“ကျနော်က နိုင်ငံရေးသမားလို့ ခံယူထားတဲ့အတွက် လွှတ်တော်ထဲကိုမရောက်လည်း နိုင်ငံရေးလုပ်နေမယ်”

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ တစ်သီးပုဂ္ဂကိုယ်စားလှယ်လောင်း ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း တစ်ဦးမှ အနိုင်မရရှိခဲ့ပေ။ ထိုအထဲတွင် ဦးနိုင်စိုး တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။

20 Nov 2020

ရခိုင်တွင် တစ်သီးပုဂ္ဂလဝင်ပြိုင်ခဲ့သူ ဦးနိုင်စိုးနှင့် အင်တာဗျူး

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ တစ်သီးပုဂ္ဂကိုယ်စားလှယ်လောင်း ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း တစ်ဦးမှ အနိုင်မရရှိခဲ့ပေ။ ထိုအထဲတွင် ဦးနိုင်စိုး တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ ၎င်းသည် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရခိုင်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အဘယ့်ကြောင့် အောင်မြင်မှုမရသလဲ၊ မည်သို့သော အခက်အခဲများနှင့် တွေ့ကြုံခဲ့ရသလဲ စသည်တို့ကို သိရှိနိုင်စေရန်အတွက် ဦးနိုင်စိုးအား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ဦးနိုင်စိုး ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အရင်ဆုံးပြောပြပေးပါ။

ဖြေ - ကျနော်က တက္ကသိုလ်ကျောင်းသားဘဝကနေစပြီး လူမှုရေးလုပ်ငန်းတွေ၊ မြေအောက်လှုပ်ရှားမှုတွေကို တက္ကသိုလ်ကျောင်းသားဘဝတစ်လျှောက် လုပ်ခဲ့တယ်။ ခုနစ်အရပြောရမယ်ဆိုရင် ၂၀၀၃ / ၂၀၀၄ လောက်မှာ တက္ကသိုလ် ပညာသင်ထောက်ပံ့ရေးနဲ့ သာရေးနာရေးအဖွဲ့ကို ဖွဲ့တယ်။ အဲဒီအဖွဲ့ ဖွဲ့စည်းပြီးတော့ သာရေးနာရေးလုပ်တယ်။ မြေအောက်မှာလည်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့လူငယ်များအစည်းအရုံးဆိုပြီး ကျောင်းသားတစ်ဦးနဲ့ ချိတ်ဆက်ပြီးတော့ မြေအောက်လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်။

အဲ့လိုလုပ်လာရင်းနဲ့ ၂၀၀၇ စက်တင်ဘာရောက်တဲ့အခါ ရွှေဝါရောင်တော်လှန်ရေးမှာ ရခိုင်ပြည်မှာရှိတဲ့ သံဃာတွေ၊ အဓိက ရဟန်းပျိုသမဂ္ဂတွေနဲ့ ကျနော်တို့ကျောင်းသားတွေပူးပေါင်းပြီး ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ဆင်နွဲခဲ့ကြတယ်။ အဲဒီမှာ ကျောင်းသားတစ်ချို့ လွတ်မြောက်နယ်မြေကို ထွက်သွားရတာတွေရှိတယ်။ ကျနော်ကတော့ လွတ်မြောက်နယ်မြေကို မရောက်လိုက်ဘူး။ ဒီရခိုင်ပြည်ထဲကို ပြန်ဝင်လာပြီး ကျောင်းသားအရေး၊ မြေအောက်လှုပ်ရှားမှုကို ဆက်ပြီးတော့လှုပ်ရှားခဲ့တယ်။ တက္ကသိုလ်ပညာကို ပြီးအောင်သင်ကြားခဲ့တယ်။ အဲလိုလှုပ်ရှားနေရင်းနဲ့ ကျနော်ကျောင်းပြီးတယ်။

