မောင်တောခရိုင်မှ ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံကို ဆက်သွယ်မေးမြန်းချက်

ကိုဗစ်နဲ့ပတ်သက်ပြီး အရင်ကတည်းကပြောထားတာတွေရှိပါတယ်။ ရောဂါအခံရှိရင်တော့ ဆိုးနိုင်တယ်လို့ ကိုဗစ်စဖြစ်ကတည်းကပြောထားတယ်။ ရောဂါဖြစ်ပြီဆိုရင်တော့ နဂိုရောဂါအခံရှိတဲ့သူတွေက စောစောစီးစီးကုသဖို့တော့ လိုပါတယ်။ ရောဂါလည်းအခံရှိတယ်။ ကိုယ့်ဟာကိုယ်အိမ်မှာ ဆေးကုသနေမယ်။ ထိရောက်တဲ့ကုသမှုမခံယူဘူးဆိုရင်တော့ အသက်ဆုံးရှုံးမှုတွေများလာနိုင်တယ်ပေါ့။

13 Jul 2021

မေး။ လက်ရှိမောင်တောခရိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြတဲ့ ပိုးတွေ့လူနာတွေရဲ့အခြေအနေတွေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။လက်ရှိကုသနေတဲ့ လူနာတွေထဲက ၅ ယောက်ကတော့ အရေးပေါ် အောက်ဆီဂျင်ရှူနေရပါတယ်။ ကျန်တဲ့လူနာတွေကတော့ ပုံမှန်တိုင်းကုသမှုခံယူနေကြတာပါပဲ။

မေး။ ဆေးကုသရေးပိုင်း အခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။ ဆေးဝါးအခက်အခဲတွေရော ရှိပါသလား။

ဖြေ။ ။အခက်အခဲတွေအနေနဲ့ကတော့ လောလောဆည် အောက်ဆီဂျင်ပြတ်တာတော့ရှိတယ်။ အောက်ဆီဂျင်တွေက တစ်ခါ တစ်ခါကျတော့ ပြတ်သွားတာမျိုးရှိတယ်။ အဲဒီလိုပြတ်သွားတဲ့အချိန်ကျရင် ကျမတို့အနေနဲ့ တတ်နိုင်သလောက်တော့ ဖြည့်တာပေါ့နော်။ အခုလောလောဆည် ကျမတို့ဆီမှာရှိတဲ့ အောက်ဆီဂျင် စက်ကလည်းပျက်နေတော့ အဲဒီဟာအတွက် ဘယ်လိုပြောရမလဲ အဲဒီစက်က နည်းနည်း error တက်သွားတဲ့အတွက် ကြားမှာပြတ်သွားတဲ့သဘောပါပဲ။ ဒါပေမယ့် လူနာတွေကိုတော့ အောက်ဆီဂျင်မပြတ်အောင် ကျမတို့က အတတ်နိုင်ဆုံးလုပ်ပေးထားပါတယ်။ အစိုးရဆီက ကျမတို့ကို လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ ပေးထားတဲ့ဟာတွေလည်းရှိတယ်။ အဲဒီဟာတွေနဲ့ အခုလောလောဆည် ရတော့ရနေသေးတယ်ပေါ့။ ဒါပေမယ့် လူနာတစ်အားများလာပြီဆိုလို့ရှိရင်တော့ ခဏခဏအထဲကို လူနာကြည့်ဖို့ဝင်နေရမယ်ဆိုရင်တော့ ကျမတို့မလုံလောက်ဘူးဖြစ်လာနိုင်တယ်။ အခုတော့ တော်တော်လေးကို လုံလုံလောက်ရှိနေပါသေးတယ်။ တစ်ချို့အလှူပေးထားတာတွေလည်းရှိတယ်ပေ့ါ။ နောက်ထပ် ဆေးဝါးပစ္စည်းတွေလည်း ကျမတို့တောင်းထားပြီးပါပြီ။ သူတို့ကလည်း လိုအပ်ရင်တောင်းလို့ရတယ်လို့ပြောပါတယ်။

