်ဖြူမြို့နယ်

“အသစ်လာမယ့်စီမံကိန်းအပေါ် ကျနော်တို့က (အခု CNPC စီမံကိန်းလို ) ဒီအတိုင်းသာဆက်သွားနေမယ် ဆိုရင် လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒီဟာကို ကန့်ကွက်ရမယ်လို့ထင်တယ်။ တချို့တွေကပြောကြတယ် ဒီစီမံကိန်းကို လက်ခံရမယ်၊ ဒီစီမံကိန်းရောက်လာမှ ကျနော်တို့ ပြည်နယ်ဟာ တိုးတက်မယ်၊ ကျနော်တို့ (မဒေးကျွန်း)ဟာ တိုးတက်မယ်လို့ပြောတယ်။ ဘာမှမလုပ်ဘဲနဲ့ ဘာမှမဖြစ်လာဘူးလေ။ တိုးတက်မယ်ဆိုတာ အစပြုရမှာ၊ အခုကတော့ အစပြုတာလည်းမရှိဘူး။ ကျနော်တို့လိုချင်တာက စီမံကိန်းကျလာရင် (မဒေးကျွန်း) သူ/သားတွေ သေသေချာချာမသိဘဲနဲ့ မလုပ်စေချင်ဘူး။ ကျနော်တို့က လုံးဝကန့်ကွက်တာလည်း မဟုတ်ဘူး။ အဲတာကို အခု(CNPC) စီမံကိန်းလိုသွားမယ်ဆိုရင်တော့ မဖြစ်ဘူး၊ တိုးတက်မှာလည်း မမြင်ဘူး”

မခင်ပြည့်စုံ (မဒေးကျွန်းဒေသခံ)၊ ကျောက်ဖြူမြို့နယ်

“စီမံကိန်းအကောင်းတစ်ခု ရောက်လာမယ်ဆိုရင်တော့ ကောင်းတာပေါ့နော်။ မဒေးကျွန်းဒေသခံတွေကို အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်းပေးနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့နော်။ နောက် သူတို့ လုပ်တဲ့အပေါ်မှာ သူတို့တာဝန်ယူမှုရှိရင် ကောင်းတာပေါ့။ ကုမ္ပဏီကြီးတွေဝင်လာပြီး ဒေသခံတွေအတွက် မကောင်းတာတွေလုပ်ရင်တော့ မကောင်းဘူးပေါ့။ ဒေသခံတွေအတွက် ကောင်းတာတွေလုပ်ပေးဖို့ မျှော်လင့်တယ်”

ဦးထွန်းကြည် (ညှိနှိုင်းရေးမှူး) ၊ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း

“လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ (ရေနက်ဆိပ်ကမ်းစီမံကိန်း) ဒီစီမံကိန်းဟာ ဒီဒေသအတွက် ဘယ်လိုမှ အကျိုးခံစားခွင့်ရှိတဲ့စီမံကိန်းမျိုးမဟုတ်ဘူး။ ဒီစီမံကိန်းက ရခိုင်တမျိုးသားလုံးနဲ့ ယှဉ်လို့ရှိရင် ရခိုင်တပြည်လုံးအတွက် ဘာအကျိုးခံစားခွင့်မှမရှိဘူးဆိုလို့ရှိရင် ဒီစီမံကိန်းမျိုးကို ဆန့်ကျင်သင့်တယ်လို့ မြင်တယ်။ ကျနော်တို့နိုင်ငံရဲ့ အဓိကနိုင်ငံရေးပြဿနာဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ တန်းတူအခွင့်အရေးတွေရှိမယ်၊ ဒီလိုစီမံကိန်းတွေက ကျနော်တို့ ရခိုင်လူထုဘယ်လောက်ခံစားခွင့်ရှိမလဲ၊ ရခိုင် လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရက ဘယ်လောက်ထိစီမံခန့်ခွဲခွင့်ရှိမလဲ အခြေအနေထိ ဒီစီမံကိန်းတွေကို ရပ်တန့်ထားသင့်တယ်။ ဒီလိုအခြေအနေမျိုးမဟုတ်ဘဲနဲ့ ဗဟိုအစိုးရတခုတည်းကသာ အရာရာကိုချုပ်ကိုင်ပြီးတော့ လုပ်နေမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ဒေသက ဒီထက်ပိုပြီးတော့ ဆင်းရဲမွဲတေ မှုနဲ့ရင်ဆိုင်ရမယ်။ ဒီထက်ပိုပြီးတော့ ရခိုင်လူထုတွေက ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်နေမှာဖြစ်တယ်”

ဗီဒီယိုများ