၂၀၀၉ ခုနစ်ရောက်တဲ့အချိန်မှာ မြေအောက်လုပ်ငန်းလုပ်နေရင်းနဲ့ ကျနော်တို့ ကလပ်စည်းထဲက တစ်ဦးသစ္စာဖောက်တဲ့အတွက်ကြောင့် ပြည်တွင်းထဲမှာရှိတဲ့ ကလပ်စည်းမှာလုပ်တဲ့ လူတော်တော်များများက ကျောင်းသားခေါင်းဆောင်တွေ၊ လူငယ် ခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ တချို့လည်း လွတ်မြောက်ခဲ့တယ်။ လူအယောက် သုံးဆယ်ကျော်စာရင်းပေးပြီး ဖမ်းဆီးခွင့်ဝရမ်းထွက်တဲ့ထဲမှာ ကျောင်းသား ဆယ့်တစ်ယောက်ပါဝင်ခဲ့တယ်။ အဲလိုအဖမ်းခံပြီးတော့ ၂၀၁၃ မှာ ကျနော်တို့ လွတ်လာတယ်။ ကျောင်းသား ဆယ့်တစ်ယောက်က စစ်တွေနဲ့ အင်းစိန်၊ မန္တလေး၊ ပခုက္ကူ အစရှိတဲ့မြို့မှာ၊ တခြားသူတွေဆိုရင် ငမော်၊ မြစ်ကြီးနား၊ ကသာတို့မှာ ကျနော်တို့ ကျောင်းသားတွေနေရာအနှံ့ အကျဉ်းကျခံရဖူးတယ်။ ပြန်ပြီးလွတ်မြောက်လာတယ်။ ကျနော် ၂၀၁၃ မတ်လမှာ လွတ်လာပြီးတော့ ၂၀၁၄၊ ၂၀၁၅ မှာ လွတ်မြောက်လာတဲ့ကျောင်းသားတွေ၊ ၂၀၁၀ မှာ ပြန်ဝင်လာတဲ့လူတစ်ချို့ရယ် ထောင်ထဲကလွတ်လာတဲ့လူတွေ၊ ပြည်တွင်းထဲမှာ ကျန်ခဲ့တဲ့ နိုင်ငံရေးအင်အားစုတွေ အကုန်လုံးပေါင်းပြီးတော့ ရခိုင်မျိုးဆက်သစ် နိုင်ငံရေးအင်အားစုဆိုပြီးတော့ ပြန်လည်ဖွဲ့စည်းကြတယ်။

ပြီးတော့ အဲဒီနိုင်ငံရေးတစ်လျှောက်ပဲ လက်ရှိ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး အမျိုးသားနိုင်ငံရေးဖြတ်သန်းမှုကို ကျနော်တို့ ဆက်ပြီးလျှောက်လှမ်းခဲ့ကြတယ်။ အကျဉ်းချုပ်ကတော့ ဒီလောက်ပါပဲ။

မေး - ဦးနိုင်စိုးက ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ဝင်ပြိုင်တာဖြစ်တယ်။ ဝင်ပြိုင်တဲ့အခါလည်း တစ်သီးပုဂ္ဂလအနေနဲ့ဆိုတော့ ဘယ်လိုမျိုးအခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံခဲ့ရလဲ။

ဖြေ - ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုပြီး ကြွေးကြော်လိုက်တဲ့အချိန်မှာ ကျနော်နဲ့ လက်တွဲဖော်လုပ်ခဲ့တဲ့လူတွေ၊ ကျောင်းသားဘဝက နိုင်ငံရေးလှုပ်ရှားလာတဲ့ ရဲဘော်ရဲဘက်တွေရဲ့ လှုံ့ဆော်မှုတွေ၊ ထောက်ခံမှုတွေကြောင့် လူတစ်ကျော့ပြန် သိလာတယ်လို့ ယူဆလို့ရတယ်။

