NCA ရှိသေးလား ???

မြန်မာ့နိုင်ငံရေး လက်နက်ကိုင်ပဋိပက္ခများကို တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများမှအဖြေရှာရန် အစိုးရနှင့် EAOs ၁၀ ဖွဲ့တို့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်လည်း လက်ရှိတွင် NCA ရေးထိုးခဲ့သည့် EAOs အဖွဲ့တချို့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ၎င်းစာချုပ်ပါလုပ်ငန်းစဉ်တို့မှာ ရပ်တန့်နေတော့သည်။ ယင်းကြောင့် NCA စာချုပ်ရှိသေးလား၊ ပျက်သွားပြီလား။ စာချုပ်ပါစည်းကမ်းတွေကို ဘယ်သူကချိုးဖောက်တာလဲ။ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ဆောင်သင့်လဲ စသည့်တို့နှင့်ပတ်သက်ပြီး NCA ထိုးထားသည့် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ နိုင်ငံခြားရေးဌာနတာဝန်ခံ ဖဒိုစောတာနီးကို DMG က ဆက်သွယ်မေးမြန်းထားသည်။

By DMG 07 Jan 2022

“NCA ဟာ လေဖြတ်ထားတဲ့ လူနာတစ်ယောက်နဲ့ တူတယ်။ လုံးဝလှုပ်လို့မရတော့ဘူး။ သေတော့မသေဘူး။ ဘာမှမျှော်လင့် ချက်မရှိတော့ဘူး”

မြန်မာ့နိုင်ငံရေး လက်နက်ကိုင်ပဋိပက္ခများကို တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများမှအဖြေရှာရန် အစိုးရနှင့် EAOs ၁၀ ဖွဲ့တို့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်လည်း လက်ရှိတွင် NCA ရေးထိုးခဲ့သည့် EAOs အဖွဲ့တချို့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ၎င်းစာချုပ်ပါလုပ်ငန်းစဉ်တို့မှာ ရပ်တန့်နေတော့သည်။

ယင်းကြောင့် NCA စာချုပ်ရှိသေးလား၊ ပျက်သွားပြီလား။ စာချုပ်ပါစည်းကမ်းတွေကို ဘယ်သူကချိုးဖောက်တာလဲ။ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ဆောင်သင့်လဲ စသည့်တို့နှင့်ပတ်သက်ပြီး NCA ထိုးထားသည့် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ နိုင်ငံခြားရေးဌာနတာဝန်ခံ ဖဒိုစောတာနီးကို DMG က ဆက်သွယ်မေးမြန်းထားသည်။

မေး- NCA ပါအချက်အလက်တွေကိုချိုးဖောက်ရင် လုံခြုံရေးအရဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဘက်ကနေ ပြောထားတာရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ- NCA က နိုင်ငံရေးပြဿနာကို နိုင်ငံရေးယဉ်ကျေးမှုအဖြစ်နဲ့ဖြေရှင်းမယ်လို့ ကျနော်တို့အားလုံး သဘောတူပြီးတော့ စစ်ကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တာ။ အဲဒါကိုလိုက်နာမှုမရှိဘဲ အထူးသဖြင့် နိုင်ငံရေးအကြမ်းနည်းနဲ့ အာဏာသိမ်းလိုက်တဲ့အခါကျတော့ NCA ကို စစ်ကောင်စီက ချိုးဖောက်ပြီးသားဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ကို ကျနော်တို့ဘက်ကချိုးဖောက်သလို ပြောလာတာဟာ မှားပါတယ်။ အဲဒါကြောင့်မို့ လက်ရှိအခြေအနေအရ NCA ကို အကောင်အထည်ဖော်ဖို့ရာမှာ ကျနော်တိုနဲ့ တောက်လျှောက်ပြဿနာရှိခဲ့တယ်။ အထူးသဖြင့် စစ်ကောင်စီက လုံးဝမလိုက်နာဘူး။ အဓိကတော့ သူ့ဘက်ကအကောင်အထည်ဖော်ရေးကို လုံးဝမလုပ်ချင်ဘူး။ NCA အခြေခံမူတွေကိုချိုးဖောက်သလို NCA ထဲမှာပါတဲ့ အခန်းအားလုံး ၇ ခန်းလုံးကို တခုမှမလိုက်နာဘူး။ လုပ်ချင်ရာလုပ်နေတဲ့အခါ ငြိမ်းချမ်းရေးဖြစ်စဉ်တလျှောက်လုံးမှာ ကြုံတွေ့ရတာက ဒီအချိန်ဒီကာလမှာ ကျနော်တို့ကို NCA အကြောင်းကိုလာပြောလည်း ဘာမှနားမထောင်နိုင်ဘူး။ ကျနော်တို့လည်း ကြုံတွေ့ခဲ့ရမှုပေါင်းများပြီ။ လက်ရှိအနေအထားအရ အာဏာသိမ်းလိုက်တဲ့အပေါ်မှာ NCA ဟာ လုံးဝအလုပ်မဖြစ်တော့ဘူး။ အလုပ်ဖြစ်စရာအကြောင်းလည်း မရှိတော့ဘူး။

