၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်တိုင်းရင်းသားပါတီတွေ ဘယ်လိုမျှော်မှန်းထားကြလဲ

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက တိုင်းရင်းသားပါတီတွေ ရလဒ်မကောင်းခဲ့တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ အခုလက်ရှိ တိုင်းရင်းသားပါတီတွေကို လူထုထောက်ခံမှုက ဘယ်လိုအခြေအနေမှာ ရှိသလဲ၊ ရွေးကောက်ပွဲကျင်းပခွင့်ရတဲ့ မြို့နယ်တွေမှာ တိုင်းရင်းသာပါတီတွေရဲ့ စိန်ခေါ်မှုက ဘာတွေလဲ၊ ဘယ်လိုရလဒ်တွေကို ခန့်မှန်းထားကြသလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားပါတီတွေကို DMG က ဆက်သွယ်မေးမြန်ထားပါတယ်။

02 Nov 2020

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုမှာ ရွေးကောက်ပွဲ မကျင်းပကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲကျင်းပမယ့် ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်အချို့မှာ နိုင်ငံရေးပါတီအသီးသီးက မဲဆွယ်စည်းရုံးရေးကိစ္စတွေကို အင်တိုက်အားတိုက် လုပ်ဆောင်လာကြပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးလာလေလေ အပြိုင်အဆိုင်မဲဆွယ်မှုတွေ၊ လူထုအင်အားပြ ထောက်ခံပွဲတွေက ပိုမိုအရှိန်မြင့်လာနေပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက တိုင်းရင်းသားပါတီတွေ ရလဒ်မကောင်းခဲ့တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ အခုလက်ရှိ တိုင်းရင်းသားပါတီတွေကို လူထုထောက်ခံမှုက ဘယ်လိုအခြေအနေမှာ ရှိသလဲ၊ ရွေးကောက်ပွဲကျင်းပခွင့်ရတဲ့ မြို့နယ်တွေမှာ တိုင်းရင်းသာပါတီတွေရဲ့ စိန်ခေါ်မှုက ဘာတွေလဲ၊ ဘယ်လိုရလဒ်တွေကို ခန့်မှန်းထားကြသလဲ ဆိုတာ တွေနဲ့ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားပါတီတွေ ဖြစ်ကြတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်အမျိုးသားပါတီ(ANP)နဲ့ ကမန်အမျိုးသားတိုးတက်ရေးပါတီ(KNDP) က တာဝန်ရှိသူတွေကို DMG သတင်းထောက် ခင်သရဖီဦးက ဆက်သွယ်မေးမြန်ထားပါတယ်။

ဦးမျိုးကျော် (အတွင်းရေးမှူး)
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)

တောင်းပိုင်းမှာက အမျိုးသားရေးစိတ်ဓာတ် မြင့်လာတာတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ်အဆက်ဆက်မှာ တောင်းပိုင်းဆိုတာ ပြည်မကပါတီတွေပဲ နိုင်တယ်လေ၊ နိုင်လေ့နိုင်ထရှိတယ်။ ၂၀၁၅ ထိ တောင်ပိုင်းမှာက ပြည်မကပါတီတွေပဲ နိုင်တယ်။ သူတို့အစဉ်အလာတစ်ခုဖြစ်နေတဲ့ အနေအထားဖြစ်တယ်။

အခု ၂၀၂၀ မှာ ကွာခြားသွားတာက ရခိုင်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာတယ်။ စစ်ပွဲတွေဖြစ်လာတယ်။ တိုက်ပွဲနဲ့အတူ ရခိုင်လက်နက်ကိုင်တပ်တွေကလည်း ရခိုင်ပြည်ထဲကို ရောက်လာတယ်။ အင်နဲ့အားနဲ့ကို သူတို့ကလည်း လှုပ်ရှားတယ်။ အဲဒီလိုဖြစ်လာတဲ့အနေအထားမှာ ရခိုင်သားတွေကလည်း ဘာပဲဖြစ်ဖြစ် ကိုယ့်ပြည်နယ်မှာ ကိုယ့်ရခိုင်သားရှိတယ်ဆိုရင်လည်း အားကိုးလိုစိတ်ဖြစ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံရေး၊ အမျိုးသားရေး နိုးကြားလာတယ်လို့ပဲ ပြောရမယ်။

