မြောက်ဦးမြို့အဝင် ၅၄၀ တပ်ရင်း စစ်ဆေးရေးဂိတ် ပိတ်သိမ်းသင့်ပြီလား

အခုအချိန်ဟာ တိုက်ပွဲလည်းမရှိတော့ဘူး။ စစ်ပွဲတွေလည်း မရှိဘူး။ တနည်းအားဖြင့် ဆိုလို့ရှိရင် ဒေသအေးချမ်းတည်ငြိမ်နေတယ်လို့ ပြောရမှာပေါ့။ အဲဒီအချိန်မှာ အများပြည်သူတွေ သွားလာနေတဲ့ ရန်ကုန် စစ်တွေ ကားလမ်းမှာ အခုလို သွားလာနေတဲ့ ခရီးသည်တွေဖြစ်ဖြစ်၊ တခြား ကိစ္စတွေနဲ့ သွားလာနေသူတွေပဲ ဖြစ်ဖြစ် အဲဒီ လူတွေကို အခါအားလျော်စွာ စစ်ဆေးနေတာဟာ လူတွေအတွက် တစုံတရာ စိတ်အနှောင့်အယှက် ဖြစ်စေတယ်။

14 Aug 2021

DMG ၊ ဩဂုတ် ၁၄

(VoxPop)

ရခိုင်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အချိန်က ဖွင့်လှစ်ခဲ့ မြောက်ဦးမြို့အဝင် ၅၄၀ ခြေမြန်တပ်ရင်းက ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်ဟာ အခုအချိန်မှာ ပြန်လည် ပိတ်သိမ်းသင့်ပြီလားဆိုတာ ဒေသခံတွေ ဝေဖန်ထောက်ပြနေကြပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်မှာ အခုအချိန်ထိ ဆိုင်ကယ်၊ ဆိုက္ကား၊ စက်ဘီးတွေဟာ ဆင်းတွန်း၍ သွားလာနေရပါတယ်။ အလားတူ ကားကြီး၊ ကားငယ်တွေလည်း ပါလာတဲ့ ခရီးသည်တွေအားလုံးကို စစ်ဆေးတာ၊ မှတ်ပုံတင်ပြရတာနဲ့ အသွားအပြန်အတွက် နေရာအတိအကျပြောပြရပြီး ဘယ်အချိန်ပြန်လာမှာလဲဆိုတာကိုပါ အသေးစိတ် စစ်ဆေးနေတဲ့အတွက် ဒေသခံအဖို့ စိတ်မချမ်းမြေ့စရာတွေ ဖြစ်နေပါတယ်။ အခု တိုက်ပွဲငြိမ်သက်နေတဲ့ကာလမှာ အဲဒီလိုစစ်ဆေးတာတွေဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်တဲ့အပြင် လုံခြုံမှုမရှိတဲ့အပြုအမူ ဖြစ်နေသလား၊ ဒါမှမဟုတ် ဒေသတည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေသလားနဲ့ စစ်ဆေးတာတွေရပ်တန့်ပြီ ဂိတ်ကိုပါ ပိတ်သိမ်းသင့်ပြီလားဆိုတာ ဒေသခံတွေကို DMG မှ စုစည်းကာ မေးမြန်းထားပါတယ်။

ဦးထွန်းသာစိန်

(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ မြောက်ဦးမြို့နယ်)
.....................
အခုအချိန်ဟာ တိုက်ပွဲလည်းမရှိတော့ဘူး။ စစ်ပွဲတွေလည်း မရှိဘူး။ တနည်းအားဖြင့် ဆိုလို့ရှိရင် ဒေသအေးချမ်းတည်ငြိမ်နေတယ်လို့ ပြောရမှာပေါ့။ အဲဒီအချိန်မှာ အများပြည်သူတွေ သွားလာနေတဲ့ ရန်ကုန် စစ်တွေ ကားလမ်းမှာ အခုလို သွားလာနေတဲ့ ခရီးသည်တွေဖြစ်ဖြစ်၊ တခြား ကိစ္စတွေနဲ့ သွားလာနေသူတွေပဲ ဖြစ်ဖြစ် အဲဒီ လူတွေကို အခါအားလျော်စွာ စစ်ဆေးနေတာဟာ လူတွေအတွက် တစုံတရာ စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ဒီကာလဟာ ငြိမ်းချမ်းတဲ့ ကာလတစ်ခုဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ စစ်ဆေးမှုတွေကို မပြုလုပ်တာဟာ အကောင်းဆုံးလို့ ထင်ပါတယ်။

