“သန့်ရှင်းအားကောင်းတဲ့ ရခိုင့်နိုင်ငံရေးစနစ်တစ်ခု ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားဖို့ရှိပါတယ်”

ရခိုင်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် လူငယ်ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းခြင်း

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက်(၂၅)နှစ်အရွယ် ဦးမောင်ဝင်းစိုး နှင့် ဆက်သွယ်...

By မင်းထွန်း 26 Sep 2020

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲတွင် ရခိုင့်ဦးဆောင်ပါတီ(AFP) ကိုယ်စားပြု၍ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက်(၂၅)နှစ်အရွယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်ဝင်းစိုး ကို DMG သတင်းထောက် မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

မေး - လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ အကြောင်းကို ပထမဆုံး ပြောပြပေးပါ။

ဖြေ - အခု ကျနော်တို့ ရခိုင်ပြည်မှာက ပြဿနာတွေ အများကြီးရှိနေတယ်။ ဆိုတော့ ရခိုင်မှာတွေ့ကြုံနေရတဲ့ ပြဿနာတွေရဲ့ အမှန်တရားကို တာဝန်ရှိသူတွေ လျစ်လျူမရှုနိုင်ဖို့ လွှတ်တော်မှာ ရဲရဲဝံ့ဝံ့ တင်ပြဆွေးနွေးခွင့်ရချင်လို့ ဝင်ပြိုင်ရတာဖြစ်တယ်။ ပြီးရင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးတွေဟာလည်း အခုဆိုရင် နှောင့်နှေးမှုတွေရှိတယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့် နှောင့်နှေးမှုမရှိအောင် ကိုယ်ကျိုးမထားဘဲ ဆောင်ရွက်ပေးချင်လို့ ဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။

မေး - AFP ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ အကြောင်းကိုလည်း အကျဉ်းချုပ် ရှင်းပြပေးပါ။

ဖြေ - ပါတီတစ်ခုချင်းစီမှာတော့ မူဝါဒကိုယ်စီ ရှိကြတာပေါ့။ ဒါပေမယ့် AFP ပါတီမူဝါဒကကျတော့ ရခိုင်ပြည်အတွက် ကျနော်လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှုအရှိဆုံးဖြစ်တယ်။ ပြီးရင် တကယ့်လေးစားရတဲ့ ခေါင်းဆောင်ကြီး ဒေါက်တာအေးမောင်ကို ခံတပ်သဖွယ် ဝန်းရံတာဖြစ်သလို ကျနော်ဟာ ဒေါက်တာအေးမောင် လိုမျိုး ရခိုင်ပြည်အတွက် အနစ်နာခံနိုင်တဲ့ မျိုးဆက်သစ်တစ်ယောက်ဖြစ်ချင်လို့ AFP ပါတီရဲ့မူဝါဒတွေနဲ့ ကိုက်ညီလို့ ဒီပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။

မေး - နိုင်ငံရေးလောကထဲဝင်မယ့် လူငယ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံနဲ့ အလုပ်အကိုင်အကြောင်းကိုလည်း သိပါရစေ။

ဖြေ - ကျနော်ကတော့ တက္ကသိုလ်ဝင်တန်း ကျုရှင်ဆရာတစ်ယောက်ဖြစ်ပါတယ်။ ကျနော် ဆယ်တန်းအောင်ပြီး ၁၇ နှစ်အရွယ်ကနေ ကျနော့်ဇာတိဖြစ်တဲ့ ပေါက်တောမြို့နယ်၊ (ဝင်းကျွန်း)ကုလားချောင်းမှာ ၂ နှစ် စာသင်ခဲ့ပါတယ်။ အဲဒီလိုစာပြရင်း အဝေးသင်တက်ခဲ့ရတယ်။ အဝေးသင်တက်ပြီး နောက်ပိုင်းမှာလည်း မင်းပြားမြို့က ဆရာကြီးတစ်ဦးရဲ့လမ်းညွန်မှုအောက်မှာ ၃ နှစ် စာပြရင်းနေခဲ့တယ်။ ကျနော်က အမြဲတမ်းစာပြလို့နေတယ်။ နောက် ကျနော်က ငယ်ငယ်တုန်းကနေ ခံယူချက်ပြင်းတယ်။ ပြီးရင် သမိုင်းပညာရပ်ဆိုင်ရာ၊ နိုင်ငံရေးပိုင်းဆိုင်ရာတွေကို စိတ်ဝင်စားမှု အများကြီးရှိတယ်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ ရခိုင်လူငယ်အခင်းအကျင်းတွေကို အမြဲတမ်းလေ့လာဖြစ်တယ်။ ဆိုတော့ အခုလိုကာလမှာ လူငယ်အခန်းကဏ္ဍကလည်း ပါဝင်ရမယ်၊ မပါဝင်လို့မဖြစ်ဘူးဆိုပြီး ကျနော်က ယုံကြည်ချက်ရှိရှိနဲ့ အခုကျုရှင်ဆရာ/ကျောင်းဆရာဘဝကို စွန့်လွှတ်ပြီး နိုင်ငံရေးလောကထဲကို ဝင်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာဖြစ်တယ်။

