ရခိုင်က အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အသံ

ရခိုင်တွင် ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဝင်ရောက်ဖြစ်ပုံ၊ မဲဆွယ်ရေးအခက်အခဲများ၊ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါက ဦးစားပေးလုပ်ဆာင်သွားမည့်အရာများ၊ လက်ရှိတွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို DMG သတင်းထောက် ခင်သရဖီဦး က မေးမြန်းတင်ပြထားပါသည်။

19 Sep 2020

ရခိုင်ပြည်နယ်သည် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများကြောင့် နယ်မြေတည်ငြိမ်မှု အားနည်းနေသည့် ပြည်နယ်တစ်ခုဖြစ်သည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုလည်း နောက်ကျလျက်ရှိပြီး တချို့ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲလျက်ရှိသည်။

ထို့ကြောင့် ရခိုင်တွင် ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဝင်ရောက်ဖြစ်ပုံ၊ မဲဆွယ်ရေးအခက်အခဲများ၊ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါက ဦးစားပေးလုပ်ဆာင်သွားမည့်အရာများ၊ လက်ရှိတွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို DMG သတင်းထောက် ခင်သရဖီဦး က မေးမြန်းတင်ပြထားပါသည်။

ဒေါ်မသန်းနု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)

“ကိုယ်ဒေသတွေမှာ ရသင့်ရထိုက်သော ဒေသဖွံ့ဖြိုးရေးတွေကို တိတိကျကျ မှန်မှန်ကန်ကန်ရရှိရေး၊ အခုလက်ရှိကျလာတဲ့ အခွင့်အရေးတွေ၊ ဥပမာ - အမျိုးသမီးကဏ္ဍ၊ အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ ရသင့်ရထိုက်သော အခွင့်အရေးတွေ၊ ပြောရမယ်ဆိုရင် ကလေးမိခင်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ပတ်သက်ပြီး မတော်မတရား ဖြတ်တောက်ခံရတာတွေကို ကျမအနေနဲ့ လောလောဆယ် ဖြေရှင်းပေးနေရတယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန် တိတိကျကျရရှိရေးနဲ့ ကိုယ့်ရဲ့ဒေသတွေမှာ ဒေသဖွံ့ဖြိုးရေးတွေကို တစ်စိုက်မတ်မတ်ရရှိအောင် ကြိုးပမ်းသွားမယ့် ရည်ရွယ်ချက်တွေပါတယ်။

အခု လွှတ်တော်ကိုယ်စားလှယ်မဟုတ်ပေမဲ့ ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် ပြည်နယ်အစိုးရတွေနဲ့ ပူးပေါင်းပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေကို တစ်စိုက်မတ်မတ် လုပ်နေတာတွေရှိပါတယ်။ နောက်တစ်ခုက မုဒိမ်းမှုဆိုရင်လည်း မြေပုံမြို့နယ်မှာ သုံးမှုဖော်ထုတ်ခဲ့ပြီး၊ နောက်လယ်သမားတွေမှာ ပုံစံ (၇) မရတဲ့ကိစ္စတွေကို မတော်မတရား ဖြတ်တောက်ထားတဲ့ကိစ္စေတွမှာ ပါဝင်လုပ်ဆောင်နေပါတယ်။ အဲဒါတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားပါမယ်။

အခုလောလောဆယ်မှာတော့ ၂၀၁၅ တုန်းကလို မဟုတ်ဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုရိုနာတစ်ကြောင်း၊ ပြည်တွင်းစစ်က တစ်ကြောင်းပေါ့။ အခုက မဲဆွယ်စည်းရုံးရေးစနေပြီလေ။ သို့သော် ကိုဗစ်နဲ့ပတ်သတ်ပြီး ခရိုင်ကော်မရှင်တွေက စာထုတ်ထားတာတွေရှိတယ်။ Stay Home သတ်မှတ်ထားတဲ့ဒေသတွေမှာ ကိုဗစ်နဲ့ပတ်သတ်ပြီး တစ်အိမ်ကျတောင်မှ စည်းရုံးပိုင်ခွင့်မရှိဘူးပေါ့။ သွားရေးလာရေးကအစ နယ်မြေဒေသအခြေအနေကလည်း လုံခြုံမှုမရှိဘူး။ ရွေးကောက်ပွဲကော်မရှင်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လုံခြုံရေးကို ဘယ်လိုပုံစံနဲ့ပေးမလဲဆိုတာကို တိတိကျကျ မသိရသေးဘူး။ မဲဆွယ်စည်းရုံးရေးကာလမှာ ကျမတို့ လွတ်လွတ်လပ်လပ် ပြောနိုင်ဆိုနိုင်အောင် လုံခြုံရေးတွေကို လုပ်ပေးစေချင်တယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်ကမဲပေးလိုက်မယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ စိတ်ဓာတ်၊ အရည်အချင်းတွေကို မဲပေးဖို့လူတစ်ယောက်ကသိအောင် ကျမတို့မှာ ချပြရမယ့် တာဝန်ရှိတယ်။ အခုလိုအချိန်တွေမှာ ချပြခွင့်မရှိတာ အားနည်းချက်တစ်ခုဖြစ်နေတယ်”