(ALD ပါတီကို လူထုထောက်ခံမှုက) အခုအခြေအနေတွေက အားရဖို့ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။ အခက်အခဲတွေကတော့ ရွေးကောက်ပွဲကာလ ရက် ၆၀ မှာ စက်တင်ဘာ ၈ ရက်နေ့စတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ကိုဗစ်ဖြစ်တာကြောင့် lock down ချထားတယ်။ မဲဆွယ်စည်းရုံးခွင့်တွေကို ပိတ်ထားတယ်။ မဲဆွယ်စည်းရုံးခွင့်ကိုပိတ်ပြီးတော့ အဲဒီ ရက် ၆၀ ကို ဖြတ်သန်းရတာကတော့ အဓိကအခက်အခဲပေါ့။ တချို့နေရာတွေမှာလည်း စစ်ပွဲတွေက ထဖြစ်တယ်။ အပြစ်မဲ့ပြည်သူတွေ သေတယ်။ လုံခြုံရေးအရ တောင်ကုတ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းတယ်။ ကျောက်ဖြူမြို့နယ်မှာ မိုင်းကွဲတယ်။ အဲဒီကိစ္စတွေဖြစ်လာတော့ အခက်အခဲတွေကတော့ စည်းရုံးရေးလုပ်တဲ့အခါမှာ အဟန့်အတား အများကြီးဖြစ်တာပေါ့။ လုံခြုံရေးကိုအကြောင်းပြပြီးတော့ အနှောင့်အယှက်ဖြစ်လာတယ်။ ကိုဗစ်ကြောင့် မြို့တွေကိုဝင်လို့မရဘူး၊ ထွက်လို့မရဘူးဖြစ်တယ်။ ဒေသအမိန့်အာဏာတွေကို ကျော်လွှားဖို့အတွက်ဆို အဲဒီဟာတွေက တကယ့်ကို ဒေသမှာ ရောဂါကြောင့်သော်လည်းကောင်း၊ စစ်ပွဲကြောင့်သော်လည်းကောင်း အဟန့်အတားတွေက အများကြီးဖြစ်တယ်။

အခုအခြေအနေက ဘယ်လိုလဲဆိုတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အစကတည်းက ခန့်မှန်းပြီးတော့ ကိုယ့်အင်အားနဲ့ ကိုယ်လုပ်နိုင်မယ့်နေရာ အဓိက တောင်ပိုင်းမှာပဲဖြစ်တယ်။ တောင်ပိုင်းဆိုတာကလည်း ရှင်းရှင်းပြောရရင်တော့ ပြည်မပါတီတွေလည်း နိုင်လေ့ရှိတယ်။ ရခိုင်ပါတီတွေအနေနဲ့ လုံ့လထုတ်မှုနည်းတယ်။ အဲဒါကြောင့် ALD ကတော့ ဒီလစ်ဟာနေတဲ့အရာကို အဓိကအားဖြည့်တဲ့အနေနဲ့ ဒီဖက်မှာဝင်မယ်လို့ စိတ်ကူးထားတာဖြစ်တယ်။ ဆုံးဖြတ်တယ်။ ဆုံးဖြတ်ပြီးတော့လည်း စည်းရုံးရေးကိုလုပ်တယ်။ အခုဘယ်လိုဖြစ်လာလဲဆိုတော့ ပြီးခဲ့တဲ့ ၁၆ ရက်နေ့တုန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာချက် ထွက်လာတယ်။ အထူးသဖြင့် မြောက်ပိုင်းမြို့နယ်တွေအားလုံးဟာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုတဲ့ အနေအထားမျိုးမှာ တောင်ဖက်ကိုဦးတည်ရမယ်၊ မျက်နှာမူရမယ် အဲဒီလိုမျိုးနဲ့ အခုကတော့ တောင်းပိုင်းဆိုပြီးတော့ ဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ ALD အနေနဲ့ ပြောချင်တာကတော့ ရွေးကောက်ပွဲဆိုတာ ပါတီစုံဖြစ်တဲ့အတွက် အားလုံးယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ALD အနေနဲ့ကတော့ ရခိုင်သားရှိတဲ့ ဘယ်နေရာပဲဖြစ်ဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ရှိမယ်။ အားစိုက်နေမယ်။ အားပြုနေမယ်ဆိုတာပဲ ပြောချင်ပါတယ်။ တောင်ပိုင်းမှာကတော့ ကျနော်တို့ပြိုင်မှာကတော့ တောင်ကုတ်နဲ့ ဂွမပါဘူး၊ လုံးဝအလွတ်ပေါ့၊ ကျန်တဲ့ အမ်းပါတယ်၊ မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲပါမယ်။ လူထုထောက်ခံမှုအခြေအနေကတော့ နည်းနည်းခက်တာပေါ့။ အဲဒီဖက်မှာကျတော့ ဗမာအခြေစိုက်ပါတီတွေကိုတော့ စိတ်ဝင်စားမှု လျော့နည်းသွားတယ်လို့ ပြောလို့ရတယ်။ သို့သော်လည်း ရခိုင်ပါတီတွေက ပြန့်ကြဲနေတော့ သူဖက်ကိုယ့်ဖက် အပြိုင်ရှိမယ်။ လုံးဝအပြတ်အသတ်ရလာမယ်လို့တော့ မှန်းလို့ရမယ်မထင်ဘူးပေါ့။ ရခိုင်ပါတီတွေအားလုံးကတော့ မျှပြီးတော့ရကြမယ်လို့ ထင်ပါတယ်။

