ကျနော်တို့ အစိုးရကို ဆန့်ကျင်တယ်ဆိုတာဟာ အစိုးရကို မုန်းလို့မဟုတ်ဘူး

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဘယ်လောက်ထိခရီးရောက်နေပြီလဲ။ ငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား မည်ကဲ့သို့ သဘောထားအမြင် မျှော်လင့်ချက်များရှိသလဲ။ ယင်းအကြောင်းရာများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌ ဖဒိုစောကယ်ထူးဝင်းကို...

07 Sep 2020

ဖဒိုစောကယ်ထူးဝင်း (ဒု-ဥက္ကဋ္ဌ)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသည့် ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း(၃)ကို သြဂုတ်လ ၂၁ ရက်က နေပြည်တော်မှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များက သဘောတူလက်မှတ် ရေးထိုးလိုက်ပြီဖြစ်သည်။

သို့သော်လည်း တစ်ချို့နေရာများတွင် အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။ စစ်ရေးပဋိပက္ခများကြောင့် ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးနေရမှု များပြားလာနေသည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဘယ်လောက်ထိခရီးရောက်နေပြီလဲ။ ငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား မည်ကဲ့သို့ သဘောထားအမြင် မျှော်လင့်ချက်များရှိသလဲ။ ယင်းအကြောင်းရာများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌ ဖဒိုစောကယ်ထူးဝင်းကို DMG သတင်းထောက် ခိုင်ရိုးလက တွေ့ဆုံမေးမြန်းထားသည်။

မေး - တိုင်းရင်းသားတွေမျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေက လက်ရှိမှာ ဘယ်လောက်ထိ ခရီးရောက်နေပြီလို့ ပြောလို့ရမလဲ။

ဖြေ - ကျနော်တို့မှာ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးခွင့်ရတာကတော့ တိုးတက်မှုတစ်ခုပေါ့နော်။ သို့သော်လည်းပဲ ဖက်ဒရယ်တည်ဆောက်တဲ့နေရာမှာ ကျနော်တို့ရဲ့ အတိတ်ကဟာတွေကို ဒီနေရာကိုယူလာတော့ အနာဂတ်ကိုသွားတဲ့နေရာမှာ အခက်အခဲတွေရှိတယ်။ ဆိုလိုတာက ဖြစ်ခဲ့တဲ့ဟာကို စွဲလမ်းမှုတွေကို စိတ်ထဲက ဥပက္ခာမပြုနိုင်ဘူးဆိုရင်၊ ပစ်တာတော့မဟုတ်ဘူးပေါ့နော်။ သင်ခန်းစာမယူဘူးဆိုရင် အခက်အခဲတွေရှိတယ်။

တိုးတက်မှုရှိတယ်ဆိုတာက ပထမအဆင့် NCA နိုင်ငံရေးဆွေးနွေးပွဲတစ်ဆင့် အခက်အခဲတွေကို ဆက်ပြီးတော့သွားနိုင်ဖို့ သဘောတူညီချက်တွေရခဲ့တာ။ သို့သော်လည်းဘဲ ဘုံမျှော်မှန်းချက်ကတော့ တူချင်မှတူမယ်။ ဒါကို ညှိရအုံးမယ်။

မေး - ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဖွင့်ပွဲမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ လက်နက်အားကိုးခြင်း၊ အင်အားကိုအသုံးချခြင်းတွေ ရှိနေတယ်လို့ ပြောခဲ့တာရှိတယ်။ အဲဒါကို ဘယ်လိုမြင်လဲ။

