AA ကို NUG က ဆွေးနွေးဖို့ဖိတ်ခေါ်လိုက်တဲ့အပေါ် သူတို့အမြင်

အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန်အတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အလွတ်သဘော တွေ့ဆုံလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြီးခဲ့သည့်မတ်လ ၂၄ ရက်နေ့တွင် ဖိတ်ကြားလိုက်သည်။

29 Mar 2022

DMG ၊ မတ် ၂၉

(Vox Pop)

အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန်အတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အလွတ်သဘော တွေ့ဆုံလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြီးခဲ့သည့်မတ်လ ၂၄ ရက်နေ့တွင် ဖိတ်ကြားလိုက်သည်။

ထိုသို့ဖိတ်ကြားခြင်းနှင့်ပတ်သက်ပြီး AA ဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာတုန့်ပြန်ခြင်းကို မတွေ့ရသေးပေ။ NUG မှ AA နှင့်ဆွေးနွေးရန် ဖိတ်ခေါ်ထားသည့်ကိစ္စကို ပြည်သူများအကြားတွင်လည်း စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြသည်။ ထိုအခြေအနေများအပေါ် ရခိုင်နိုင်ငံရေးသမားအချို့နှင့် ဒေသခံအချို့၏ အမြင်များ၊ သုံးသပ်ချက်ကို DMG က စုစည်းဖော်ပြလိုက်သည်။

ဦးအောင်သောင်းရွှေ (လွှတ်တော်အမတ်ဟောင်း)

ဒီကိစ္စဟာ ရခိုင်ပြည်သူလူထုနဲ့ ရက္ခိုင့်တပ်တော်(AA)အတွက် ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲဆိုတော့ ULA/AA ဘက်က နိုင်ငံရေးသမားတွေက အဓိကကျတယ်။ ပြည်သူလူထုဆိုတာထက် ဘာကိစ္စပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်တယ်၊ တော်လှန်ရေးလုပ်တယ်ဆိုရင်တော့ ဘယ်အဖွဲ့နဲ့မဆို ဆွေးနွေးဖို့တော့လိုအပ်တယ်။ ဆွေးနွေးမှု ကမ်းလှမ်းတယ်ဆိုရင်တော့ ဆွေးနွေးဖို့သင့်တယ်။ ဆွေးနွေးပြီးတော့မှ သူတို့ရဲ့အကျိုး သက်ရောက်မှု ဘယ်လိုရှိလဲဆိုတာ ထွက်လာမယ်ထင်တယ်။ သူတို့ရဲ့ဆွေးနွေးမှုအဖြေပေါ်မှာမူတည်ပြီး အကျိုးသက်ရောက်မှုဖြစ်မယ်။ အခုက ဆွေးနွေးဖို့ ကမ်းလှမ်းရုံပဲဖြစ်သေးတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပြောစရာမရှိဘူး။ ULA/AA အနေနဲ့လည်း ဆွေးနွေးဖို့ ကမ်းလှမ်းတဲ့အပေါ်မှာ ဆွေးနွေးဖို့လိုအပ်တယ်။ အကျိုးသက်ရောက်မှုဆိုတာက ဆွေးနွေးမှုရဲ့နောက်ဆက်တွဲမှာမှ ဖြစ်လာမှာပါ။ နိုင်ငံရေးသဘောအရ ဆွေးနွေးဖို့ကမ်းလှမ်းတာဆိုရင်တော့ ဆွေးနွေးဖို့သင့်ပါတယ်။