နောက်တစ်ခုက ဂိတ်ကို ည ၆ နာရီဆိုရင် ပိတ်တယ်ဆိုတော့ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနေတဲ့ ကာလလည်းဖြစ်တယ်။ နေရာတိုင်းမှာ ကိုဗစ်ရောဂါနဲ့ ပတ်သတ်လို့ လူတွေကို တွေ့ရတယ်။ အရေးကြီးတဲ့ လူနာတွေကိုတွေ့ရတယ်။ တကယ်လို့သာ ညအချိန်မတော်အရေးကြီး လူနာတွေကို မြို့ပေါ်ဆေးရုံဆေးခန်းကို သွားဖို့အတွက်ဆိုရင် အခက်အခဲတွေဖြစ်မယ်။ ပြည်သူတွေအတွက်လည်း ဒုက္ခရောက် သွားနိုင်တယ်။ လူ့သဘာဝအရ လွတ်လပ်စွာ သွားလာလှုပ်ရှားချင်ကြတယ်။ လွတ်လပ်စွာ စီးပွား ကုန်သွယ်ချင်ကြတယ်။ လိုလားနှစ်သက်ကြတယ်။ ဆိုတော့ ဒီလို တည်ငြိမ်နေတဲ့ ကာလမှာ စစ်ဆေးမေးမြန်း ခြင်းတွေ လုပ်နေတာဟာ လူတွေအတွက် စိတ်ပျက်စရာ စိတ်အနှောင့်အယှက်ဖြစ်စရာ တွေဖြစ်တယ်။

ကိုဇော်ထွန်း

(မြောက်ဦးဒေသခံ)
.....................
၅၄၀ ဂိတ်က အခုလို စစ်ဆေးမှုတွေ ပြုလုပ်နေတာဟာ တစ်နှစ်ကျော် နှစ်နှစ်လောက်ရှိနေပြီ။ အဲဒီဂိတ်မှာ စစ်တပ်ချထားတာလည်းရှိတယ်။ ဆိုတော့ သူတို့ရဲ့ တပ်လုံခြုံရေးအရ ဆိုပြီးတော့ စစ်ဆေးတယ်။ အဲဒီ ဂိတ်မှာလည်း ပြီးခဲ့တဲ့ တစ်နှစ်လောက်က အေအေက ရဲဘော်တွေ ဖမ်းဆီးရမိခဲ့တာတွေလည်းရှိတယ်။ သူတို့အနေနဲ့ အဲဒီဂိတ်တစ်ခုကိုထားခြင်းအားဖြင့် စစ်ရေး၊ လုံခြုံရေးအရ တချို့သတင်းအချက်အလက်တွေ၊ အရေးပါတာတွေလည်းဖြစ်နိုင်တယ်။ တစ်ဖက်မှာလည်း စစ်ရေးတစ်ခုတည်းကိုကြည့်ပြီး ပြည်သူကို မကြည့်ဘူးလို့ ပြောလို့ရတယ်။ သူတို့အနေနဲ့ စစ်ရေးအရ လုပ်တဲ့အခါ ပြည်သူတွေက ကြည့်တဲ့အခါ  လူ့ဂုဏ်သိက္ခာအရ နိမ့်ကျတယ်ပေါ့နော်။ ဥပမာဆိုရင် ဂိတ်တစ်ခုကို ဖွင့်ထားတာလည်း မဟုတ်ဘူး။ ညနေ ၆ နာရီဆိုရင်ပိတ်ပြီ။ ဒီလို ပိတ်လိုက်တော့ ကျန်းမာရေးအရ သွားလာရတဲ့သူတွေ၊ ခရီးအဝေးမှ ပြန်လာကြတဲ့သူတွေ၊ လူမှုရေးပွဲတစ်ခုခုသွားရာမှ အိမ်ပြန်နောက်ကျတဲ့သူတွေဆိုရင် မြို့ဝင်ခွင့်မရကြဘူး ဖြစ်သွားတယ်။