ဦးသာထွန်းလှ (ဥက္ကဋ္ဌ)
ရခိုင်အမျိုးသားပါတီ(ANP)

တောင်ပိုင်းကတော့ ANP ပါတီအနေနဲ့ မြို့နယ်အားလုံးမှာ အနိုင်ရမယ်လို့ ယုံကြည်ထားတယ်။ ၂၀၂၀ မှာ တောင်ပိုင်းက မြို့နယ်အားလုံးမှာ ANP နိုင်မှာသေချာတယ်၊ ယုံကြည်ထားပါတယ်။

လူထုက နိုင်ငံရေး သဘောသဘာဝတွေကို ပိုပြီးတော့နားလည်လာတဲ့ အခြေအနေရှိတယ်။ ကိုယ့်လူမျိုးတွေကို ကိုယ်စားပြုတဲ့ပါတီတွေ အားကောင်းလာမှ မြန်မာ့နိုင်ငံရေးက အပြောင်းအလဲဖြစ်လာမယ် ဆိုတာကို လူထုကိုယ်တိုင်က နိုင်ငံရေးသဘောသဘာဝတွေကို နားလည်လာတဲ့ အခြေအနေရှိတဲ့အတွက်ကြောင့် ပိုပြီးတော့ အားပေးထောက်ခံလာတာဖြစ်တယ်။
ရခိုင်လူထုက တောင်ပိုင်းမြို့နယ်တွေမှာ နိုင်ငံရေးအမြင် အပြောင်းအလဲရှိလာတယ်။ အဲဒါကြောင့် ကိုယ့်ပြည်နယ်မှာ ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့လူတွေရှိလာမှ ကိုယ့်ပြည်နယ်နိုင်ငံရေး ပြောင်းအလဲဖြစ်မယ်ဆိုတဲ့ နိုင်ငံရေးအမြင်တွေကို ပြည်သူတွေ သိလာတဲ့အတွက်ကြောင့် ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့ မဲပေးဖို့အတွက် အပြောင်းအလဲဖြစ်တယ်လို့ ပြောလို့ရတယ်။

ကိုဗစ်ကာလဖြစ်တာကြောင့် လောလောဆယ် မဲဆွယ်စည်းရုံးတာတော့ အခက်အခဲရှိတယ်။ အဲဒါကြောင့် နိုင်ငံရေးပါတီတွေက ဝိုင်းရံပြီးတော့ အင်အားပြတာကလွဲပြီး လုပ်လို့မရဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့ တောင်းပိုင်းက မြို့နယ်တွေအားလုံးမှာ အမျိုးသားရေးစိတ်ဓာတ်နဲ့ နိုင်ငံရေးအတွေးအခေါ် အပြောင်းအလဲရှိတယ်။ အဲဒါကြောင့် ရခိုင်အမျိုးသားပါတီက ၂၀၂၀ မှာ ရွေးကောက်ပွဲကျင်းပတဲ့ မြို့နယ်တွေအားလုံးမှာ အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။

ဦးတင်ငွေ (ဒု-ဥက္ကဋ္ဌ)
ကမန်အမျိုးသားတိုးတက်ရေးပါတီ (KNDP)