မေး - ရွေးကောက်ပွဲဝင်ပြိုင်မယ့် လူငယ်ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေရှိလဲ။

ဖြေ - အခက်အခဲတွေကကျတော့ နည်းများမဆို ကြုံတွေ့ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က လူငယ်တစ်ဦးဖြစ်တယ်။ ပြီးတော့ ကျနော်က အခုမှ အသက် ၂၀ ကျော်အရွယ်ပိုင်းဆိုတော့ အတွေ့အကြုံအားနည်းချက်ရှိမယ်ဆိုပြီး တချို့က အထင်သေးတာတွေလည်း ရှိကြမယ်။ အဲဒီလို အထင်သေး၊ အမြင်သေးတာတွေလည်း ရှိနိုင်တယ်ပေါ့။ အခုက ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို ချောချောမွေ့မွေ့မကျဘူး။ လက်ရှိ ပါတီနိုင်ငံရေးစနစ်ကိုလည်း ပြည်သူလူထုတွေ စိတ်ဝင်စားမှုအနိမ့်ဆုံးဖြစ်နေတဲ့ အချိန်ကာလလည်းဖြစ်တယ်။ ရွေးကောက်ပွဲကာလဖြစ်နေပေမယ့် ပြည်သူလူထုတွေက စိတ်ဝင်စားမှု၊ အာရုံစူးစိုက်နိုင်မှု အနည်းဆုံးအချိန်ဖြစ်နေတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲကာလဟာ လုံးဝကို ၂၀၁၅ ကာလထက် သိသိသာသာကျဆင်းနေတယ်။ ဒါကြောင့် အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေက အများကြီးရှိနိုင်တယ်။

မေး - ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ ဘယ်လောက်ထိ ယုံကြည်ထားလဲ။

ဖြေ - ဒီဟာကကျတော့ ပြည်သူတွေရဲ့ရွေးချယ်မှုပေါ့။ အနိုင်ရမယ်၊ အနိုင်မရဘူး ဆိုတာကတော့ ကောက်ချက်ချလို့တော့မရဘူး။ ဘယ်လောက်ရာခိုင်နှုန်းလောက် အောင်နိုင်မယ်ဆိုတာကိုလည်း ခန့်မှန်းလို့မရဘူး။ ဘာလို့လဲဆိုတော့ ဒီဟာက ပြည်သူတွေရဲ့ယုံကြည်မှု၊ ပြည်သူတွေကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ကျနော်တို့ကတော့ တက်နိုင်သလောက် အောင်နိုင်ရေးကို ခရီးရောက်အောင် လုပ်နေကြပေမယ့် ပြည်သူကပဲ ရွေးချယ်ပါလိမ့်မယ်။

မေး - ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဘာတွေကို အဓိကထား ပြုပြင်ပြောင်းလဲသွားမယ်လို့ စဉ်းစားချက်တွေ ရှိလဲ။

ဖြေ - ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ လျစ်လျူမရှုဖို့ လွှတ်တော်ထဲမှာ ရဲရဲဝံ့ဝံ့တင်ပြမယ်။ နောက် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးတွေကို နှောင့်နှေးမှုမရှိဘဲ စွမ်းစွမ်းတမံ ဆောင်ရွက်ချင်တယ်။ နောက်တစ်ခုက နိုင်ငံရေးကို ဗန်းပြပြီးတော့ ကိုယ်ကျိုးစီးပွားရှာနေကြတဲ့၊ အဂတိလိုက်စားမှုရှိနေကြတဲ့ နိုင်ငံရေးအဖျက်သမားတွေကိုလည်း ကျနော်တို့ ရခိုင့်နိုင်ငံရေးအသိုင်းအဝိုင်းက လုံးဝလက်မခံအောင်၊ သန့်ရှင်းအားကောင်းတဲ့ ရခိုင့်နိုင်ငံရေးစနစ်တစ်ခု ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ဦးမောင်ဝင်းစိုးကို ကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