ဖြေ - ဒါက တိုင်းရင်းသားမကဘူး။ အကုန်လုံးကိုပြောတဲ့သဘောပါ။ လက်နက်အင်အားသုံးပြီးတော့ နိုင်ငံရေးအာဏာထူထောင်တဲ့ သဘောပါ။ တပ်မတော်လည်းပါမယ်။ EAO လည်းပါမယ်။ ဘာဆိုတော့ အခုက တစ်ချို့ပြောကြတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ နိုင်ငံရေးတည်ဆောက်မှုတွေက လက်နက်ကိုင်တွေပဲ ကြီးစိုးနေတယ်ဆိုပြီး။ ဒါကို အကုန်လုံးဆိုလိုတာဖြစ်နိုင်တယ်။ ကျနော့်အမြင်တော့ နိုင်ငံရေးမှာ လက်နက်နဲ့တည်ဆောက်တယ် ဆိုတာကတော့ မရှိသင့်ပါဘူး။ လိုအပ်မှုအရသာ ကျနော်တို့လုပ်ရတဲ့ကိစ္စပါ။ တကယ်တမ်းဆိုရင် နိုင်ငံရေးမှာက အင်အားတည်ဆောက်မယ်ဆိုရင် ပြည်သူလူထုက ကိုယ့်ရဲ့မူဝါဒအပေါ်မှာ ဘယ်လောက်ထိ လက်ခံထောက်ခံပူးပေါင်းဆောင်ရွက်နိုင်လဲ ဆိုတဲ့အရာမှာ မူတည်ပါတယ်။

မေး - တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းပြောကြားရာမှာတော့ တိုင်းရင်းသားနက်ကိုင်တွေက တက်လာတဲ့အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတာ။ တပ်မတော်ကကျတော့ ဒါကိုကာကွယ်ပေးနေတာဆိုပြီး ပြောသွားတာရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုပြောချင်ပါလဲ။

ဖြေ - ဒါကတော့ သူ့ရပ်တည်ချက်နဲ့သူပြောတာ့ပေါ့။ ဒါတွေကို ကျနော်တို့ကတော့ အစိုးရကို ဆန့်ကျင်နေတယ်ဆိုတာထက် နိုင်ငံရေးဆွေးနွေးပွဲကို တောင်းဆိုနေတာ။ လက်နက်ကိုင်ပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲရမှာ။ တခြားနည်းလမ်းမရှိဘူး။ အခုကတော့ အပစ်ရပ်မယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်။ တစ်ဆင့်တက်လာတာပေါ့။ ကျနော်တို့ဟာ အစိုးရကို ဆန့်ကျင်တယ်ဆိုတာဟာ အစိုးရကို မုန်းလို့မဟုတ်ဘူး။ သဘောတရားအရ လက်နက်ကိုင်တော်လှန်ရေးပဲပြောပြော၊ လက်နက်ကိုင်ခုခံရေးပဲပြောပြာ ဒါကစနစ်တစ်ခုကို ပြုပြင်ပြောင်းလဲဖု့ိအတွက် ကြိုးပမ်းတာဖြစ်တယ်။ နည်းကတော့ အမျိုးမျိုးရှိတာပေါ့နော်။ လူထုပါဝင်ရေး နည်းလမ်းတို့၊ လက်နက်ကိုင်နည်းလမ်းတို့ပေါ့။ အကောင်းဆုံးကတော့ အခုနိုင်ငံရေးဆွေးနွေးပွဲ နည်းလမ်းနည်းနဲ့ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲတာပဲ။ သူပြောတော့ သူ့ရပ်တည်ချက်ပေါ့။ ကျနော်တို့ကလည်း ကျနော်တို့ ရပ်တည်ချက်ပေါ့။

မေး - စတုတ္ထအကြိမ် ပင်လုံညီလာခံကနေ အနာဂတ်ငြိမ်းချမ်းရေးအတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မြင်ပါလဲ။