ကျနော်တို့က သံတွဲမှာက ၂ နေရာ ပြိုင်မှာဖြစ်တယ်။ ကျနော်တို့ ကမန်တိုင်းရင်းသားတွေဆိုတော့ ရှိတဲ့ကမန်တွေကတော့ ပေးမှာပေါ့လေ။ ဒါပေမဲ့ ကမန်တွေထဲမှာမှ NLD ကို ပေးချင်တဲ့လူတွေလည်း ရှိကြမှာပဲ။ ANP ကို ပေးချင်တဲ့လူလည်း ရှိမှာပေါ့။ ဆိုတော့ အတိအကျတော့ လက်ရှိသံတွဲမှာ ကမန်လူဦးရေက ကိုးထောင်၊ တစ်သောင်းဝန်ကျင်လောက်ရှိတယ်။ ဒီအထဲမှာ အကုန်လုံး ကမန်ပါတီကိုပေးမယ်ဆိုရင်တော့ ပြောလို့တော့ မရဘူးလေ၊ အနေအထားက အဲလိုတော့ရှိပါတယ်။ ရခိုင်တိုင်းရင်းသားမှာလည်း NLD ရှိသလို ကမန်တွေထဲမှာလဲ NLD ကိုမှ ပေးမယ်ဆိုတဲ့ အဖွဲ့တွေလည်း ရှိနေတဲ့အခါကျတော့ အတိအကျတော့ ပြောလို့မရနိုင်သေးဘူး ဖြစ်နေတယ်။

အခုလည်း ကျနော်တို့က သိပ်ပြီးတော့ အားမရဘူး။ ကျနော်တို့ဖြစ်စေချင်တာက ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လက်ရှိ ဒီမိုကရေစီကိုသွားနေတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ကို သွားနေတယ်ဆိုရင် ဖက်ဒရယ်ရဲ့အဓိပ္ပာယ်ကို အဲဒီလူမျိုးစုတွေ ပါဝင်ခွင့်ရှိရမယ်။ ဒါပေမဲ့ ကျနော်တို့မှာက လူနည်းစုဖြစ်တဲ့အတွက် လူနည်းစုအခွင့်အရေးကို လွှတ်တော်ထဲမှာ မရောက်နိုင်ဘူး။ မရောက်နိုင်တဲ့အခါ ကျနော်တို့ရဲ့အခွင့်အရေး၊ အခက်အခဲတွေတွေကို တင်ပြပြောဆိုဖို့က ရခိုင်မှာရှိတဲ့ ကျနော်တို့မျိုးနွယ်စုတစ်ခုတည်းတော့ မဟုတ်ဘူးပေါ့။ တခြားမျိုးနွယ်စုတိုင်းရင်းသားတွေ ပါတီတွေထဲမှာလည်း ဒီအတိုင်းမျိုးနွယ်စုတွေ အသံက လွှတ်တော်ထဲမှာပျောက်နေတယ်။ ကျနော်တို့က လူနည်းစုဖြစ်နေတယ်။ ရွေးကောက်ပွဲ သဘောသဘာဝကလည်း များတဲ့လူနိုင်တယ် ဆိုတဲ့အခါကျတော့ ကျနော်တို့က လူနည်းစုဖြစ်တော့ နိုင်ခြေကနည်းတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အခက်အခဲတွေက အများကြီးပါ။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ၉ မြို့နယ်၊ နောက် တောင်ကုတ်၊ ကျောက်ဖြူ ဒီနေရာတွေမှာလည်း ရွေးကောက်ပွဲ ကျင်းပခွင့်မရှိဘူး။ မရှိတဲ့အခါကျတော့ အခက်အခဲတွေက အများကြီးပေါ့။ နောက်တစ်ခါ အဓိကအခက်အခဲက ကိုဗစ်ပြဿနာ၊ ကျန်းမာရေးအခက်အခဲကြောင့် တချို့ရန်ကုန်မှာဆိုရင် မရမ်းကုန်းလိုနေရာမှာ ဆိုင်းဘိုးတောင် မထောင်ရသေးဘူး။ သွားခွင့်လာခွင့်ပိတ်ပင်ထားတယ်။ ဆိုတော့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမယ့် ကာလမှာတောင် ကျနော်တို့ အခက်အခဲတွေ အများကြီးကြုံတွေ့ရတယ်။

ကျနော်တို့ အခုဆိုရင် သံတွဲမှာဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်က ရန်ကုန်မှာပဲရှိသေးတယ်။ ဆိုတော့ သံတွဲကိုသွားမယ့် အခြေအနေက လောလောဆယ် ကျနော်တို့ Quarantine ဝင်ရမယ်၊ နောက်တစ်ခါ သံတွဲရောက်ရင်လည်း Home Quarantine ဝင်ရမယ်ဆိုတော့ အခက်အခဲတွေကတော့ တော်တော်များတယ်။

ဦးခင်နု (ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲဝင်)
ရခိုင့်ဦးဆောင်ပါတီ (AFP)