ဘာဖြစ်လို့လည်းဆိုရင် အချိန်ကာလရှိတုန်းက ကောင်းကောင်းမွန်မွန်မလုပ်ခဲ့ဘူး။ ဒီအာဏာသိမ်းလိုက်တဲ့ အခါကျမှ ဒီ NCA ကို တဖွဖွနဲ့လာပြောလို့ကတော့ ကျနော်တို့လက်ခံလို့မရနိုင်တော့ဘူး။ သို့သော် NCA ဟာ စာချုပ်တခုဖြစ်တဲ့အတွက် စာချုပ်ကတော့မပျက်ဘူး။ သူ့ဟာသူနေတယ်။ သို့သော်ငြားလည်း အကောင်အထည်ဖော်ရေးကိစ္စမှာ စစ်တပ်ဘက်က တောက်လျှောက်ထော်လော်ကန့်လန့်လုပ်နေတဲ့ အခါကျတော့ ဒီအချိန်ဒီကာလမှာ NCA ကို ဘာမှစဉ်းစားစရာ အကြောင်းမရှိဘူး။
နောက်ပြီးတော့ NCA ရေးထိုးရခြင်းရဲ့အဓိကရည်ရွယ်ချက်ဟာ အဓိကက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့။ ဖြည့်စွက်ဖို့၊ ပယ်ဖျက်ဖို့ဆိုပြီးတော့ ကျနော်တို့သဘောတူထားတာဖြစ်တယ်။ သို့သော်ငြားလည်း ဒီအချိန်ဒီကာလမှာ စစ်တပ်ကအာဏာသိမ်းလိုက်လိုက်တဲ့အခါ ဒါတွေလုံးဝစဉ်းစားစရာအကြောင်းမရှိဘူး။ ဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ နိုင်ငံရေးပြဿနာကို ရှေ့ဆက်ပြီးဖြေရှင်းနိုင်ဖို့အရေးဆိုရင် ဒီထက်ကောင်းတဲ့ နည်းတွေပဲရှာရတော့မယ်ဆိုတာ ကျနော်တို့ဆုံးဖြတ်ချက် ချပြီးသား။ ဒါကြောင့် ဒီနေ့ဒီအချိန်မှာ ကျနော်သတင်းဌာနတွေကို တောက်လျှောက်ပြောတာက NCA ဟာ လေဖြတ်ထားတဲ့လူနာတစ်ယောက်နဲ့ တူတယ်။ လုံးဝလှုပ်လို့မရတော့ဘူး။ သေတော့မသေဘူး။ ဘာမှမျှော်လင့်ချက်မရှိတော့ဘူးလို့ ကျနော်ပြောချင်တယ်။

မေး- NCA အပေါ် ပြည်သူလူထုနဲ့ ကျန်နေသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ယုံကြည်မှုအားနည်းတာ ဘာကြောင့်လဲ။

