တကျော့ပြန်ရခိုင်စစ်ပွဲ ဘယ်လောက်ထိပြင်းထန်လာနိုင်သလဲ(Vox Pop)

လက်ရှိတွင်လည်း မြန်မာစစ်တပ်နှင့် AA တို့သည် နေရာအနှံ့တွင် စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ရေကြောင်းများအသုံးပြုကာ စစ်အင်အားတိုးချဲ့ခြင်းများအထိ ရှိလာသည်။ မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လဆန်းမှ ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်တိုက်ပြင်းထန် နေဆဲဖြစ်သည်။

03 Sep 2022

DMG ၊ စက်တင်ဘာ ၃

တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းများနှင့်စတင်ခဲ့သည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲများသည် မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ တောင်ကုတ်နှင့်  ပလက်ဝမြို့နယ်တို့အထိ ကျယ်ပြန့်လာနေသည်။

သြဂုတ်လ ၃၁ ရက်နေ့ကလည်း AA မှ သိမ်းပိုက်လိုက်သည့် မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀)အနီးမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် စစ်ကူ၊ပစ်ကူရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီမှ  ထုတ်ဖော်ပြောဆိုလာသည်။

လက်ရှိတွင်လည်း မြန်မာစစ်တပ်နှင့် AA တို့သည် နေရာအနှံ့တွင် စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ရေကြောင်းများအသုံးပြုကာ စစ်အင်အားတိုးချဲ့ခြင်းများအထိ ရှိလာသည်။ မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လဆန်းမှ ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်တိုက်ပြင်းထန် နေဆဲဖြစ်သည်။

ထို့ကြောင့် တကျော့ပြန်ရခိုင်စစ်ပွဲ မည်မျှထိပြင်းထန်လာနိုင်သည်ကို နိုင်ငံရေးသမားများနှင့် ပြည်သူလူထု၏ သဘောထားအမြင်များကို DMG မှ မေးမြန်းတင်ဆက်လိုက်သည်။

ဦးဖေသန်း (ပြည်သူ့လွှတ်တော်အမတ်ဟောင်း)

အခုဖြစ်နေတာက ဒီတိုက်ပွဲတွေမဖြစ်ခင်ကတည်းကစပြီး သူတို့နှစ်ဖက်ပြောဆိုမှုတွေက တစ်ဖက်ကိုတစ်ဖက် သတိပေးတာတွေရှိလာခဲ့တယ်။ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း တိုက်ပွဲဖြစ်လာရင် ငါတို့ကိုအဆိုးမဆိုနဲ့လို့ ခြိမ်းခြောက်မှုတွေရှိသလို ULA/AA ဘက်ကလည်း သူတို့ရဲ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေးတွေကို ဝင်ရောက်နှောင့်ယှက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီးတော့ ပြည်သူကို သတိပေးချက်တွေ ထုတ်ပြန်လာတာရှိတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တစ်ဖက်နဲ့တစ်ဖက် ဖမ်းဆီးတာတွေ ရှိခဲ့တယ်။ နောက်ပိုင်းမှာ တိုက်ပွဲတွေဆီဦးတည်သွားတယ်။ ပလက်ဝ၊ မောင်တော၊ ရသေ့တောင်နဲ့ နောက်ပိုင်းမှာဆိုရင် တောင်ကုတ်၊ အမ်းတို့ထိ တိုက်ပွဲတွေဖြစ်လာတယ်။ အဲဒီလိုအခြေအနေကို ကြည့်ခြင်းအားဖြင့် တစ်ဖက်နဲ့တစ်ဖက်ကြားမှာ ညှိနှိုင်းဆွေးနွေးမှုမရှိတာကို သုံးသပ်လို့ရတယ်။ တကယ်လို့သာ ညှိနှိုင်းဆွေးနွေးမှုနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် တိုက်ပွဲတွေက အရင်တုန်းကလို နှစ်ဖက်နားလည်မှုနဲ့ ရပ်တန့်ထားမယ်ဆိုရင် ရပ်တန့်နိုင်တဲ့အခြေအနေမှာရှိတယ်။ ဆိုတော့ ဆွေးနွေးမှုမဖြစ်ခဲ့ဘူးလို့ သုံးသပ်လို့ရတယ်။