ဒေါ်မြမြသိန်း၊ ရခိုင်အမျိုးသားပါတီ (ANP)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ မောင်တောမြို့နယ်

“ဒေသခံပြည်သူတွေ ဖွံ့ဖြိုးရေးနဲ့ပတ်သတ်ပြီး လွှတ်တော်အပြင်က လုပ်ဆောင်နေရတာထက် လွှတ်တော်အတွင်းက ပြောဆိုခွင့်ရတာက ပိုပြီးထိရောက်မယ်ထင်တာကြောင့် ဝင်ပြိုင်ဖြစ်တာပါ။ လူ့တန်ဖိုးမဲ့နေတဲ့ ရခိုင်ပြည်သူလူထုအတွက် လူ့ဂုဏ်သိက္ခာနဲ့အညီနေနိုင်အောင် လုပ်ဆောင်သွားမယ်။
အဓိကလုပ်ဆောင်မှာကတော့ စစ်ပွဲတွေငြိမ်းချမ်းဖို့အတွက် လုပ်ရမယ်။ ချွတ်ခြုံကျနေတဲ့ ကျမတို့ရခိုင်ပြည်ကို စနစ်တကျ မြှင့်တင်ဖို့အတွက်နဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် လုပ်ဆောင်ပေးမယ်။ နောက်ပြီး လွှတ်တော်ထဲမှာ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ တစွမ်းတအားတိုက်ပွဲဝင်ပြီးတော့ ဖက်ဒရယ်ကိုရရှိနိုင်အောင် တိုက်ပွဲဝင်ပြီးတော့ ရခိုင်သယံဇာတတွေကို တစ်စိတ်တစ်ဒေသ ခွဲဝေမှုကို ရရှိအောင်ဖန်တီးဖို့အတွက် လုပ်ဆောင်မယ်။

မျက်နှာသစ် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ရှေ့ကဖြစ်ပျက်သွားတဲ့ သင်ခန်းစာကိုယူပြီးတော့ ပြုပြင်သင့်တာကိုပြုပြင်သွားမယ်။ ရှေ့ဆက်ပြီး ရခိုင်ပြည်တိုးတက်အောင် ဆောင်ရွက်သွားမယ်။

အမျိုးသမီးထုတစ်ရပ်လုံးက နိုင်ငံရေးကို ထဲထဲဝင်ဝင်ပါဝင်လာဖို့အတွက် ကျမအနေနဲ့ တိုက်တွန်းအားပေးဖို့ ဆိုပြီးတော အမျိုးသမီးအသံတွေ မပျောက်ရအောင် စည်းရုံးရေးအနေနဲ့ ကျမကရှေ့ဆောင်လမ်းပြအနေနဲ့ ပြည်သူ့လွှတ်တော် အမျိုးသမီးတယောက်အနေနဲ့ လုပ်ဆောင်သွားပါမယ်။

ကိုဗစ်ကြောင့် လူစုလူဝေနဲ့ မဲဆွယ်ခွင့်လည်း မရဘူး။ လွတ်လပ်စွာ စုဝေးပြောဆိုခွင့်လည်းမရဘူး။ အဲဒါကြောင့် ကိုဗစ်ကြောင့် ချမှတ်ထားတဲ့ လမ်းစဉ်အောက်မှာ မဲဆွယ်ရတာ အများကြီး အခက်အခဲရှိပါတယ်။
ကျမအနေနဲ့ စိန်ခေါ်မှုကျတော့ အများကြီးမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျမက ကျောင်းဆရာမလည်းဖြစ်တယ်။ နောက်ပြီး ဒေသခံလည်းဖြစ်၊ ပရဟိတလုပ်ငန်းတွေမှာလည်း ကျေးရွာမြို့ပြတွေမှာ ပြည်သူလူထုနဲ့ တစ်တန်းတည်း ပါဝင်လှုပ်ရှားနေတဲ့ ပရဟိတသမားတစ်ယောက်လည်း ဖြစ်တာကြောင့် အများကြီး အခက်အခဲမရှိပါဘူး။

အားသားချက်တစ်ခုက ANP က ဝင်ပြိုင်ဖြစ်တာဆိုတော့ ရခိုင်သားတွေက ရခိုင်အမျိုးသားပါတီက ချမှတ်တဲ့ လမ်းစဉ်မူဝါဒတိုင်းကို နှစ်သက်ကြတဲ့အတွက်ပေါ့။ နောက်တစ်ခုက ရခိုင်သားတိုင်းက အမျိုးသားရေးစိတ်ဓာတ် ကိန်းအောင်းနေတဲ့အတွက် ANP ပါတီဝင်တွေအတွက် အားသားချက်အများကြီးရှိတယ်”

ဒေါ်မေနွယ်စိုး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း၊ သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)

“အဓိက ဝင်ပြိုင်ရတဲ့ရည်ရွယ်ချက်က ဒေသခံပြည်သူတွေကို တရားမျှတတဲ့ဥပဒေတွေကို ရစေချင်လို့၊ ပြည်သူတွေရဲ့ လယ်ယာသိမ်းဆည်းခံရတာတွေက ပြည်သူတွေဆီကို မေရောက်နိုင်သေးဘူး။ ဒါကြောင့် လယ်သမားတွေအတွက် အများကြီး လုပ်ပေးချင်တာကြောင့် ဝင်လာရခြင်းဖြစ်ပါတယ်။