NUG အနေနဲ့လည်း အရင်ကဆိုရင် ရခိုင်အရေးနဲ့ပတ်သက်လာရင် ရခိုင်ဘက်က အဓိက အခန်းကဏ္ဍမှာရှိနေတဲ့ ULA/AA ကို သူတို့ဘက်က လျစ်လျူရှုခဲ့တာတွေရှိတယ်။ အထူးသဖြင့် မွတ်ဆလင်အရေးနဲ့ပတ်သက်လာရင်လည်း သူတို့ဘက်က ဒီဘက်ကိုအလေးမထားဘဲ တခြားဘက်ကို အသိအမှတ်ပြုခဲ့တာရှိတယ်။ အခုချိန်မှာတော့ ဒီလိုတလေးတစားနဲ့ ပြန်ကမ်းလှမ်းပြီးတော့ ဆွေးနွေးမှသင့်လျှော်မယ်ဆိုတော့ သူတို့ရဲ့ပြောင်းလဲမှုတစ်ခုပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့ဘက်က ဆွေးနွေးမှုလိုအပ်တယ်ထင်လို့ ဒီလိုကမ်းလှမ်းလာတယ်လို့ပဲမြင်တယ်။ ULA/AA အနေနဲ့လည်း ဆွေးနွေးသင့်တယ်လို့မြင်တယ်။

စောစံငြိမ်းသူ (ဥက္ကဋ္ဌ)  (ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့)

NUG ကနေ AA ကိုဆွေးနွေးဖို့ တွေ့ဆုံဖို့အတွက်ကမ်းလှမ်းတယ်ဆိုတာက သူတို့ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်တာဖြစ်တယ်လို့မြင်တယ်။ NUG က လူမျိုးတစ်မျိုးကိုအခြေခံတာ မဟုတ်ဘူး။ အားလုံးကို လွှမ်းခြုံတာဖြစ်တယ်။ NUG နဲ့ AA နဲ့တွေ့ဆုံလိုက်လို့ ရခိုင်လူထုအတွက် ဘာအကျိုးရလာမယ်လို့တော့ မပြောလိုဘူး။ အဓိက နိုင်ငံရေးအရဖြေရှင်းတဲ့အခါမှာ တွေ့သင့်တွေ့ထိုက်တဲ့သူတွေကို တွေ့ဆုံဆွေးနွေးပြီး တိုးတက်ပြောင်းလဲတဲ့ နိုင်ငံရေးတစ်ရပ်ဖြစ်လာစေဖို့၊ ပြင်ဆင်ဖို့ တွေ့ဆုံသင့်တယ်လို့မြင်တယ်။ ဒီလို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်တယ်လို့ပဲမြင်တယ်။

မြန်မာနိုင်ငံမှာ အထူးသဖြင့် နိုင်ငံရေးအရဖြေရှင်းရမယ်ဆိုတဲ့ခံယူချက်နဲ့ အပစ်အခတ်ရပ်စဲရေးကိုတောင်လုပ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတောင် ဖော်ဆောင်ခဲ့ပြီးပြီဖြစ်တယ်။ ဒါကြောင့် မတူညီတဲ့အုပ်စုတွေကြားထဲမှာ အုပ်စုတွေအားလုံး ပါဝင်ဆွေးနွေးဖို့ လုပ်ရမယ့်အခြေအနေမျိုးမှာ NUG က AA ကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တာ ထူးခြားတဲ့ကိစ္စရပ်တစ်ခုတော့ မဟုတ်ပါဘူးလို့ပြောချင်တယ်။

ဦးခင်မောင်လတ် (လွှတ်တော်အမတ်ဟောင်း)