အွန်လိုင်းမီဒီယာကလည်း ကောင်းတယ်ဆိုတော့ ဝန်းရံကြတဲ့ လူတွေလည်း အွန်လိုင်းပေါ်မှာ ဝန်းရံကြတဲ့အတွက် ထိထိရောက်ရောက်ရှိခဲ့တယ်။ ပါတီတွေကို တစ်သီးပုဂ္ဂလအနေနဲ့ ပြိုင်ရတဲ့အချိန်ကျတော့ အင်အားကမမျှဘူး။ ပါတီရဲ့အင်အားနဲ့ တစ်သီးပုဂ္ဂလအင်အားကမမျှဘူး။ လူအင်အားမမျှဘူး၊ ငွေအင်အားမမျှဘူး။

နောက်တစ်ခုအားနည်ချက်က ပါတီတွေက နဂိုကတည်းကနေ ပြည်သူတွေကို ထိုးဖောက်ပြီးသားဖြစ်တယ်။ ကျနော်က တစ်သီးပုဂ္ဂလဆိုပေမယ့် လူကိုပဲသိတယ်။ ကျနော်ရဲ့ Logo ကိုမသိဘူး။ အမှတ်သင်္ကေတကို မသိတဲ့အခါကျတော့၊ အဲဒီအမှတ်သင်္ကေတကို ထိုးဖောက်ရတာ တော်တော့်ကိုခက်ခဲတယ်။ ပြီးတော့ သင်္ကေတတစ်ခုကို ထိုးဖောက်တဲ့အခါ ပြည်သူတွေက အဲလောက်အစွဲအမှတ်မကြီးဘူး။ ရခိုင်ဆိုတဲ့ သင်္ကေတ သူတို့ ဦးနှောက်ရှိနေတယ်။ အဲဒီအတွက်ကို ထိုးဖောက်ရတာ အခက်အခဲဖြစ်တယ်။

အားနည်းချက်က ပြင်ဆင်ချိန် မရလိုက်ဘူး။ အဲလိုစိန်ခေါ်မှုတွေရှိခဲ့တယ်။ ပြည်သူတွေနဲ့ အချိန်အတိုင်းအတာအားဖြင့် လုပ်ရတာ နည်းနည်းလိုအပ်ခဲ့တယ်။ အဲဒါကြောင့် စိန်ခေါ်မှုတွေအများကြီးရှိခဲ့တယ်လို့ ထင်တယ်။
အတွေ့အကြုံကတော့ အများကြီးရခဲ့တယ်။ လူတွေရဲ့စိတ်သဘောထား။ အဓိက ရခိုင်တွေရဲ့စိတ်ကို အများကြီးသိခဲ့ရတယ်။ အံ့သြလောက်အောင် ကြောက်ခမန်းလိလိကို ရခိုင်တွေ မျိုးချစ်စိတ်ဓာတ်ပြင်းထန်တယ် ဆိုတာကို ဒီ(ရွေးကောက်ပွဲ)မှာ သိခဲ့ရတယ်။

ဦးနိုင်စိုးကိုပေးမယ်ဆိုပြီးတော့ တစ်ထစ်ချယုံကြည်ရလောက်တဲ့ အခြေအနေမှာရှိတယ်။ ဒါပေမယ့် ရခိုင်တွေရဲ့မျိုးချစ်စိတ်ဟာ ဒါကိုကျော်လွန်သွားတယ်။ ဦးနိုင်စိုးရဲ့ အရည်အချင်းဆိုတာထက် ရခိုင်ဆိုတဲ့ ဦးတည်ချက်တစ်ခုကို ရခိုင်တွေကသွားခဲ့ကြတယ်။ တော်တော်လေးစားဖို့လည်း ကောင်းသလို ရခိုင်ပြည်ရဲ့မျိုးချစ်စိတ်ဟာ ကြောက်ခမန်းလိလိလို့ ပြောလို့ရတယ်။