နောက်တစ်ခုက အလုပ်လက်မဲ့ပြဿနာတွေရှိတယ်။ ဒေသခံတွေက ဆင်းရဲတဲ့ဒဏ်တွေကို ခံနေရတယ်။ အဲဒါတွေပပျောက်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် ကျမတို့အနေနဲ့ တတ်နိုင်တဲ့ဖက်က ကူညီပေးသွားမယ်ပေါ့။

အမျိုးသားတွေ မလုပ်ဆောင်နိုင်တဲ့အရာတွေကို အမျိုးသမီးတွေအနေနဲ့ ဖြေရှင်းသွားနိုင်တဲ့အရာတွေ အများကြီးရှိတယ်လေ။ မိန်းမတွေကလည် အများကြီးပါဝင်လာစေချင်တယ်။ အမျိုးသမီးတွေကို လက်တွဲခေါ်သွားဖို့လည်း ကျမအနေနဲ့ အများကြီးအစီအစဉ်တွေရှိတယ်။

ကျမအနေနဲ့ကတော့ စိန်ခေါ်မှုတော့ မရှိသေးပါဘူး။ ALD ပါတီဝင်ဖြစ်တာကြောင့် အားသားချက်ကတော့ ၁၉၈၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ပါတီတစ်ခုဖြစ်တယ်။ ပါတီကို တည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကလည်း သမိုင်းကောင်းတဲ့ ပုဂ္ဂိုလ်တွေဖြစ်တာကြောင့် ပါတီရဲ့ပုံရိပ်က ALD လို့ ပြည်သူတွေကြားလိုက်တာနဲ့ ကျမတို့အတွက်က အကုန်လုံး အားတက်စရာတွေဖြစ်တယ်။

မဲဆွယ်တဲ့အခါမှာ အခက်အခဲကတော့ လူထူနဲ့ တိုက်ရိုက်ဆက်သွယ်လို့မရတဲ့ အခက်အခဲပေါ့နော်၊ ဖုန်းကနေပြီးတော့ သွားရမယ်ဆိုရင် ကျမတို့ဒေသက ဒေသခံတော်တော်များများက နည်းပညာပိုင်း မကျွမ်းတာပါတယ်။ အများအားဖြင့် တောင်သူတွေတော်တော်များများက ဖုန်းမသုံးတဲ့အခါကျတော့ အဲဒါက အဓိကအခက်အခဲပေါ့”

ဒေါ်ခင်မူ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း၊ မဲဆန္ဒနယ်အမှတ် (၁၁)

“အရင်တုန်းက ကျောင်းဆရာမ မဖြစ်ခင်က ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်ပေါ့။ ပင်စင်ရပြီးတဲ့အခါကျတော့လည်း ကိုယ့်ကဒီနေရာကိုသင့်တော်လို့ လူကြီးတွေက ဆန္ဒပြုတဲ့အခါ မငြင်းလိုက်တာရယ်၊ တကယ်ပဲ ပြည်သူတွေရဲ့နှလုံးသားထဲက အကျိုးပြုမယ့် ကိုယ်စားလှယ်လောင်းစစ်စစ် ဖြစ်ချင်တာကြောင့်ပါ။

USDP က ချမှတ်ထားတဲ့ မူဝါဒတွေရှိတယ်လေ။ အဲဒါတွေကို အဓိကထားပြီးတော့ ကိုယ့်နေရာဒေသပေါ့။ ကိုယ့်ဒေသနဲ့ လိုက်လျောညီထွေဖြစ်မယ့်၊ ပြည်သူတွေတိုးတက်မယ့် အကြောင်းအရာတွေပေ့ါ၊ အဲဒါတွေကို အချိန်အခါလိုက်ပြီးတော့ လုပ်ဆောင်သွားမှာပါ။

အဓိကစိန်ခေါ်မှုကတော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိလောလောဆယ်မှာတော့ ကိုဗစ်ဖြစ်နေတဲ့အခါ စိတ်သွားတိုင်း ကိုယ်မပါဘူး။ လူ ၅၀ အထိ စည်းရုံးလို့ရတယ်ဆိုပေမဲ့ အခုအချိန်မှာ Stay Home မြို့နယ်ဖြစ်နေတဲ့အခါ ကိုယ်တိုင်သွားပြီးတော့ မပြောမဆိုနိုင်ဘူးပေါ့ စိန်ခေါ်မှုက။

အားသာချက်ကျတော့ USDP က အားလုံးအတူ ညီညီညွတ်ညွတ်နဲ့ ဖွဲ့စည်းထားတဲ့ ခိုင်မာတဲ့အဖွဲ့အစည်းတစ်ရပ်ဖြစ်တုန်း၊ အခုမှဖွဲ့တဲ့ အဖွဲ့အစည်းမဟုတ်ဘူးလေ”

ဗီဒီယိုများ