ဖြေ- ယုံကြည်မှုအားနည်းရတဲ့ အကြောင်းကတော့ တောက်လျှောက် ကျနော်ပြောနေတယ်။ NCA သာမက ဘယ်စာချုပ်ပဲဖြစ်ပါစေဗျာ။ နှစ်ဦးနှစ်ဘက်ဖြစ်စေ၊ လူအများကြီးဖြစ်စေ၊ သဘောတူတဲ့စာချုပ်ကို ရေးထိုးထားပြီး ထိုးထားတဲ့အတိုင်း အကောင်အထည်မဖော်နိုင်ရင် ပျက်စီခြင်းကိုသွားတဲ့လမ်းက တော်တော်များတယ်။ အဲဒါကြောင့် ဘယ်သူ၊ ဘယ်အဖွဲ့ရယ်လို့မဟုတ်ဘူး။ လက်မှတ်ထိုးထားတဲ့ဟာကို မထိုးထားတဲ့အဖွဲ့တွေက စိတ်မဝင်စားတာကတော့ ဘာမှမထူးဆန်းဘူးပေါ့။ ဒါကလည်း ဖြစ်လေ့ဖြစ်ထာရှိမှာပဲ။ ဖြစ်မှာဘဲ။ ဒီလိုပဲ ကျနော်လည်းမြင်တယ်။

မေး- NCA ချိုးဖောက်တဲ့အကြောင်းရင်းက ဘာတွေဖြစ်မလဲ။

ဖြေ- NCA ချိုးဖောက်ရတဲ့အကြောင်းရင်းက အခန်း ၃ အခန်း ၄ မှာရှိတဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်လုပ်ဖို့ဆိုတာရှိတယ်။ တပ်ချင်းတပ်တွေ့ရမယ်။ ဆိုလိုတာက ကျွန်တော်တို့ဘက်ကတပ်နဲ့ သူတို့ဘက်ကတပ်နဲ့တွေ့ပြီးတော့ အပစ်အခတ်ရပ်စဲရေး နေရာဘယ်နားမှာရှိလဲ။ နောက်ပြီးတော့ တပ်တွေကို ဘယ်မှာနေရာချထားရမှာရှိလဲ။ အဲဒီလိုလုပ်ဖို့ဆိုတာရှိတယ်။ အဲဒီလုပ်ဖို့ ကျနော်တို့ NCA ထိုးပြီး ၂၀၁၅ ကနေ ခုထက်ထိ ဘယ်လိုမှကြိုးစားလို့မရဘူး။ အထူးသဖြင့် ကျနော်တို့တွေ့ဖို့ကြိုးစားတယ်။ သူတို့ဘက်က လုံးဝအတွေ့မခံဘူး။ ဒီလိုအတွေ့မခံဘဲ ကျနော်တို့နယ်မြေ၊ ကျနော်တို့တပ်စွဲထားတဲ့ တပ်မဟာ ၃ ၊ တပ်မဟာ ၅ ထဲကို ကားလမ်းဖောက်မယ်ဆိုပြီး အတင်းဝင်ချလာတယ်။ အဲဒီလိုလုပ်ချလာတော့ ကျွန်တော်တို့ ဒီတိုင်းထိုင်မကြည့်နိုင်ဘူး။ ကျွန်တော်တို့မှာလည်း မိမိကိုယ်ခုခံကာကွယ်ပိုင်ခွင့်မူရှိတယ်။ ဒါကြောင့် ဝင်လာတဲ့တပ်တွေကို ဒီအတိုင်းထိုင်ကြည့်မရနိုင်တဲ့အခါမှာ ခုခံကာကွယ်ရေးမြင့်လာတယ်လေ။ သူတို့အရင်မလာဘူးဆို ဘာမှဖြစ်စရာအကြောင်းမရှိဘူး။ ဒါတွေက NCA ချိုးဖောက်ရတဲ့ အကြောင်းအရင်းတွေပဲ။ လိုက်နာမှုမှ မရှိတာ။ ကားလမ်းဖောက်မယ်ဆိုရင် ဖော်စရာတွေကလည်း သူတို့ဗမာပြည်ထဲမှာ အများကြီးပဲဖောက်လေ။