မေး။ အခုဆိုရင် ရောဂါပိုးတွေ့ရှိနှုန်းတွေကလည်း တစ်နေ့တစ်ခြား ပိုပိုများလာတယ်ဆိုတော့ မောင်တောခရိုင်မှာ လူတွေရဲ့ စည်းကမ်းလိုက်နာမှုအခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ကူးစက်မှုကတော့ တစ်နိုင်ငံလုံးဖြစ်နေတာပါပဲ။ များတာကတော့ စစ်ရင်တော့ ပိုပြီးတွေ့မှာပဲ။ လူတိုင်း လူတိုင်းကတော့  ပိုးရှိနိုင်တဲ့အခြေအနေရှိတယ်။ ဒါပေမယ့် ပြင်းထန်တာနဲ့ မပြင်းထန်တာပဲ ကွာခြားလိမ့်မယ်။ အဲဒီတော့ လူတိုင်းက ကိုဗစ်မဖြစ်အောင် စည်းကမ်းတကျ ဘယ်လိုနေရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာလေးတွေကိုတော့ လိုက်နာဖို့လိုပါတယ်။ လက်ရှိမောင်တောခရိုင်မှာဆိုရင် စည်းကမ်းလိုက်နာမှု တော်တော် အားနည်းနေသေးတယ်လို့ ကျမမြင်တယ်။ Mask မတပ်ဘဲသွားနေကြတယ်။ Mask မတပ်ရင်အရေးယူမယ်၊ ဘာညာဆိုလို့ရှိရင်တော့ တပ်တော့တပ်ကြတယ်။ စနစ်တကျတော့မဟုတ်ဘူးပေါ့။ နောက်ပြီးတော့ ကျမတို့ကျန်းမာရေးဝန်ထမ်းတွေလာပြီဆိုရင် အသာလေး Mask ကိုကောက်တပ်ကြလိုက်မယ် အဲဒီလိုမျိုးပေ့ါ။ ကိုယ့်အသိစိတ်နဲ့ကိုယ် ဒါဟာ ငါကာကွယ်ရမယ့်ကိစ္စပါလားဆိုတဲ့ အသိလေးတွေတော့ မရောက်သေးဘူးလို့တော့ ကျမအနေနဲ့ထင်တာပဲ။ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေအနေနဲ့လည်း စည်းကမ်းလိုက်နာဖို့အတွက် ကြပ်ကြပ်မတ်မတ်လုပ်ဆောင်နေကြတာတွေ တွေ့တော့တွေ့ရပါတယ်။

မေး။ အခုဆိုရင် တစ်ပြည်နယ်လုံးမှာ သေဆုံးမှုတွေကလည်း မြင့်တက်လာတယ်ပေါ့နော်။ မောင်တောခရိုင်မှာဆိုလည်း သေဆုံးသူ ၅ ယောက်တောင်ရှိသွားပြီ။ အခုလိုသေဆုံးရတာတွေဟာ မျိုးရိုးဗီဇပြောင်းပိုးကြောင့်လို့ဆိုပြီး လူတွေကပြောနေကြတယ်။ အဲဒါကရော ဟုတ်ပါသလား။

ဖြေ။ ။ကိုဗစ်နဲ့ပတ်သက်ပြီး အရင်ကတည်းကပြောထားတာတွေရှိပါတယ်။ ရောဂါအခံရှိရင်တော့ ဆိုးနိုင်တယ်လို့ ကိုဗစ်စဖြစ်ကတည်းကပြောထားတယ်။ ရောဂါဖြစ်ပြီဆိုရင်တော့ နဂိုရောဂါအခံရှိတဲ့သူတွေက စောစောစီးစီးကုသဖို့တော့ လိုပါတယ်။ ရောဂါလည်းအခံရှိတယ်။ ကိုယ့်ဟာကိုယ်အိမ်မှာ ဆေးကုသနေမယ်။ ထိရောက်တဲ့ကုသမှုမခံယူဘူးဆိုရင်တော့ အသက်ဆုံးရှုံးမှုတွေများလာနိုင်တယ်ပေါ့။

မေး။ လက်ရှိမောင်တောခရိုင်မှာဆိုရင် ရောဂါပိုးကူးစက်ခံရသူအများစုက တစ်ခြားနိုင်ငံဘက်ကဝင်လာတဲ့သူတွေရယ်၊ ပြီးတော့ ပြောင်းရွှေ့တာဝန်ကျတဲ့ နယ်ခြားစောင့်တွေထဲကဖြစ်တယ်ပေါ့နော်။ ဒါကြောင့် နောက်ထပ် ဒီလိုမျိုးကူးစက်မှုတွေထပ်မဖြစ်အောင် ဒေါက်တာအနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်တယ်လို့မြင်ပါသလဲ။