ဖြေ - ကျနော်တို့ကတော့ ဒီဟာက အားလုံးအတွက် ကောင်းကျိုးဖြစ်မယ်လို့ ယုံကြည်တယ်။ ငြိမ်းချမ်းရေးကို သွားနေတယ်ဆိုတဲ့ အစိုးရလည်း Credit ရမှာပေါ့။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက်လည်း ညီလာခံက ရှိကိုရှိရမယ်။ ညီလာခံရှိမှသာ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုလို့ရတာပေါ့။ အခုဆိုရင် အစိတ်အပိုင်းသုံးခု ချုပ်ဆိုနိုင်ခဲ့ပြီ။ ဒါမှသာလျှင် နောက်တက်လာမယ့် အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ အာမခံချက်ရှိတဲ့ အတိုင်းအတာတစ်ခုရတာပေါ့။ ဒါကို အစိုးရဘက်လိုလားသလို KNU အပါအဝင် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း တကယ်လိုလားတယ်။ ဒါပေမယ့်လည်း ပြည်ထောင်စုသဘောတူစာချုပ်မှာပါတဲ့ အချက်အလက်တွေက ဘယ်လောက်ရနိုင်သလဲဆိုတာကတော့ နှစ်ဘက်ညှိနှိုင်းမှုအပေါ်မှာပဲ မူတည်တယ်။ အခုကတော့ အတိုင်းအတာ တစ်ခုလောက်တော့ အောင်မြင်မှုရှိခဲ့တယ်။

မေး - ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူရေးဆွဲခွင့်ရပြီဆိုလို့ရှိရင် ဆရာတို့ဘက်မှာ ကြိုတင်ပြီးတော့ ပြင်ဆင်ထားတာရှိလား။

ဖြေ - ရှိထားပါတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ ပြည်နယ်တိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲထားတာကြာလှပြီ။ ဒါပေမယ့် ပြောင်းလဲနိုင်တဲ့အနေအထားပေါ်မှာသာ ဘယ်လိုပြောင်းလဲမယ်ဆိုပြီး ပြင်ဆင်ကြမလဲ မသိသေးဘူး။ ကျနော်တို့ ကရင်မှာလည်းရှိတယ်။ မွန်မှာလည်း ရှိတယ်။ ရခိုင်မှာလည်းရှိတယ်။ ရှမ်းမှာလည်းရှိတယ်။ ကချင်မှာလည်းရှိတယ်။ တိုင်းဒေသကြီးမှာသာ မရှိတာ။ ကျနော်တို့က ဖက်ဒရယ်ပြောလိုက်လို့ရှိရင် အာဏာခွဲဝေမှု၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ခံတယ်။ တိုင်းဒေသကြီးတွေမှာတော့ ဆွေးနွေးရမယ်။ ဖြစ်နေတာက သမိုင်းကြောင်းပဲပြောပြော၊ လုပ်ပိုင်ခွင့် အနေအထားပဲပြောပြော၊ ဝေါဟာရပဲပြောပြော ဒါက ဆက်နွေးရအုံးမယ်။

မေး - ပြည်နယ်ဖွဲ့စည်းပုံဥပဒေဟာ တိုင်းရင်းသားဘက်က ဘာတွေလုပ်ပိုင်ခွင့်ရလဲ။ အစိုးရဘက်ကရော ဘယ်လိုမျိုးရှိလဲ။ ဒီစကားလုံး ပါခြင်းမပါခြင်းက ဘယ်လောက်ထိအရေးပါလဲ။

ဖြေ - ဒါကတွေးခေါ်မှုကတော့ မတူဘူး။ ကျနော် နားလည်ရသလောက်ကတော့ နံပါတ်တစ်ကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အချူပ်အခြာအာဏာ အတိုင်းအတာတစ်ခုဖြစ်တယ်။ ဒါကြောင့်မို့ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေဟာ ကျနော်တို့နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ဆိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံ ဖြစ်တည်မှုသမိုင်းက ဒီပင်လုံကနေ တက်လာတာ။ ပင်လုံမှာရှိထားတဲ့ သီးခြားပြည်နယ်လေးပေါ့နော်။ သူ့ရဲ့ ဒေသတွေကလာပြီးတော့ ပူးပေါင်းဆောင်ရွက်တာ။ သူ့ရဲ့အချုပ်အခြာအာဏာကို လာပြီးတော့ အကုန်လုံး ပေးအပ်တာ။ သူ့ရဲ့အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်ဖြစ်တယ်။ သို့သော်လည်းပဲ ဒီအစိုးရက ကျနော်တို့တောင်းဆိုတဲ့အတွက်မို့လို့ ဖက်ဒရယ်ဖွဲ့စည်းပုံတို့ကို လက်မခံနိုင်တာထင်တယ်။ ၆၃ အာဏာသိမ်းတဲ့အတွက်ကြောင့် အဲဒီဖက်ဒရယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘူး။ အခုက ကျနော်တို့ ပြန်လာတော့ သူရဲ့စဉ်းစားမှုကတော့ ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ ပုံစံမျိုး။ ဆိုလိုတဲ့သဘောကတော့ ကျနော်တို့ကတော့ ကိုယ့်အာဏာကို ဘယ်လိုခွဲဝေပေးမလဲဆိုတဲ့ အပေါ်မှာမူတည်တယ်။ သို့သော် ကျနော်တို့က ဒီနှစ်ခုကို ဆက်ဆွေးနွေးရမှာပဲ။ ဝေါဟာရအငြင်းပွားတာထက် အနှစ်သာရအပေါ်မှာ မူတည်တယ်လို့ ကျနော်မြင်တယ်။

