ဘဏ်ပိတ်ထားခြင်းနှင့် ရခိုင်စီးပွားရေးအခြေအနေ (Public Voice)

COVID ကပ်ရောဂါကြောင့် အစိုးရရုံးပိတ်ရက်ကို ဆက်တိုက်ဆိုသလို ပိတ်နေသည့်ကာလသည် ယခုဆိုလျှင် တစ်လနီးပါး အထိရှိလာပြီဖြစ်ပြီး ယခင်က ရုံးပိတ်ရက်များထဲတွင် ဘဏ်များပိတ်ရန်မပါဝင်ခဲ့သော်လည်း ယခု သြဂုတ် ၂၂ ရက်နေ့အထိ ရုံးပိတ်ရက်များထဲမှာ ဘဏ်များကိုပါ ပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း ပါဝင်လာခဲ့ပါသည်။

16 Aug 2021

DMG ၊ ဩဂုတ် ၁၆

ဘဏ်များက အကန့်အသတ်ဖြင့် ငွေထုတ်ပေးနေသည့်ကာလတွင် လာမည့် သြဂုတ် ၁၆ ရက်နေ့မှစ၍ အစိုးရရုံးပိတ်ရက်ရှည်အဖြစ် တပတ်ထပ်မံပိတ်သည့်ကာလအတွင်း ဘဏ်များကိုလည်း ပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။ ယင်းတပတ်တာကာလအတွင်း ငွေကြေးကို နေ့စဉ်ဆိုသလို အခြေပြုကာ လုပ်ငန်းလည်ပတ်နေရသည့် ရခိုင်ပြည်က စီးပွားရေးလုပ်ငန်းရှင်များ၊ နယ်စပ်ကုန်သွယ်ရေးများ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ အွန်လိုင်းငွေလွဲငွေထုတ်လုပ်ငန်းများအနေဖြင့် မည်ကဲ့သို့ အခက်အခဲများရှိလာနိုင်မည်ကို DMG က ဆက်သွယ် မေးမြန်းထားပါသည်။

COVID-19 ကပ်ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အစိုးရရုံးပိတ်ရက်ကို သြဂုတ်လ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီက ထပ်မံတိုးမြှင့်လိုက်သည်။

COVID ကပ်ရောဂါကြောင့် အစိုးရရုံးပိတ်ရက်ကို ဆက်တိုက်ဆိုသလို ပိတ်နေသည့်ကာလသည် ယခုဆိုလျှင် တစ်လနီးပါး အထိရှိလာပြီဖြစ်ပြီး ယခင်က ရုံးပိတ်ရက်များထဲတွင် ဘဏ်များပိတ်ရန်မပါဝင်ခဲ့သော်လည်း ယခု သြဂုတ် ၂၂ ရက်နေ့အထိ ရုံးပိတ်ရက်များထဲမှာ ဘဏ်များကိုပါ ပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း ပါဝင်လာခဲ့ပါသည်။

ဦးခင်မောင်ကြီး ၊ ဥက္ကဋ္ဌ ၊ ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ(REIC)

“ဘဏ်ကိုအားကိုးပြီးတော့ ငွေကြေးကို ဘဏ်ကထုတ်လို့မရတဲ့အတွက် ဒုက္ခရောက်နေကြတဲ့ ကုမ္ပဏီတွေလည်းရှိတယ်။ ငွေလည်ပတ်မှုက ဘဏ်ကိုပဲအားကိုးပြီးတော့ လည်ပတ်နေရတာလေ။ အခုကတော့ ငွေလည်ပတ်မှုတွေက တော်တော်ကို နည်းသွားတယ်၊ နောက်ပြီးတော့ ယုံကြည်မှုတွေလည်း သိပ်ပြီးတော့မရှိတော့ဘူး။ ဆိုတော့ စီးပွားရေးထိခိုက်မှုတွေက တဖြည်းဖြည်းနဲ့ ပိုပြီးတော့များလာနိုင်တယ်”

ဦးတင်အောင်ဦး ၊ ဥက္ကဋ္ဌ ၊ ရခိုင်ပြည်ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်အသင်း

“အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် နိုင်ငံတော်အစိုးရက ရုံးပိတ်ရက်တွေ သတ်မှတ်တဲ့ကာလအတွင်းမှာ ဘဏ်မပိတ်ဘဲ လုပ်ငန်းတွေလည်ပတ်ပေမယ့်လည်း ငွေကြေးစီးဆင်းမှုအားဖြင့်တော့ တော်တော်လည်း အကြပ်အတည်း ဖြစ်ကြတယ်။ အခုဆိုရင်လည်း တစ်ပတ်လုံးလုံး အစိုးရရုံးတွေအပါအဝင် ဘဏ်တွေလည်း ပိတ်ရက်အဖြစ် သတ်မှတ်လိုက်တယ်ဆိုတော့ ငွေကြေးစီးဆင်းမှုအပိုင်းမှာ လုပ်ငန်းရှင်တွေဖက်က ပိုပြီးတော့အခက်အခဲဖြစ်လာမယ်။ နောက်တစ်ချက်က အခုဘဏ်တွေပိတ်တာကလည်း ရက်ရှည်ဖြစ်လာတော့ ငွေလွဲငွေယူရတဲ့ကိစ္စတွေ တော်တော်လည်း အခက်အခဲဖြစ်မယ်။ အခုဘဏ်ကို တစ်ပတ်ပိတ်ထားပြီ ဆက်လက်ပြီးရက်ရှည်မပိတ်သင့်တော့ဘူးလို့ ထင်ပါတယ်’’

ဦးလှမောင် ၊ ဒုတိယဥက္ကဋ္ဌ ၊ ရခိုင်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း

“ကျွန်တော်တို့က ဘဏ်တွေဖွင့်နေတဲ့ကာလမှာတောင် တစ်ပတ်ကိုဆယ်သိန်းပဲထုတ်ခွင့်ရတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့အဆောက်အဦးတွေကို တင်ဒါယူဆောက်ပေးနေပေမယ့်လည်း ဒီလောက်ပဲရတာပါပဲ။ ဒီတော့ကျွန်တော်တို့အနေနဲ့ တစ်ပတ်မှာဆယ်သိန်းပဲ ငွေထုတ်ခွင့်ရလည်း ဒီလုပ်ငန်းတွေအချိန်မှီပြီးစီးဖို့အတွက် ဆက်လုပ် နေကြရတယ်။ လုပ်ငန်းကို ရပ်တန့်လိုမရဘူး။ အဲ့ဒီအလုပ်မှာ လုပ်နေကြတဲ့အလုပ်သမားတွေရှိသေးတယ်။ ဒီတော့ မရှိရင် ရှိတာချရောင်းပြီး အလုပ်သမားတွေကိုပေးရမယ့်ငွေတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ ငွေတွေကိုဖန်တီးနေကြရတယ်။ ဘဏ်တွေသာပိတ်သွားရင်တော့ အခုလက်ရှိလည်ပတ်နေရတာတွေထက် တော်တော်လေးအခက်တွေ့ကြရမှာပါ။ ဒီတော့ ဘဏ်တွေကိုပိတ်ထားတာထက် ဖွင့်ပေးထားတာကတော့ ကျွန်တော်တို့ကို ပိုပြီးချောင်လည်စေမှာပါ”

ဦးညီညီ ၊ မာစီးတီးပိုင်ရှင်၊ ပုဂ္ဂလိကကုမ္ပဏီ

“ဘဏ်တွေပိတ်တော့ ငွေရေး၊ ကြေးရေးအလွှဲအပြောင်းမရရင် လုပ်ငန်းကိုရပ်တန့်တဲ့ သဘောဖြစ်တယ်။ ငွေလွှဲတာ၊ ထုတ်ရတာတွေ အဆင်မပြေဘူးဆိုတော့ ပစ္စည်းမရောင်းရတော့ဘူးပေါ့။ လုပ်ငန်းတွေအတွက် အခက်အခဲဖြစ်သွားတာပေါ့”

ကိုခန့်ထည် ၊ Wave Money ကိုယ်စားလှယ်၊ ရမ်းဗြဲမြို့

“ကျွန်တော်တို့လို ဒီလုပ်ငန်းလုပ်တဲ့သူတွေက ဘဏ်တွေအပေါ်မှာ အများကြီးမှီခိုနေရတာ။ ဘဏ်တွေပိတ်သွားရင် ကျွန်တော်တို့အတွက် လိုအပ်တဲ့ငွေပမာဏကိုထုတ်ဖို့အတွက် အခက်အခဲဖြစ်သွားမယ်။ ကျွန်တော်တို့ဆီမှာ ငွေမရှိရင် လာထုတ်တဲ့လူတွေကို သူတို့လိုအပ်တဲ့ငွေပမာဏထုတ်ပေးနိုင်တော့မှာမဟုတ်ဘူး။ နောက်ဆုံးပြောရရင် ကျွန်တော်တို့ ဆီမှာငွေမရှိတော့ရင် လုပ်ငန်းကိုလည်း ခေတ္တရပ်ထားရမယ့် သဘောမျိုးဖြစ်သွားမှာပါပဲ”

ဗီဒီယိုများ