လူမှုရေးအရဆိုရင်လည်း အများကြီး စိတ်အနှောင့်အယှက်ဖြစ်တယ်။ စီးပွားရေးအရ ဆိုရင်လည်း အနှောင့်အယှက်ဖြစ်တယ်။ တဖက်မှာလည်း သူတို့နဲ့ပြည်သူတွေ ဆက်ဆံရေးဟာ အစကတည်းက မကြိုက်ကြတဲ့ သူတွေဆိုတော့ အခုဒီလိုမျိုးလုပ်နေတာဟာ လူ့အဖွဲ့အစည်းနဲ့ ပိုပြီးတော့ ဝေးသွားတာပေါ့။ ဖြစ်သင့်တာကတော့ ဒီလိုမျိုးတိုက်ပွဲ မဖြစ်တဲ့ကာလတွေမှာ သူတို့အနေနဲ့ စစ်ဆေး မေးမြန်းခြင်းကို ရပ်တန့်သင့်တာကြာပြီ။ ဒါပေမဲ့လည်း ဒီနေ့အချိန်ထိအောင် လွတ်လပ်စွာ သွားခွင့်မရတာကတော့ ဘာကြောင့်လည်းတော့ မသိဘူးပေါ့ဗျာ။ သေချာတာ တစ်ခုကတော့ လူတို့ရဲ့ ဂုဏ်သိက္ခာအရလည်း ထိခိုက်တယ်။ ကျန်းမာရေးဖက်မှာလည်း ထိခိုက်တယ်။ စီးပွားရေးလုပ်နေကြတဲ့သူတွေမှာလည်း ထိခိုက်တယ်။ ထိခိုက်မှုကတော့အများကြီး။ ကျနော်တို့ဆိုရင် ကိုယ်တွေ့ကြုံဖူးတယ်။

စစ်ဘေးရှောင်တွေကို ပစ္စည်းဖြန့်ပေးဖို့သွားတယ်။ လှူဖို့သွားတယ်။ အဲဒီအချိန်မှာ စစ်တပ်က ကားကိုစစ်ဆေးတယ်။ ပစ္စည်းတွေကို စစ်ဆေးတယ်။ ဘယ်ကလာတာလဲ ဘယ်ကိုသွားတာလဲ ဘယ်မှာနေတာလဲ အစမေးမြန်းတယ်။ တရားခံကို စစ်ဆေးမေးမြန်းနေသလိုမျိုးမေးတယ်။ အရမ်းကို စိတ်ပျက်ဖို့လည်းကောင်းတယ်။ အခုချိန်မှာ အစိုးရကလည်း မိမိကိုယ်ကို အိမ်စောင့်အစိုးရလို့ ကိုယ့်ကို ကိုယ်ကြေငြာထားတယ်။ အစိုးရတစ်ရပ်ဆိုတာ ပြည်သူကို လေးစားရမယ်။ ပြည်သူကို မိဘလို သဘောထားရမယ်ဆိုပြီး အဲဒီလို အယူအဆ သူတို့မှာ ရှိသင့်တယ်။ အစိုးရ ဟာ အစိုးရနဲ့တူဖို့အတွက် ပြည်သူကို လေးစားရမယ်။ ပြည်သူကို ကိုယ့်ဖက်ပါအောင် စည်းရုံးရမယ်။ ပြည်သူကိုတန်ဖိုးထားရမယ်။ အဲဒီလို တန်ဖိုးထားကြောင့်ပြချင်တယ်၊ လေးစားကြောင့် ပြချင်တယ်ဆိုရင် ဒီလူတွေနဲ့ သဟ ဇာတဖြစ်ချင်တယ်ဆိုရင်တော့ ကျနော်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်မျိုး၊ အခက်အခဲဖြစ်စေတယ်လုပ်ရပ်မျိုးကို အမြန်ဆုံးရပ်တန့်ပေးဖို့ လိုအပ်ပါတယ်။