မေး- တချို့ကလည်း NCA က ပျက်သွားပြီလို့ပြောဆိုတာလည်းရှိတယ်။ နောက်ဆရာပြောတဲ့အထဲမှာ NCA မဟုတ်ဘဲ တခြားလမ်းကြောင်းကနေ ငြိမ်းချမ်းရေးလမ်းကိုသွားရမယ်လို့ ဆိုတယ်။ ဆိုတော့ ဒီစဉ်းစားချက်တွေ ဘာတွေဖြစ်နိုင်မလဲ။

ဖြေ- အခုကာလ စစ်အာဏာသိမ်းပြီး အကြမ်းနည်းနဲ့ဖြေရှင်းလိုက်တာကိုတော့ ကျွန်တော်တို့ မူပေါ်လစီအရ လက်ခံလို့မရဘူး။ ဒါကြောင့်ကျနော်တို့က အာဏာသိမ်းပြီးနှစ်ရက် ဖေဖော်ဝါရီလ ၂ ရက်နေ့တည်းက စတိတ်မန့်(Statement)ထုတ်တယ်။ ပြီးတော့မတ်လ ၂၄ရက်နေ့မှာ ကျွန်တော်တို့ဥက္ကဋ္ဌကိုယ်တိုင် (ဗိုလ်ချုပ်မှူးကြီး)မင်းအောင်လှိုင်ကို စာပို့ခဲ့တယ်။ တပ်မတော်က နိုင်ငံရေးကနေဆုတ်ပါ။ နောက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီကို ကြေညာလိုက်ပါဆိုပြီး ကျွန်တော်တို့က အတိအလင်းတောင်းဆိုထားတယ်။ နောက်ပိုင်း ဇွန်လ ၃၀ ရက်နေ့မှာလည်း စာထုတ်တယ်။ NCA (၆)နှစ်မြောက်နေ့မှာလည်း စတိတ်မန့်တွေထုတ်တယ်။ ထုတ်ပြန်ချက်တွေအားလုံးက စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာသိမ်းတာကို လုံးဝလက်မခံဘူး။ အဲဒီဆန့်ကျင်တဲ့သူအားလုံးနဲ့ ကျွန်တော်တို့ပူးပေါင်းလုပ်ဆောင်မယ်။ နောက်သူတို့ဒုက္ခရာက်နေရင် သူတို့ကို ကျနော်တို့ကလက်ခံမယ်။ ဒါကြောင့် သူတို့နယ်မြေ(ဗမာပြည်)မှာ (ဗိုလ်ချုပ်မှူးကြီး)မင်းအောင်လှိုင်က လိုက်သတ်ခိုင်းလို့ အာဏာသိမ်းမှုအကျိုးဆက်အဖြစ် ပြေးနေရတဲ့သူတွေ ကျနော်တို့နယ်မြေထဲကို ရောက်လာတယ်။ ထောင်နဲ့သောင်းနဲ့ချီရှိတယ်။ အဲ့လူတွေနဲ့ ကျွန်တော်တို့လက်တွဲပြီး ပူးပေါင်းဆောင်ရွက်တယ်။ ရှင်းရှင်းပြောရရင် ဒါကိုဒေါသထွက်ပြီး ကျနော်တိုကိုပြန်တိုက်တယ်ဗျာ။ ဒီလိုဖြစ်တာ။

မေး- လေးကေ့ကော်ကိစ္စနဲ့ပတ်သတ်ပြီး NCA အပေါ်မှာ လုံခြုံရေးအရ တိုက်ခိုက်သွားမယ်ဆိုတဲ့သဘောလို့ ပြောလို့ရမလား။