ဖြေ။ ။အခုတစ်နိုင်ငံလုံးအခြေအနေနဲ့ ဘယ်သူပဲဖြစ်ဖြစ် စစ်ရင်တော့ Positive တွေ့နိုင်တာပဲ။ နယ်ခြားစောင့်တွေမှာပဲတွေ့တယ်လို့တော့ တပ်အပ်ပြောလို့မရဘူး။ သူတို့လည်း တစ်နိုင်ငံလုံး နေရာတော်တော်များများက ဖြန့်ပြီးလာရတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖို့ကလွယ်တယ်လေ။ အဲဒီလိုသဘောမျိုးပါ။ လက်ရှိမောင်တောမြို့မှာ ပိုးတွေ့နှုန်းများသွားတယ်ဆိုပေမယ့် မောင်တောမြို့ခံတွေက သိပ်မများဘူး။ တစ်ခြားနေရာကပြောင်းပြီး ဝင်လာတဲ့သူတွေ တစ်ဝက်တောင်ကျော်တယ်ပေ့ါနော်။ ဒါ့ကြောင့်ပါ။ မောင်တောမြို့တစ်ခုတည်းနဲ့ဆို တအားများတယ်လို့တောင် ပြောလို့မရဘူး။

မေး။ ဒေါက်တာအနေနဲ့ရော ဒီရောဂါပိုးကူးစက်မှုကနေ ကာကွယ်ဖို့အတွက် ပြည်သူတွေကို ဘယ်လို message တွေပေးချင်ပါသလဲ။

ဖြေ။ ။ကိုဗစ်ပိုးကတော့ လူတိုင်းအနားမှာရှိနေပြီးသားဖြစ်တဲ့အတွက် အဓိကတော့ ကိုယ့်ကိုကိုယ် အရင်ဆုံးကာကွယ်ဖို့လိုပါတယ်။ ကိုဗစ်မဖြစ်အောင် ဘယ်လိုနေရမယ်၊ ဘာလုပ်ရမယ်ဆိုတာကိုလည်း ကျမတို့ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေပေးထားပါတယ်။ အသိပညာပေးတွေလုပ်ထားတယ်။ အဲဒီအတိုင်းလိုက်နာဖို့ လိုပါတယ်။ အဓိကတော့ အတတ်နိုင်ဆုံး ကိုယ့်ဘာသာကိုယ် သီးသန့်နေမယ်။ လူသူအများနဲ့ လူစုလူဝေးဖြစ်တဲ့ နေရာတွေမသွားဖို့၊ အကြောင်းကိစ္စမရှိဘဲ အပြင်ကိုတစ်ချိန်လုံးထွက်မနေဖို့ပေါ့။ မဖြစ်မနေထွက်ရမယ်ဆိုရင်တောင် Mask တပ်ထားမယ်။ တကယ်လို့ သံသယရှိလာပြီဆိုရင် မိသားစုနဲ့လည်း အတူမနေဘဲ သီးခြားနေမယ်။ အမြဲတမ်း Mask တပ်ထားမယ်။ ပြီးလို့ရှိရင် ကျန်းမာရေးဌာနကိုအကြောင်းကြားပြီးတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေခံယူမယ်။ ဒါတွေအားလုံးကို လိုက်နာပေးရင်တော့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မယ့်သဘောရှိပါတယ်။

မေး။ ဟုတ်ကဲ့။ ဒေါက်တာအနေနဲ့ နောက်ထပ်ရော ဘာတွေများ ဖြည့်စွက်ပြီး ပြောချင်တာတွေရှိပါသလဲ။

ဖြေ။ ။ကျမတို့မောင်တောမှာဆိုရင် ကိုဗစ်သံသယရှိတဲ့လူနာတွေကို တစ်နေ့ကို ၂ ကြိမ်စစ်ဆေးပေးနေပါတယ်။ မနက်ကို ၁၁ နာရီတစ်ချိန်၊ ညနေ ၃ နာရီခွဲတစ်ချိန် အခမဲ့စစ်ပေးနေပါတယ်။ ပြီးလို့ရှိရင် ဖျားနာတဲ့လူတွေပေါ့။ ကိုဗစ်သံသယရှိတဲ့လူတွေကိုဆိုလို့ရှိရင် တစ်ခြားဆေးရုံဆေးခန်းတွေကိုမသွားဘဲနဲ့ ကိုယ့်ဘာသာကိုယ်လည်း အိမ်မှာဆေးမကုဘဲနဲ့ ဖျားနာတဲ့လူနာတွေကို ကြည့်ပေးမယ့်ဆေးခန်လည်း ဆေးရုံနှစ်ထပ်ခန်းအောက်မှာ ဖွင့်ထားပေးပါတယ်။ အဲဒီဆေးခန်းမှာ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဆရာမတွေရှိပါတယ်။ တကယ်လို့ သံသယရှိပြီဆိုရင် အဲဒီမှာ ပြဖို့လိုပါလိမ့်မယ်။

ဗီဒီယိုများ