ကျနော်တို့ကို လူထုထောက်ခံမှုအနေအထားကတော့ ခက်မှန်းရခက်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ပြည်မကပါတီတွေကိုတော့ စိတ်ဝင်စားမှု လျော့နည်းသွားတာ တွေ့ရတယ်။ ဒါပေမဲ့ ရခိုင်ပါတီတွေကတော့ နည်းနည်း ပြန့်ကြဲနေတာပေါ့နော်။ သူဖက်ကိုယ့်ဖက် အပြတ်အသတ်ရသွားနိုင်မယ့် အခြေအနေတော့ အများကြီး မှန်းလို့ရမယ် မထင်ဘူးပေ့ါနော်။ ပါတီတွေအားလုံးက မျှပြီးတော့ရကြမယ်လို့ ထင်တယ်။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLD အနေနဲ့ သောင်ပြိုကမ်းပြိုအနိုင်ရပြီးတော့ အစိုးရဖွဲ့နိုင်မယ့် အခြေအနေကတော့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောလို့ရတယ်။ အခုလက်ရှိအခြေအနေ အခင်းအကျင်းအရ NLD က သောင်ပြိုကမ်းပြိုနိုင်ပြီးတော့ အစိုးရဖွဲ့နိုင်တဲ့အခြေအနေဖြစ်မှာ မဟုတ်ဘူးလို့ ထင်ရတယ်။

ရွေးကောက်ပွဲပြီးရင်တော့ ရခိုင်ပါတီတွေအခြေအနေကလည်း အရေးကြီးလာမယ်။
အခုအခြေအနေက ANP ရော၊ AFP ပါ နိုင်ဖို့ရှိလာမယ်။ ALD လည်း တစ်ယောက်နှစ်ယောက်တော့ နိုင်လာမယ်ဆိုရင်တော့ အဲဒီထဲကညှိနှိုင်းပြီးတော့ ဝန်ကြီးချုပ် ဘယ်သူ့ကိုရွေးမလဲဆိုတာလည်း အရမ်းကိုအရေးကြီးလာမယ်။ တကယ်လို့ ဗဟိုမှာ ညွန့်ပေါင်းအစိုးရဖြစ်လာရင်တော့ ကြံ့ခိုင်ရေးကလည်း နိုင်သွားတဲ့ပါတီတွေက ကိုယ်စားလှယ်တွေကိုပဲ ဦးစာပေးပြီးတော့ ဝန်ကြီးချုပ်ကို နေရာပေးမယ်လို့ ပြောထားတယ်။ စစ်တပ်ကလည်း အဲဒါကို သဘောတူတယ်။

လက်ခံတယ်လို့ပြောထားတော့ အလားအလာကတော့ ကြံ့ခိုင်ရေးနဲ့စစ်တပ်နဲ့ပဲ ပေါင်းပေါင်း၊ ကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသားပါတီတွေနဲ့ပဲ ပေါင်းပေါင်း၊ ဘာပဲဖြစ်ဖြစ် NLD က နှံ့နှံ့စပ်စပ် အနိုင်မရရင်တော့ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေကိုတော့ ဝန်ကြီးချုပ်နေရာကို ပေးလာမယ် ဆိုတာကတော့ ခန့်မှန်းထားတယ်။

အဲဒီအချိန်မှာ ရခိုင်ပါတီတွေက ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားရမှာဖြစ်တယ်။ တစ်ပါတီနှစ်ယောက်၊ တခုကလေးယောက် အဲဒီလိုနိုင်နေရင်တော့ ကိုယ့်တို့အချင်းချင်းကပဲ ညီညီညွတ်ညွတ်နဲ့ ခွဲဝေဖို့လိုတယ်ပေါ့နော်။

ပါတီရဲ့အခက်အခဲကျတော့ AFP ပါတီကတော့ အရင်ကပြိုင်ခဲ့တဲ့ RNDP ၊ ANP တို့မှာ ပြိုင်ခဲ့သလို စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပံ့တာ၊ ရခိုင်အသိုင်းအဝိုင်းက ထောက်ပံ့တာမရှိဘူး၊ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အခြေအနေအရပ်ရပ်ကြောင့် သူတို့လည်း ကူညီထောက်ပံ့ပြီးတော့ မပေးနိုင်တော့ ကျနော်တို့ကလည်း ကိုယ့်အားကိုယ့်ကိုးပြီးတော့ ရုန်းကန်တဲ့အခါကျတော့ ငွေကြေးအခက်အခဲက အများကြီးရှိတယ်။

ဗီဒီယိုများ