တောင်ပိုင်းမှာ ကိုးမြို့နယ် ပယ်လိုက်တဲ့အတွက်ကြောင့် ANP ဟာ တောင်ပိုင်းမှာ သွားပြီးတော့ မဲဆွယ်စည်းရုံးရေးလုပ်တယ်။ အဲဒီတောင်ပိုင်းက အုံကြွလာတဲ့အချိန်မှာ ဒီမြောက်ဘက်ပိုင်းကလူတွေက လိုက်ပြီးတော့ ငါတို့ရဲ့ရခိုင်ကို ငါတို့ပေးကိုပေးရတော့မယ် ဆိုတဲ့စိတ်ဟာ မနှိုးဆွဘဲနဲ့ နိုးကြားသွားတယ်။ အဲဒီအချိန်မှာ ကျနော် ဘယ်လိုပဲလိုက်လိုက် မမီနိုင်ဖြစ်သွားတယ်။

ကိုယ်အသာစီးရနေတဲ့အချိန်မှာ ရခိုင်တွေရဲ့မျိုးချစ်စိတ်ဟာ အရည်အချင်းထက်၊ ပြောရမယ်ဆို ရခိုင်ဆိုရင် ဝါးလုံးကို အဝတ်စွတ်ထားပြီး ယှဉ်ပြိုင်ရင်တောင်မှ မဲပေးမယ့်အခြေအနေရှိတယ်။ ဘာလို့ဆိုလဲဆိုရင် ရခိုင်ဆိုတဲ့ နာမဝိသေသနအောက်မှာ ဘယ်လိုလူတွေပဲပြိုင်ပြိုင် ရခိုင်ဆိုတဲ့ဂုဏ်ကို အနိုင်ပေးမှာပဲ။ ရခိုင်တွေရဲ့ မျိုးချစ်စိတ်က အဲ့လောက်ကြီးတယ်။ လူပုဂ္ဂိုလ်ကို မကြည့်တော့ဘူး။ ရခိုင်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ပေးလိုက်တယ်။

အဲဒီဟာကို ကျနော်တစ်သီးပုဂ္ဂလအနေနဲ့ ဘယ်လောက်ပဲ ကိုယ်က ပြည်သူအတွက် လုပ်ဆောင်ခဲ့ပါစေ၊ လုပ်မယ်လို့ ကြွေးကြော်ထားပါစေ၊ လုပ်နေပါစေ ပြည်သူတွေရဲ့ရင်ထဲမှာရှိတာက ရခိုင်၊ ငါတို့ရခိုင်နိုင်ရမယ်ဆိုတဲ့ သူတို့ရဲ့ မျိုးချစ်စိတ်ဓာတ်ကို ကျနော်မကျော်လွှားနိုင်ခဲ့ဘူး။ ဒါအတွေ့အကြုံတစ်ခုပေါ့။

မေး - ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေ ရှိပါလျက်နဲ့ ဦးနိုင်စိုးက ဘာကြောင့် တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်ခဲ့တာလဲ။

ဖြေ - ပထမဆုံးအနေနဲ့ ကျနော်က ကျောင်းသားနိုင်ငံရေးကနေ လွှတ်တော်နိုင်ငံရေးကို သွားမယ့်အချိန်ထိ ဘယ်ပါတီကိုမှ ဝင်ရောက်ခဲ့တာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်မယ်ဆိုရင် ပါတီတစ်ခုကို ချက်ချင်းကြီးဝင်ပြိုင်ရမှာ။ အဲလိုအချိန်တွေကျတော့ ပါတီအချင်းချင်းမှာ တစ်ချို့ကလပ်စည်းတွေက အောက်ခြေကလူကို ကြည်ဖြူချင်မှ ကြည်ဖြူမယ်။ ကျနော်ဝင်ရောက်ခဲ့ရင်လည်း မကြည်ဖြူတဲ့လူတွေနဲ့ ထိပ်တိုက်တွေ့ရရင် အောင်နိုင်ရေးက မသေချာဘူးလို့ ခန့်မှန်းတာပေါ့။

