“လူငယ်တွေဟာ ဒီလိုဖြစ်စဉ်ပေါ်မှာကြည့်ပြီး နိုင်ငံရေးအပေါ်မှာ တွန့်ဆုတ်သွားမှာကို စိတ်ပူတယ်”

ထိန်းသိမ်းစစ်ဆေးခံခဲ့ရသည့် နှစ်လကျော်ကြာအချိန်အတွင်း နေထိုင်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများနှင့် ပတ်သက်၍ ဖမ်းဆီခံခဲ့ရသည့် NLD ပါတီဝင်သုံးဦးထဲမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်ကို DMG သတင်းထောက်မင်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။

By မင်းထွန်း 02 Jan 2021



AA မှ ပြန်လွှတ်ပေးလိုက်သည့် NLD အမတ် ဒေါ်နီနီမေမြင့်နှင့် ဆက်သွယ်မေးမြန်းခြင်း။

ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို ဇန်နဝါရီလ ၁ ရက်နေ့တွင် AA က ပြန်လွှတ် ပေးခဲ့သည်။

အဆိုပါ NLD ပါတီဝင်သုံးသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ ရွေးကောက်ပွဲစည်းရုံးရေးခရီးသွားရောက်စဉ် AA က ဖမ်းဆီးခဲ့ပြီး နှစ်လကျော်ကြာ ထိန်းသိမ်းစစ်ဆေးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ထိန်းသိမ်းစစ်ဆေးခံခဲ့ရသည့် နှစ်လကျော်ကြာအချိန်အတွင်း နေထိုင်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများနှင့် ပတ်သက်၍ ဖမ်းဆီခံခဲ့ရသည့် NLD ပါတီဝင်သုံးဦးထဲမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်ကို DMG သတင်းထောက်မင်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။

မေး။ နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရတယ်ဆိုတော့ AA လက်ထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်ခဲ့ရလဲ။

ဖြေ။ ကျမတို့ကို ကောင်းကောင်းမွန်မွန်ထားပါတယ်၊ ဘာမှ ထွေထွေထူးထူးသိပ်မရှိပါဘူး။ သူတို့(AA)က မေးမြန်းစရာရှိတာ မေးမြန်းတယ်၊ အေးအေးဆေးဆေးပါ။

မေး။ AA က ဘာတွေကို မေးမြန်းခဲ့တာရှိလဲ။

ဖြေ။ မေးမြန်းတယ်ဆိုတာက သူတို့(AA)သိချင်တဲ့ အချက်အလက်တွေ၊ တပ်နဲ့ပတ်သက်တဲ့ကိစ္စတွေကို မေးတာတွေရှိတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ Personal(ပုဂ္ဂိုလ်ရေး)တွေများပါတယ်၊ ကျန်တဲ့အရာတွေက သိပ်မရှိဘူး။

မေး။ တပ်နဲ့ပတ်သက်ပြီး ဘာတွေကိုမေးမြန်းလဲ။

ဖြေ။ ကျွန်မတို့နဲ့ဆက်စပ်မှုရှိသလားပေါ့။ ကျမတို့နဲ့ ဘယ်လိုလုပ်ပြီး ဆက်စပ်မှာတုန်း။

မေး။ AA က ဖမ်းဆီးထိန်းသိမ်းပြီးစစ်ဆေးတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ၊ ဘာများပြောချင်လဲ။

ဖြေ။ ကျမတို့ကို လိုအပ်ချက်အရ ခေါ်ရတယ်လို့ပြောတယ်ပေ့ါနော်။ နိုင်ငံရေးလိုအပ်ချက်အရ ခေါ်ရတာလို့ အဲလိုမျိုးပြောတယ်။ ကျန်တဲ့ဟာတွေက ဘာမှအထူးတလည်မပြောချင်ပါဘူး။ ဒါပေမယ့် တစ်ခုကတာ့ အဲလိုမျိုး အခုလိုဖြစ်သွားတဲ့ဖြစ်စဉ်အပေါ်မှာ ကျွန်မတို့နိုင်ငံရေးနယ်ပယ်မှာ ဆက်လက်ပြီးတော့ လုပ်ဆောင်မယ့် လူငယ်တွေဟာ ဒီလိုဖြစ်စဉ်ပေါ်မှာကြည့်ပြီး နိုင်ငံရေးမှာဝင်မပါဘဲ တွန့်ဆုတ်သွားမှာကို စိတ်ပူတယ်။ အဲဒါလေးတစ်ခုလေးကိုတော့ စိတ်ပူမိတယ်ပေါ့။

မေး။ ရွေးကောက်ပွဲဝင်ရောက် မယှဉ်ပြိုင်ခဲ့ရတဲ့အပေါ်မှာ ဘယ်များပြောချင်ပါလဲ။

ဖြေ။ ဒါနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဖြစ်သွားတာကလည်း ဖြစ်ပြီးပြီပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး သိပ်ပြီးတော့ မပြောချင်ပါဘူး။ နိုင်သွားတဲ့လူတွေအတွက်လည်း ဝမ်းသာပါတယ်။

မေး။ ဖြည့်စွက်ပြီးဘာများပြောချင်ပါလဲ။

ဖြေ။ အထူးတလည်ပြောချင်စရာတော့မရှိဘူး။ အဲဒီရဲ့ဖြစ်စဉ်အပေါ်မှာ တချို့အဖွဲ့တွေ၊ နီပွန်ဖောင်ဒေးရှင်းတို့ဘာတို့ ဝိုင်းဝန်းပြီးတော့ဆွေးနွေးကြတယ်၊ ညှိနှိုင်းကြတယ်ဆိုတာကို ကျွန်မတို့ အပြင်ထွက်လာတဲ့အခါ သိရတယ်။ ကျွန်မတို့လွတ်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ ဆုတောင်းပေးခဲ့ကြတဲ့အတွက် ပြည်သူတွေအပေါ်မှာ အားလုံးကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