မေး - NCA ကို အကောင်အထည်ဖော်ဆောင်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။

ဖြေ - NCA ကတော့ အားလုံးကလက်ခံပြီး နှစ်ဘက်စလုံးကတာဝန်ယူပြီး အကောင်အထည်ဖော်ရမှာ ဖြစ်တယ်။ သို့သော်လည်း NCA မှာပါဝင်တဲ့ ဝေါဟာရတွေကို အဓိပ္ပာယ်ဖော်တဲ့အခါမှာ မတူညီတဲ့ အခက်အခဲတွေရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအပါအဝင် အထူးသဖြင့် ကျနော်တို့ KNU ကတော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် အဓိက လမ်းကြောင်းတစ်ခုဖြစ်တဲ့အတွက် ဒီအပေါ်မှာအခြေခံပြီးတော့ လုပ်တာဖြစ်တယ်။ အကောင်ထည်ဖော်တဲ့နေရာမှာတော့ နှစ်ဘက်ညှိနှိုင်းပြီး လုပ်ရမှာဖြစ်တယ်။ ကျနော်တို့နိုင်ငံမှာ ဟိုတုန်းက ဖက်ဒရယ်ဆိုတဲ့ စကားလုံးကိုတောင် NCA ညှိတဲ့အခါ လက်ခံလာအောင် ကြိုးစားလုပ်ရတာ။ အဲဒီကြားထဲမှာ အဲဒီစကားလုံးကို အမြင်မတူတဲ့ဟာတွေ ရှိခဲ့ကြတယ်။ စိုးရိမ်မှုတွေ၊ သံသယတွေနဲ့ တစ်ဆင့်တက်လာတာ။ ဒါပေမယ့် အကုန်လုံးကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ရှုမြင်တတ်ဖို့လိုတယ်။

မေး - NCA မထိုးရသေးတဲ့ မြောက်ပိုင်းအဖွဲ့တွေကို အစိုးရဘက်က ငြိမ်းချမ်းရေးအတွက် ဘယ်လိုသဘောထားရှိတယ်လို့ မြင်ပါလဲ။

ဖြေ - သူတို့ကို အခုကတော့ ပေါ်လစီပြောင်းသွားသလား၊ မပြောင်းဘူးလားတော့မသိဘူး။ အစတုန်းကတော့ Bilateral နှစ်ဆင့်ရှိတယ်။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ပြီးမှ NCA ထိုးရမယ်။ ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲသွားရမယ်။ မြောက်ပိုင်းအဖွဲ့တင်ပြတာ ပထမအချက်က အဲဒါပါပဲ။ ဒုတိယအချက်က NCA ကို ကျော်ပြီးသွားမလား။ အစိုးရဘက်ကတော့ ဒီကိစ္စကိုပြင်နိုင်မလား။ NCA ကတော့ နိုင်ငံရေးဆွေးနွေးပွဲကိုသွားမှာ၊ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်လို့ ထိုးတော့ထိုးရမှာပဲလေ။ ဖက်ဒရယ်ပြည်ထောင်စု သွားမယ်ဆိုတာနဲ့ ပြည်နယ်အရေးတစ်ခုတည်း မဟုတ်တော့ဘူး။ ပြည်ထောင်စုနဲ့ဆိုင်တဲ့ကိစ္စဖြစ်သွားပြီ။