တကယ်လို့ ပါတီထဲကို ဝင်ရောက်ခဲ့မယ်ဆိုရင် တစ်ချို့လူကြီးတွေက ဝင်ပြိုင်လို့ပြောမယ်။ ဘယ်ပါတီပဲဖြစ်ဖြစ် ပါတီတစ်ခုတော့ ဝင်ပြိုင်နေအုံး။ ဒါပေမယ့် အဲ့နေရာမှာ လျာထားတဲ့သူရှိနေရင် ကျနော်ဝင်ပြိုင်လိုက်လို့ရှိရင် လျာထားခံရတဲ့သူက ကျေနပ်မလား။ အဲလိုတွေးထားတဲ့အတွေးပေါ့။

နောက်တစ်ချက်က ဝင်ပြိုင်လိုက်မယ် ဆိုလို့ရှိရင် ကျနော်အခွင့်ရေးသမား ဖြစ်သွားမယ်။ အဲဒါကြောင့် ပြည်သူကို ပါတီအပြင်ကလည်း အလုပ်အကျွေးပြုလို့ရတယ်ဆိုတာ ပြချင်တာလည်းပါတယ်။ တစ်သီးပုဂ္ဂလအနေနဲ့ ပြည်သူကို အလုပ်အကျွေးပြုနိုင်တယ်ဆိုတာ ပြချင်တဲ့ဟာလည်းပါတယ်။ အဲဒါကြောင့် ကျနော်တစ်သီးပုဂ္ဂလဝင်ပြိုင်တာပါ။

မေး - ဦးနိုင်စိုးရဲ့ မဲရလဒ်က လေးထောင်ကျော်၊ ငါးထောင်နီးပါးရှိတယ်။ အနိုင်ရတဲ့ ANP ပါတီကတော့ တစ်သောင်းကျော်လောက်ရှိတယ်။ မဲတော့ရခဲ့တယ်ပေါ့။ ဒီမဲကွာဟမှုအပေါ်မှာ သုံးသပ်ပေးပေးစေချင်ပါတယ်။

ဖြေ - ကျနော့်အမာခံတွေနယ်မြေ အုန်းတစ်ပင်ဆိုရင် ရုံးစိုက်ထားတယ်။ အုန်းတစ်ပင်ရပ်ကွက်ဆိုရင် ကျနော့်အမျိုးတွေရော မိဘတွေရဲ့ဇာတိလည်းဖြစ်တယ်။ အဲနေရာက ကျနော် လူမှုရေးလုပ်ငန်းလုပ်လာတဲ့ နယ်ပယ်လည်းဖြစ်တယ်။ ကျနော့်တပည့်တွေလည်း အများကြီးရှိတယ်။ အုန်းတစ်ပင်ရပ်ကွက်က သိတဲ့သူတွေတော်တော်များတယ်။ ဒါပေမယ့် အဲရပ်ကွက်တွေ အပယ်ခံရတယ်။

တစ်ချို့နေရာတွေဆိုရင် တောဂန်ရွာမှာဆိုရင် ကျနော်တို့က ပြည်သူကို မဲပေးတာနဲ့ပတ်သက်ပြီး နားလည်အောင် လုပ်ရတယ်။ ပြည်သူက မဲပေးတဲ့အချိန်ကျရင် အဲလောက် ဉာဏ်မပြေးဘူး။ မပြေးတော့ ကျနော့်ကို မဲပေးချင်ရင် မဲပုံးဘယ်လောက်မှာ ဘယ်အမှတ်စဉ်၊ ဘယ်နေရာမှာရှိလဲ အဲဒါကို ရှာပြီး ပေးကြပါလို့ နားလည်အောင် လုပ်ပေးရတယ်။ မဲရုံတွေမှာ မဲပုံးက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် အဲလိုစီရတယ်။ ကျနော်တို့ ပြည်သူကို အသိပေးထားတာက နောက်ဆုံး မဲထည့်ရမယ့်ပုံးမှာ ကျနော့်တံဆိပ်ရှိတယ်။ အဲမှာ ရှာပြီးထည့်ပါလို့ ပြောတယ်။