ဒါကြောင့်မလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လာတယ်။ အထူးသဖြင့် (စစ်ကောင်စီ) နယ်ခြားစောင့်တပ်တွေကို ULA/AA ဘက်က တိုက်ခိုက်လာတာရှိတယ်။ ဒါက သူတို့ရဲ့ နယ်မြေစိုးမိုးမှု အခြေအနေအရ နယ်စပ်ဒေသကို ထိန်းချုပ်ချင်တဲ့ပုံစံမျိုးဖြစ်နေတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်ကလည်း နယ်ခြားစောင့်တပ်တွေကို လက်မလွှတ်ချင်တဲ့ သဘောမျိုးရှိတယ်။ အဲဒီလိုအခြေအနေမျိုးမှာ နောက်ထပ်ဆွေးနွေးမှုတွေ ဖြစ်မလာဘူးဆိုရင် ဒီတိုက်ပွဲတွေက ပလက်ဝ၊ မောင်တောနယ်စပ်တွေမှာရယ်လို့ မဟုတ်ဘူး။ ရခိုင်တပြည်နယ်လုံးကို ဒီစစ်မီးက ပျံ့နှံ့သွားလိမ့်မယ်။ အခုလည်း ဟိုမြို့နယ်၊ ဒီမြို့နယ်ဖြစ်လာတာပေါ့။ တောက်လျှောက်လည်း တောင်ပိုင်းအထိဖြစ်သွားနိုင်တယ်။ ဆိုတော့ ဒီအခြေအနေမှာ စစ်ဘေးရှောင်တွေများလာမယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေများလာမယ်ဆိုတာက ပြောဖို့တောင်မလိုတဲ့ ကိစ္စဖြစ်နေတယ်။ ဒီစစ်ပွဲမှာ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းဆွေးနွေးမှု၊ ပြေလည်မှုမရရင်တော့ တိုက်ပွဲတွေက ဒီထက်ကျယ်ပြန့်လာမယ်။ ပြင်းထန်လာမယ်လို့ သုံးသပ်လို့ရတယ်။

ဦးအောင်သောင်းရွှေ(ပြည်သူ့လွှတ်တော် အမတ်ဟောင်း)

တိုက်ပွဲပြင်းထန်လာမှုအခြေအနေက စစ်ကောင်စီအပေါ်မှာ အများကြီးမူတည်တယ်။ ဆိုတော့ ကျနော်တို့ ရခိုင်ပြည်အနေနဲ့ပြောရမယ်ဆိုရင် ၂၀၁၈၊ ၂၀၁၉ အတွေ့အကြုံတွေလည်းရှိတယ်။ အခုလည်း ပြင်းထန်လာနိုင်တဲ့ အနေအထားတွေတွေ့တယ်။ စစ်ကောင်စီဘက်က ဘာမှမလုပ်ဘူးဆိုရင် ပြင်းထန်မှုကမရှိနိုင်ဘူး။ ဆိုတော့ စစ်ကောင်စီဘက်က လှုပ်ရှားမှုတွေရှိလာရင်၊ ULA/AA ရဲ့ ထိန်းချုပ်မှုတွေကို ဝင်ရောက်ပြီးမှ ထိုးစစ်တွေ လုပ်လာနိုင်တယ်ဆိုရင်တော့ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်။

နောက်ပြီးတော့ လေယာဉ်တွေဘာတွေသုံးတာလည်းတွေ့တယ်ဆိုတော့ အတိုင်းအတာတစ်ခုထိတော့ ပြင်းထန်လာနိုင်တယ်လို့ ပြောလို့ရတယ်ပေါ့နော်။ တိုက်ပွဲတွေပြင်းထန်လာနိုင်ပေမယ့် ရခိုင်လူထုတွေအနေနဲ့က အတွေ့အကြုံလည်းရှိတယ်။ စစ်ကောင်စီဘက်က လေတပ်ရော၊ ရေတပ်နဲ့ တိုက်ခိုက်တာကိုလည်း အတိုင်းအတာတစ်ခုထိ အတွေ့အကြုံရှိတယ်။ တစ်ဖက်က ULA/AA ကလည်း ရခိုင်လူထုတွေကို တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့၊ ဗုံးခိုကျင်းတွေလုပ်ဖို့၊ စားနပ်ရိက္ခာတွေ စုဆောင်းထားဖို့ ပြောဆိုထားတာလည်းတွေ့တယ်။