ဒီမြောက်ဦး ဝင်ဝဂိတ်တစ်ခုတည်းမဟုတ်ဘဲ စစ်တပ်ရဲ့ ပြုမှုဆက်ဆံရေးတွေဟာ ရိုင်းစိုင်းတဲ့ အပြုအမူတွေရှိတယ်။ ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူမျိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်လို့ရတဲ့ခေတ်က ကုန်သွားပြီ။ လူကို လူချင်းလေးစားရမယ်။ တန်ဖိုးထားရမယ်ဆိုတဲ့ ခေတ်ကိုရောက်သွားပြီ။ အခုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က အုပ်ချုပ်ခဲ့တဲ့ အတွေးအခေါ်တွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်မယ်ဆိုရင်တော့ ရခိုင့်လူ့အဖွဲ့အစည်းနဲ့ သူတို့နဲ့ ကင်းကွာသွားနိုင်တဲ့ အကြောင်းပဲရှိမယ်။

ဦးစိုးထွန်း

(မြောက်ဦးဒေသခံ)
.....................
ဒါတွေဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ။ ဂျောင်ဂြိုဂျောင်းကြားလမ်းတွေလည်းမဟုတ်ဘူး။ လမ်းမကြီးထက်မှာ အချိန်အကြာကြီး ကားတွေတန်းစီ လူကိုယ်တိုင်ဆင်းပြီးတော့ စာရင်းသွင်းရတယ်။ ဆိုင်ကယ်တွေဆိုရင်လည်း ဆင်းတွန်းရတယ်။ တခါတလေ လမ်းမကြီးဟာ ကားတွေနဲ့ ပိတ်ပြီးတော့မကုန်သင့်တဲ့ အချိန်တွေ ကုန်သွားတယ်။ ဒါဟာမဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ။ ကျနော်တို့အနေနဲ့လည်း ပြောပါတယ်။ တခြား ဂိတ်တွေကိုလည်း ကျနော်တို့ အမြဲတမ်းလိုလို သွားနေတာ။ စစ်တွေ၊ ကျောက်တော်သွားတဲ့ လမ်းမတွေမှာလည်း တပ်မတွေလည်း စစ်ဆေးတယ်။

သူတို့မှာ အရင်တုန်းကဆိုရင် စစ်ဆေးမေးမြန်းတယ်။ အခုဆိုရင် ကြည့်ရုံလောက်ပဲ ကြည့်တော့တယ်။ ကျနော်တို့ မြောက်ဦးအဝင် ဂိတ်တစ်ခုတည်းသာ လမ်းကို ဆင်းပြီးတွန်းရတယ်။ ကားဆိုရင် ဆင်းပြီးတော့ စာရင်းပေးရတယ်။ ကားတွေဟာ တစ်စီးပြီးတစ်စီး ရပ်ထားရင် မလိုလားအပ်ဘဲ လမ်းတွေ ပိတ်ဆို့သွားတယ်။ အချိန်ကြန့်ကြာမှုတွေဖြစ်တယ်။ ဂိတ် အစ အဆုံးကို သူတို့ နေရာယူထားတယ်။ ခြံတံခါးကို ပိတ်ထားတယ် ပေါ့နော် ပေ ၅၀ ကျော် လောက်တော့ ရှိမယ်။ အဲဒီမှာ ဆိုင်ကယ် စက်ဘီးဆိုရင် ဆင်းတွန်းပြီးတော့ သွားရတယ်။ ကားဆိုရင်လည်း အဝမှာ ရပ်ထားခဲ့ပြီး ဆင်းလို့ စာရင်းသွားပေး ရတယ်။ ပြီးမှ ပြန်လာ ကားကို ပြန်မောင်းပြီးသွားရတယ်။ ဒေသခံ ခရီးသည်တွေအတွက် စိုးရိမ်စိတ် ဖြစ်ရတာထက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်။