တန်ဖိုးထားပြီးကမ်းလှမ်းလာတဲ့အတွက် ပြန်ပြီးလက်ဆွဲသင့်တယ်။ အခုလည်း ရုရှားနဲ့ယူကရိန်းနဲ့ တိုက်ပွဲဖြစ်တယ်။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ စကားပြောနေကြတာပဲ။ ရန်သူထက် မိတ်ဆွေ အများကြီးလိုတယ်။ ဒါကြောင့်ပြန်ပြီး လက်ဆွဲနှုတ်ဆက်သင့်တယ်။ ကိုယ့်ဘက်က အရှုံးမရှိဘူးလို့မြင်တယ်။ မိတ်ဆွေများလေ ကောင်းလေပဲ။ စည်းမျဉ်းစည်းကမ်းနဲ့မဟုတ်ဘဲ အလွတ်သဘောနဲ့ဖြစ်တဲ့အတွက် ဆွေးနွေးသင့်တယ်လို့ယူဆတယ်။ အကျိုးအများကြီးမရဘူးဆိုရင်တောင် အကျိုးမယုတ်နိုင်ဘူး။ အခြားနိုင်ငံရေး ပါတီတွေနဲ့ EAO တွေနဲ့လည်း ဆွေးနွေးတာရှိတဲ့အတွက် ဒါကအဆန်းကြီးမဟုတ်ဘူး။ အလွတ်သဘောဖြစ်တယ်။ စည်းမျဉ်းစည်းကမ်းမပါတဲ့အခါ တကူးတကဖိတ်တာဖြစ်တဲ့အတွက် ပြန်ပြီးဆွေးနွေးသင့်တယ်လို့လည်း ယူဆတယ်။

ဦးဖေသန်း (လွှတ်တော်အမတ်ဟောင်း)

အဓိကတော့ သူတို့က အလွတ်သဘောတွေ့ဆုံဖို့လောက်ပဲ ကမ်းလှမ်းတဲ့သဘောပါပဲ။ ဆွေးနွေးတယ် ဆိုရင်လည်း ဆုံးဖြတ်ချက်တွေချနိုင်မှာမဟုတ်ဘူး။ အလွတ်သဘောတွေ့ဆုံတာပဲရှိသေးတယ်။ နောက်ပိုင်းမှာ ဆွေးနွေးသွားဖို့အတွက် NUG ဘက်က ကနဦးစတင်ကမ်းလှမ်းချက်ပဲဖြစ်တယ်။ ဆိုလိုတာက ဒါနဲ့ပတ်သက်ပြီး အကျိုးရလာဒ်ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့မပြောနိုင်သေးဘူး။ မီဒီယာတွေမှာတော့ ဒီအစည်းအဝေးကိုတက်နိုင်ရင်တော့ ကောင်းတာပေါ့လို့ပြောထားတယ်။ အခြားအဖွဲ့စည်းတွေနဲ့ နိုင်ငံရေး ဆွေးနွေးမှာကတော့ တစ်ဖက်ကမဆွေးနွေးရင်တောင် နားထောင်သင့်တယ်။ အကျိုးကျေးဇူးရတာ၊ မရတာက သူတို့တွေ့ဆုံဆွေးနွေးဖို့လိုတယ်။ ဆွေးနွေးတဲ့အခါ သူတို့ရဲ့ သဘောတူညီချက်ရဖို့လိုတယ်။

ULA ကတော့ ရခိုင်ပြည်သူလူထုအတွက်ကြိုးစားနေတာလေ။ အခုချိန်မှာတော့ ကနဦးကမ်းလှမ်းချက်ပဲ ဖြစ်သေးတယ်။ သူတို့ဘက်ကလည်း ဆွေးနွေးမယ်၊ မဆွေးနွေးဘူးဆိုတာလည်း မပြောသေးဘူး။ အလွတ်သဘော ဆွေးနွေးချင်တယ်လို့ပဲ ကမ်းလှမ်းတာ။ ဒီဘက်ကလည်း အလွတ်သဘောဆွေးနွေးမယ်။ တွေ့ဆုံမယ်လို့ အဖြေမပေးသေးဘူး။ တကယ်လို့ အလွတ်သေဘာတွေ့ဆုံဖြစ်ရင်တော့ တဖြည်းဖြည်း နောက်ပိုင်းမှာ တော်လှန်ရေးအတွက် စစ်အာဏာရှင်ကို ပူးပေါင်းပြီးဘယ်လိုတိုက်ထုတ်လာမလဲ။ ဒါမှမဟုတ် အရင်တိုင်းပဲ ကိုယ့်ဟာကိုယ် ရက္ခိတလမ်းစဉ်အတိုင်းပဲ ဆက်သွားမလား။ ကျနော်တို့ အတိအကျ မပြောနိုင်သေးဘူး။ ဒါပေမယ့် AA ဘက်က တက်မယ်၊ မတက်ဘူးဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့ အကျိုးရှိရှိ အဖြည့်ခံအနေနဲ့ပဲ ယူဆတာပေါ့။ NUG မှာက အင်အားတွေ တတ်နိုင်သမျှကိုစည်းရုံးတယ်။ စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ဖို့အတွက် NUG အနေနဲ့ အင်အားတွေရှိမှဖြစ်မယ်။