ဖြေ- လေးကေ့ကော်ကိစ္စမှာလည်း ကျနော်တို့က လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာရှုထောင့်နဲ့ ဒုက္ခရောက်နေတဲ့သူတွေကို ကျွန်တော်တို့ကလည်း တတ်နိုင်သလောက် လက်ခံကူညီတယ်။ ဒီလိုရှိလာတဲ့အခါမှာ ရောက်လာတဲ့သူတွေကလည်း သာမန်လူတွေမှမဟုတ်ဘဲ။ ဒါ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့သူတွေပဲ သူတို့ခွေးပြေးဝက်ပြေး ပြေးလာရတော့ သူတို့လည်း ခံစားချက် ဘယ်ကောင်းမလဲ။ သူတို့လည်း ပြန်တိုက်ချင်တယ်။ ဒါကြောင့်ကျွန်တော်တို့ကလည်း ရှင်းရှင်းလေးပဲ ထူးထူးခြားခြား ဘာမှမပေးလိုက်ဘူး။ ကိုယ့်ကိုကိုယ် ဘယ်လိုခုခံကာကွယ်ရမယ်ဆိုတဲ့ အသိပညာအတတ်ပညာတွေပဲ ပေးလိုက်တယ်။ အဲဒီမှာ ဒီလူတွေကိုလက်ခံရမလားဆိုပြီးတော့ ရန်ရှာတာ။ ပြီးတော့ လေးကေ့ကော်ကို ဝင်လားစစ်လားလုပ်တယ်။ အမှန်မှာ ကျနော်တို့ ကြီးစိုးတဲ့နယ်မြေပဲဗျာ။ အပြည့်အဝမထိန်းချုပ်နိုင်သည့်တိုင်အောင် ထိုအဖွဲ့ ဒီအဖွဲ့တွေတော့ရှိတာပေါ့။ ကျနော်တို့က KNU ထိန်းချုပ်ထားတဲ့အပေါ် သူတို့ကိုလုံးဝခွင့်မပေးဘူးဆိုလည်းရတယ်။ ဒါပေမယ့် ကျနော်တို့က ငြိမ်းချမ်းရေးကိုထိန်းသိမ်းချင်တယ်။ နောက်ပြီးတော့ လေးကေ့ကော်မြို့ကို တည်ဆောက်ရခြင်းအကြောင်းရင်းကလည်း ငြိမ်းချမ်းရေးမြို့ဆိုပြီး တည်ထားတာ။ အဲဒီအပေါ်မှာ ကျနော်တို့ကသည်းခံထားတာ။ အခုက ဝင်လာစစ်ဆေးတာ ၇ ကြိမ်၊ ၈ ကြိမ်ရှိသွားပြီပေါ့။ နောက်ဆုံးမှာ လူအလုံးအရင်းနဲ့ဝင်ချလာပြီးတော့ ကျနော်တို့ ကာကွယ်ပေးထားတဲ့သူတွေကို လိုက်ဖမ်းလိုက်ရှာ။ နောက်နေအိမ်တွေကိုလိုက်ဖျက်တော့ ဘယ်လိုမှသည်းခံနိုင်ခြင်းမရှိတော့တဲ့အချိန်မှာ ကျွန်တော်တို့ကပြန်တိုက်တာဗျ။ အဲဒီလိုတိုက်ကြရင်းနဲ့ နေ့တိုင်းတိုက်ပွဲကြီးတွေ ဖြစ်လာတာ။

မေး- NCA နဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ- NCA နဲ့ပတ်သက်ပြီး ကျွန်တော်တို့အကောင်းဆုံးကြိုးစားခဲ့တယ်။ ကျွန်တော်တို့ KNU ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ငြိမ်းချမ်းရေးဖြစ်အောင် သည်းခံခဲ့တယ်။ စစ်တပ်ကနေ ကလိမ်ကကျစ်နဲ့ ဗိုလ်ကျစိုးမိုးပြီး အနိုင်ကျင့်ခဲ့တာကို ကျွန်တော်တို့သည်းခံပြီးလုပ်ခဲ့တယ်။ နောက်ဆုံးမှာ သည်းခံနေတာကို စစ်ကောင်စီက စစ်ပွဲထဲဝင်လာအောင် မရမကဆွဲယူလာတယ်။ ဆိုတော့ အခုက NCA ပျက်တာ၊ မပျက်တာ ဘာမှမပြောလိုတော့ဘူး။ ဒီပွဲက ကျနော်တို့ရှေ့ဆက်တိုက်ရမယ့် ပွဲဖြစ်တယ်။ ကျွန်တော်တို့နောက်မှာ ပြည်သူရှိတယ်။ ပြည်သူတစ်ရပ်လုံးက ကျွန်တော်တို့ဘက်မှာရှိတော့ ဘာမှစိုးရိမ်စရာ အကြောင်းမရှိဘူး။

ဗီဒီယိုများ