ဘာမှ မဖြစ်စလောက်ဟာလည်းကို ဆင်းပြီးတော့ စာရင်းပေးရတယ်။ လမ်းတွေပိတ်သွားတယ် အဲဒီလောက်ပါ။ စာရင်းကိုင်တဲ့ သူကို ကျနော် တခါပြောလိုက်ပြီ ဒီလိုမျိုး ဘယ်ဂိတ်မှာမှ မရှိတော့ဘူးလို့ တခြားဂိတ်တွေဆိုရင် open ဖြစ်သွားပြီးဆိုတော့ သူတို့ရဲ့ အရာရှိကို ခေါ်လိုက်တော့ သူက စာရင်းလေးပေးတာ ဘာဖြစ်သွားလို့လဲ အဲဒီလို ကျနော်တို့ကို ပြန်ပြောလိုက်ပါတယ်။  အလိုလို လမ်းခရီးကြန့်ကြာတယ်ပေါ့နော်။ လမ်းခရီးပြောင့်လို့သွားရမယ့် နေရာတွေမှာ အနှောင့်အယှက်တွေ ဖြစ်တယ်။ လမ်းကြိုလမ်းကြားဆိုရင်တော့ တမျိုးပေါ့နော် အခုတော့ တိုက်ပွဲလည်းမရှိတော့ဘူး။ ဒါဟာ မဖြစ်သင့် ဘူးလို့ ထင်ပါတယ်။

ကိုခိုင်မင်းသျှင် (ဥက္ကဋ္ဌ)

(မြောက်ဦးလူငယ်များအစည်းအရုံး - MUYA)
.....................
တိုက်ပွဲမဖြစ်ဘဲ အခုလို ငြိမ်းငြိမ်းချမ်းချမ်းကာလမှာ မသင်္ကာလို့ စစ်ဆေးတာတွေရှိတယ်၊ နောက်တစ်ခုက တပ်ရင်းရှေ့ကို ရောက်ရင် ဆိုင်ကယ်စက်ရပ်တန့်ပြီး ဆင်းတွန်းရတယ်။ ပေ ၆၀ အကွာအဝေးလောက်ရှိတဲ့  ဂိတ်ဝ အလွန်ထိ တွန်းရတယ်ပေါ့နော်။ ဒါက တဘက်အမြင်မှာလည်း မကာင်းသလို ဂုဏ်သိက္ခာနှင့်လည်း မညီညွတ်ဘူး။ အဓိကတော့ အခုလို ငြိမ်းငြိမ်းချမ်းချမ်းကာလမှာ အဲဒီလို အာဏာပြဖို့တော့ မလိုအပ်ဘူးလို့ ထင်ပါတယ်။ ပြည်သူတွေအပေါ်မှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိတယ်။ တစ်ချို့လူတွေဆိုရင် အဲဒီလမ်းကတောင် ဖြတ်ပြီး မသွားချင်ကြဘူး။ ဒါပေမဲ့ အဲဒီဂိတ်ကို ဖြတ်ပြီး  မင်းပြားဘက်ကိုသွာတဲ့ လမ်းမို့လို့ မဖြစ်မနေ ဖြတ်ကြရတယ်။ တခါတလေ အဲဒီ အမည်စာရင်းပေးတဲ့နေရာမှာ တင်တင်းမာမာ ဆဲဆော် အော်ငေါက်တာတွေလည်းရှိတယ်။ ကျနော်တို့တောင် ခံရဖူးတယ်။ အခုလို ငြိမ်းချမ်းနေတဲ့ကာလမှာ အခု လုပ်နေသလိုမျိုး မလုပ်ကြဖို့ ပြောချင်ပါတယ်။

ဗီဒီယိုများ