ဆိုလိုတာကတော့ ရခိုင်ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေက စစ်အာဏာရှင်ကိုတိုက်ဖို့ ဦးတည်နေရမယ်။ အဲလိုအခြေအနေမှာ အင်အားရှိတဲ့ AA က သူတို့နဲ့ပူးပေါင်းမတိုက်ဘဲ ကိုယ်ဟာကိုယ် သီးသန့်သွားနေတယ်ဆိုတော့ NUG က အားမရဘူးပေါ့။ NUG က သူတို့နဲ့ AA ကို ပူးပေါင်းစေချင်တယ်။ အဓိကတော့ သူတို့မှာပိုပြီးအားရှိအောင် တိုက်ပွဲမှာ မြန်မြန်ဆန်ဆန်နဲ့ အဆုံးသတ်နိုင်ဖို့လိုတာကြောင့် ULA/AA ကို ကမ်းလှမ်းတာလို့ယူဆပါတယ်။

မဦးခင်သိန်း (ရခိုင်လူငယ်မျိုးဆက်သစ်-ကွန်ရက်)

ဒီလိုကမ်းလှမ်းတာကတော့ ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ လောလောဆယ် စစ်အာဏာရှင်ကို တစ်ခုမှလည်း မလိုချင်ဘူး။ ရခိုင်ပြည်သူလူထုကလည်း မလိုချင်သလို တခြားတိုင်းနှင့်ပြည်နယ်တွေကလည်း စစ်အာဏာရှင်လက်အောက်မှာ အများကြီးခံခဲ့ရတော့ စစ်အာဏာရှင်ကိုလည်း မလိုလားကြတော့ဘူး။ ဒီလိုချိန်မှာ NUG အနေနဲ့ တစ်ကယ်ဆိုရင် အရင်ကနေကမ်းလှမ်းသင့်တယ်။ အခုကမ်းလှမ်းတဲ့အနေထားက အရမ်းနောက်ကျနေပြီလို့မြင်တယ်။ ကျမအနေနဲ့ ဆွေးနွေးတာက ဆွေးနွေးတာတစ်ပိုင်းပေါ့နော်။ ဒါပေမယ့် သူတို့ဘယ်လိုသွားချင်လဲဆိုတာတော့ ရှိမယ်။ AA မှာလည်း ရခိုင်အနေနဲ့ဘယ်ကိုသွားမလဲဆိုတဲ့ လမ်းစဉ်ရှိမယ်။ AA မှာလည်း အဲဒါကိုအတည်ပြုပြီး ဆွေးနွေးမယ်လို့မျှော်လင့်တယ်။ ဒါကြောင့် ကောင်းတဲ့ရလာဒ်တစ်ခု ထွက်လာမယ်လို့မျှော်လင့်တယ်။ (AA)ဗိုလ်ချုပ်လည်း အမြဲပြောနေတာရှိတယ်။ ရခိုင်ဟာ ရက္ခိတလမ်းစဉ်ကိုပဲသွားမယ်ဆိုပြီးပြောတာရှိတယ်။ ပြောရမယ်ဆိုရင် ရလာဒ်ကောင်းမယ်လို့ မျှော်လင့်တယ်။ ကောင်းတဲ့ရလာဒ်ကို ရလိမ့်မယ်လို့ယုံကြည်တယ်။

ဗီဒီယိုများ