မေး - NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ၊ မတရားအသင်းလို့ ကြေညာထားတဲ့အဖွဲ့တွေ NCA မှာ ပါဝင်လာဖို့ ဘယ်လိုမျိုး လုပ်ဆောင်သင့်လဲ။

ဖြေ - ကျနော်တို့ NCA မထိုးခင်မှာ မတရားအသင်းက ပယ်ဖျက်ရေးက နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင် မတရားအသင်းနဲ့တော့ ဆွေးနွေးလို့မရဘူး။ ဒါကြောင့် လက်မှတ်ရေးထိုးတာနဲ့ မတရားအသင်းပယ်ဖျက်တယ်။ တရားတဲ့အသင်းလည်း မဟုတ်သေးဘူး။ သို့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲကို တက်နိုင်တဲ့အနေအထားကတော့ ရသွားတာပေါ့။ ဒါက NCA မှာ ယုံကြည်မှုတည်ဆောက်တဲ့ အပိုင်းကတော့ပါတယ်။
နောက်တစ်ခုက လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေက JMC အစည်းအဝေးမှာ တောက်လျှောက်ပါလာဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းအစီစဉ်တွေမှာ ပါလာဖို့အတွက် အားလုံးကတာဝန်ယူဖို့ ကျနော်တို့ဘက်က လုပ်ခဲ့တယ်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက NCA မထိုးတဲ့အထဲမှာ နှစ်ပိုင်းဖြစ်နေတာကို၊ မြောက်ပိုင်းစုဖွဲ့မှုမှာတစ်ခု၊ နောက်ပြီးတော့ စုဖွဲ့မှုမရှိဘဲနဲ့ UNFC မှာ သူ့အဖွဲ့ဝင်တစ်ချို့က မြောက်ပိုင်းကို ပါသွားတယ်။ တစ်ချို့က လက်မှတ်ရေးထိုးတဲ့အဖွဲ့မှာ ပါသွားတယ်။ တစ်ချို့က မရှိတော့ဘူး။ ဒါကတော့ အထူးသဖြင့် ကျနော်တို့သွားမယ့် နိုင်ငံရေးရည်မှန်းချက်အပေါ် ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်ဖို့အတွက် အခြေခံမူတွေကျတော့ ညှိရတယ်။

NCA မထိုးပေမယ့်လည်း နိုင်ငံရေးဆွေးနွေးမှုအပေါ်မှာ ကျနော်တို့ နိုင်ငံရေးဆွေးနွေးတဲ့အပေါ်မှာ လက်ခံနိုင်တဲ့အပေါ်မှာ ဆွေးနွေးတယ်။ ဒါက နှစ်ပိုင်းရှိတာကိုး။ ဒီမြောက်ပိုင်းအဖွဲ့မှာဆိုလို့ရှိရင် ထပ်ပြီးကွဲလိုက်လို့ရှိရင် သုံးပိုင်းဖြစ်နေတယ်။ တစ်ပိုင်းကတော့ထိုးထားပြီ၊ တပိုင်းကမထိုးရသေးဘူး။ တစ်ပိုင်ကတော့ မထိုးပေမယ့်လည်း အပစ်ခတ်ရပ်စဲရေး လျော့နည်းစေဖို့အတွက် KIO တို့ဆိုရင် ထိုးထားပြီ။