ဒါပေမယ့် မဲရုံတွေကို လှည့်ပတ်ပြီးကြည့်တဲ့အခါမှာတော့ မဲရုံတော်တော်များများမှာ ကျနော့်ပုံးက အလယ်ရောက်နေတယ်။ ကျနော်က မေးတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကြားမှာ ပြည်နယ်လွှတ်တော် ရောက်နေတယ်။ ဘယ်သူစီထားမှန်းမသိ။ ရပ်ကွက်ရွေးကော်ကို မေးရင်လည်း မဲရုံမှူးတွေလုပ်တာတဲ့။ မဲရုံမှူးတွေ မေးရင်လည်း ဒါသူတို့လုပ်တာပဲတဲ့။ အစဉ်လိုက်ထားထားတာကို ရွာသားတွေက လာမေးတယ်။ ဆရာ.. ဆရာပုံးရှာမတွေ့ဘူး။ တစ်ရွာလုံးရှာမတွေ့ဘူးလို့ပြောတယ်။ မဲရုံရောက်မှကြည့်တော့ ဟုတ်တာပဲ။ နောက်ဆုံးမှာမဟုတ်ဘဲ အလယ်ရောက်နေလို့၊ သူတို့ရှာနေတာက နောက်ဆုံးမှာ အဲလိုကလည်း အခက်အခဲတွေရှိတာပေါ့။ အဲလိုလွဲချော်မှုတွေရှိတယ်။ အဲဒီလွဲချော်မှုနည်းနည်းလေးပဲ။ ဒါပေမယ့် အဓိက ရခိုင်ပြည်သူတွေဟာ မျိုးချစ်စိတ် တအားနိုးကြားသွားတယ်။ ငါတို့ရခိုင်နိုင်ရမယ်ဆိုတဲ့ စိတ်တစ်ခုကြောင့်ပဲ ကျနော်ရှုံးနိမ့်တယ်လို့ ယူဆတယ်။

မေး - ဦးနိုင်စိုးအနေနဲ့ အနိုင်ရသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းချင်တာရှိလား။

ဖြေ - နိုင်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပထမတစ်ချက်ပြောချင်တာက ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သွားရမှာဖြစ်တဲ့အတွက်ကြောင့် ရခိုင်ကံကြမ္မာကို လွှတ်တော်ထဲက ယူလို့မရဘူး။ ဒါပေမယ့် ဖွံ့ဖြိုးရေးကိစ္စတွေကို အများကြီးလုပ်လို့ရတာတွေရှိတယ်။ ရခိုင်ပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် စားဝတ်နေရေးအပါအဝင် အကုန်လုံးကို လုပ်ဆောင်ပေးပါ။

ရခိုင်ကုန်သွယ်မှုကို အဓိက အလေးထားပေးပါ။ အဓိက စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို မှီခိုနေရတာဖြစ်တဲ့အတွက် စိုက်ပျိုးမွေးမြူရေးကို အဓိက အလေးထားပြီးတော့ ပြည်ပကုန်သွယ်မှုတွေကို ရနိုင်အောင် ကြိုးစားပေးစေချင်တယ်။
စစ်တွေမြို့ပေါ်မှာ စည်ပင်ကိစ္စကို လုပ်စေချင်ပါတယ်။ ကျနော်တို့ စစ်တွေမြို့ဟာ အင်္ဂလိပ်ခေတ်က တည်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် တကယ့်ကို စည်းစနစ်ကျကျ ငယ်ငယ်တုန်းကဆိုရင် အရမ်းလှတယ်။ အခုဆိုရင် ပုံဆိုးပန်းဆိုးဖြစ်သွားတယ်။ စည်းမဲ့ကမ်းမဲ့တွေ အများကြီးတွေ့ရတယ်။ စည်ပင်စနစ်ကို အဓိကထားပြီး လုပ်ပေးစေချင်တယ်။ ရေမြောင်းတွေ၊ အမှိုက်တွေကအစပေါ့။ ပြီးတော့ ကျူးကျော်နေတဲ့ဟာတွေ၊ စည်ပင်ဧရိယာထဲမှာ ကျူးကျော်တွေရှိတယ်။ မြို့ရဲ့အလှအပကို ပျက်စီးတာတွေရှိတယ်။ ဒါတွေကို စနစ်တကျနဲ့ ပြည်သူတွေလည်း မနစ်နာအောင် စနစ်တကျလုပ်ပေးဖို့ လိုအပ်တယ်လို့တော့ထင်တယ်။ စည်ပင်ဥပဒေတွေကလည်း အကောင်းမွန်ဆုံးဖြစ်အောင် လုပ်ပေးစေချင်တယ်။

အဲဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကို မြို့လှပဖို့နဲ့ စစ်တွေမြို့ဟာ တကယ့်ကို ကမ္ဘာမှာ လှနိုင်တဲ့ဟာမဖြစ်ရင်တောင်မှ အရှေ့တောင်အာရှလောက်မှာ တန်းဝင်နိုင်အောင် လှပတဲ့မြို့တစ်မြို့ လုပ်ပေးစေချင်တယ်လို့ မေတ္တာရပ်ခံချင်ပါတယ်။

မေး - နောက်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်သွားဖို့ရှိလား။ ဝင်ပြိုင်မယ်ဆိုရင်ရော တစ်သီးပုဂ္ဂလအနေနဲ့ပဲ ပြိုင်မလား။

ဖြေ - ကျနော်က နိုင်ငံရေးသမားလို့ ခံယူထားတဲ့အတွက် လွှတ်တော်ထဲကိုမရောက်လည်း နိုင်ငံရေးလုပ်နေမယ်။ လူမှုရေးလည်း လုပ်နေမယ်။ ဒါပေမယ့် ၂၀၂၅ မှာ အခြေနေပေးလာခဲ့မယ်ဆိုရင် ဝင်ပြိုင်ကောင်း ဝင်ပြိုင်နိုင်လိမ့်မယ်။ ဒါပေမယ့် ၂၀၂၅ ကတော့ ဆက်ပြီးလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေမယ်။ ၂၀၂၅ လောက်မှာ ကျနော့်ကို ပြည်သူက လက်ခံလာနိုင်လောက်တဲ့ အခြေအနေရှိတယ်ဆိုရင် ဝင်ပြိုင်ကောင်း ဝင်ပြိုင်နိုင်လိမ့်မယ်။ ဒါပေမယ့် တစ်သီးပုဂ္ဂလ ဖြစ်ချင်လည်းဖြစ်မယ်၊ ပါတီကဖြစ်ချင်လည်းဖြစ်မယ်။ ဒါတော့ မသေချာဘူးပေါ့နော်။ ဒီငါးနှစ်အတွင်းမှာ အများကြီး တည်ဆောက်ရအုံးမယ်။ တည်ဆောက်လို့ အခြေအနေပေးခဲ့ရင်တော့ ဝင်မယ်။ အခြေအနေမပေးခဲ့ရင်တော့ စောင့်ရအုံးမှာပေါ့နော်။ ကိုယ့်ရဲ့အရည်အချင်းတစ်ခု ပြည့်စုံနိုင်အောင်ထိ လိုအပ်တဲ့ဟာတွေကို ဖြစ်လာအောင်ထိ ကြိုးစားရအုံးမှာပါ။ ဒါပေမယ့် နိုင်ငံရေးကိုတော့ ဆက်လက်ပြီး လျှောက်လှမ်းသွားအုံးမှာပါ။

မေး - ဖြည့်စွက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ - ဒီတခါတော့ ကျနော်တို့ ရခိုင်ပြည်သူတွေကို တော်တော့်ကို လေးစားပါတယ်။ သူတို့လိုချင်တဲ့၊ သင့်တော်မယ်လို့ထင်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြတယ်။ အဲဒါကြောင့် အကောင်းဆုံးဖြစ်ဖို့အတွက်လည်း မျှော်လင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း ပြည်သူကို မျက်နှာမလှည့်ဘဲနဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီးတော့ လုပ်ဆောင်ပေးကြဖို့ မျှော်လင့်တယ်လို့ ပြောချင်ပါတယ်။

ဗီဒီယိုများ