အဲလိုရှိတဲ့အပေါ်မှာ မြောက်ပိုင်းအဖွဲ့တွေထဲမှာ မတူတာတွေရှိတာကတော့ “ဝ”ဆိုလို့ရှိရင် ဖက်ဒရယ်ကိစ္စကို သိပ်ပြီးတော့ စိတ်ဝင်စားမှုမရှိဘူး။ ဒါကြောင့်မို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တစ်စုံလုံးပါဝင်နိုင်ဖို့အတွက် သဘောထားမရှိဘူး။ ဟိုတလောကကြားမှာပေါ့။ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့က ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ၁၂ ချက်ဆိုပြီးတော့ လက်မှတ်ရေးထိုးလိုက်ကြတယ်။ ဒါက ထိုးတဲ့အဖွဲ့၊ မထိုးတဲ့အဖွဲ့ KNPP၊ KIO လည်းပါတယ်။ အစိုးရနဲ့ ကျနော်တို့လည်း သဘောတူညီမှုရှိခဲ့ပြီးသား။ အဓိကတော့ အပစ်ရပ်ပြီးတော့ ကျနော်တို့န ိုင်ငံရေးဆွေးနွေးပွဲမှာ အကုန်လုံးပါဝင်နိုင်ဖို့ ၊ ခက်နေတာက အခုက NCA လက်မှတ်ရေးထိုးမှသာ နိုင်ငံရေးဆွေးနွေးပွဲမှာပါဝင်ဖို့။ တစ်ခါတလေ ကျနော့်တယောက်ရဲ့အမြင်ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်လာလို့ရှိရင် တိုက်ပွဲတွေကို ကာနိုင်ဖို့တော့ရှိတယ်။ ဒါကိုတော့ နိုင်ငံသားတိုင်း လက်ခံဖို့အနေအထားကတော့ မရှိဘူး။ တစ်ချို့နိုင်ငံတွေမှာတော့ တိုက်ရင်းနဲ့ ဆွေးနွေးတာလည်းရှိတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တစ်ချို့ထဲမှာလည်း တိုက်ရင်းနဲ့ ဆွေးနွေးမယ်လို့ အယူအဆလည်းရှိတယ်။ သို့သော် တိုက်ရင်းနဲ့ဆွေးနွေးရင် အမုန်းတရားတွေ ပိုပြီးရှိနိုင်တယ်လို့ သတိတော့ ထားရမယ်။ အခုကတော့ ကျနော်တို့ကြိုးစားခဲ့ပေမယ့် ပါလာတဲ့အနေအထားတော့ မရှိဘူး။ နားလည်မှုသဘောတူညီမှု အတိုင်းတာတစ်ခုတော့ရှိတယ်။

မေး - ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ AA ပါလာဖို့ရော ဘယ်လိုအခြေအနေတွေရှိနေလဲ။

ဖြေ - သူတို့တပ်ဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ သဘောရှိတယ်။ ဘယ်လိုနည်းနဲ့ ပါဝင်လာနိုင်မလဲဆိုတော့ အခုကထိန်းထားတာ အပစ်အခတ်ရပ်စဲရေးဆိုပြီးတော့ Bilateral အရင်လုပ်၊ ပြီးတော့ NCA မှာဆွေးနွေးဖို့ လုပ်လို့ရတယ်ဆိုပြီး စဉ်းစားထားတယ်။ အဓိကတော့ တိုက်ပွဲတွေရပ်၊ နိုင်ငံရေးဆွေးနွေးပွဲကိုသွား။ ဆွေးနွေးပွဲက အဖြေထွက်ပြီဆိုရင် တိုက်ပွဲတွေက အော်တိုရပ်သွားမှာ။

မေး - မကြာမီမှာ အစိုးရသစ်တက်လာတော့မယ်ဆိုတော့ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးမှုတွေအပေါ်မှာ ပြောင်းလဲသွားမယ်လို့ စိုးရိမ်စိတ်တွေရောရှိလား။

ဖြေ - အခုကတော့ ပြည်ထောင်စုသဘောတူစာချုပ်ရမယ်ဆိုပြီး ဆွေးနွေးတာပေါ့။ ဒါပေမယ့်လည်း တက်လာတဲ့အစိုးရရဲ့ ပေါ်လစီအပေါ်မှာပဲ မူတည်တယ်။ ဒါကတော့ ဆက်ဆွေးနွေးရအုံးမယ်။ အဖြေကတော့ ဆွေးနွေးရင်း ညှိနှိုင်းမှုအပေါ်မှာပဲ မူတည်တယ်။

ဆက်စပ်ဖတ်ရှုရန်

ဗီဒီယိုများ