တိုက်ပွဲတွေက ရခိုင်ပြည်အနှံ့မှာ ကျယ်ပြန့်လာနိုင်သလားဆိုတော့ စစ်ကောင်စီအုပ်စုတွေက လူထုတွေအပေါ်မှာရော၊ ULA/AA အပေါ်မှာရော ထိုးစစ်ဆင်မှုတွေက အဓိကကျတယ်။ သူတို့ဘက်က လုပ်ဆောင်မှုအပေါ်မှာ အများကြီးမူတည်တယ်။ စစ်ကောင်စီဘက်က အဲဒီလိုလုပ်ဆောင်လာရင် တိုက်ပွဲတွေက ကျယ်ပြန့်လာနိုင်တဲ့ အနေအထားရှိတယ်။ ဆိုတော့ တိုက်ပွဲကျယ်ပြန်လာသည်နှင့်အမျှ တစ်ဖက်က ဂျီနီဗာကွန်ဗားရှင်းနဲ့အညီ နိုင်ငံတကာဥပဒေတွေနဲ့အညီ တိုက်ပွဲဖြစ်တယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူး။ လူထုတွေအနေနဲ့ သက်တောင့်သက်သာရှိမယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လူထုကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ အဲဒီပစ်ခတ်လို့လည်း အထိနာသွားတဲ့ လူထုတွေရှိတယ်။ အဲဒီလိုဖြစ်လာလို့ရှိရင် တိုက်ပွဲက ပိုပြီးကျယ်ပြန့်လာလိ့မ်မယ်လို့ပြောချင်တယ်။

စောစံငြိမ်းသူ (ဥက္ကဋ္ဌ)၊ ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့

ကျမမြင်တာက ဒီတကျော့ပြန်စစ်ပွဲက ပိုပြီးတော့ပြင်းထန်လာနိုင်ခြေရှိတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးတော်လှန်ရေးအချိန်ကာလကနေစပြီး ရခိုင်ဒေသကို တည်ငြိမ်နေတဲ့ ဒေသတစ်ခုအနေနဲ့ ထင်မြင်ကြတာရှိတယ်။ ဒီအနေအထားမှာလည်း တခြားသောပယောဂတွေလည်း ရှိနိုင်တယ်။ ရခိုင်ဒေသမှာ စစ်ပွဲတွေပေါ်လာဖို့အတွက် ပြင်ပပယောဂတွေလည်း ရှိကောင်းရှိနိုင်တယ်လို့ ယူဆတယ်။ အဲဒါကြောင့် အခုထက် ဖြစ်လာမယ့်တကျော့ပြန်စစ်ပွဲက ပိုပြီးတော့မှ ဆိုးဝါးနိုင်တဲ့ အနေအထားတစ်ခုကို ရောက်သွားနိုင်တယ်လို့မြင်တယ်။

လက်ရှိအနေအထားမှာတောင် မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးစသဖြင့် အဲဒီနေရာတွေမှာ စပြီးပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာနေတယ်ဆိုတာကို တွေ့နေရတယ်။ ဒီထက်ကို တခြားနေရာတွေမှာ ထပ်တိုးပြီးတော့ တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆတယ်။ တစ်ဖက်ကလည်း တင်းမာမှုတွေရှိနေပြီး ဒီထက်ပိုပြီးတော့မှ စစ်ပွဲတွေဖော်ဆောင်မယ့်အနေအထားကိုလည်း ကြားနေရတယ်။ တစ်ဖက်မှာလည်း စစ်အင်အားတွေတိုးချဲ့နေတာကိုလည်း ပြည်သူလူထုတွေဆီကနေ ကြားနေရတယ်။ ဒီလက္ခဏာတွေက ပိုပြီးတော့မှ စစ်ပွဲတွေတိုးပြီးတော့ ဖော်ဆောင်ဖို့အတွက် ကြံစည်လုပ်ဆောင်နေတယ်လို့ယူဆတယ်။

စစ်အင်အားတွေ တိုးချဲ့နေတယ်လို့ကြားနေရတဲ့အနေအထားမှာ စစ်ပွဲတွေ ပိုပြီးဖြစ်လာနိုင်ခြေရှိတယ်။ တစ်ဖက်မှာလည်း အခုအချိန်ထိ AA နဲ့ စစ်ကောင်စီကြားမှာ ညှိနှိုင်းမှုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အနေအထားတွေ အခုထိမတွေ့ရသေးဘူး။ တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲတွေဖော်ဆောင်ဖို့ အနေအထားကိုပဲ တွေ့နေရတယ်။ ဒီလက္ခဏာတွေက ထပ်ပြီးတော့မှ ပိုပြီးတိုးချဲ့လာနိုင်တယ်လို့ယူဆတာဖြစ်တယ်။

ဦးသာထွန်းလှ (ဥက္ကဋ္ဌ)၊ ရခိုင်အမျိုးသားပါတီ(ANP)

ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေရင်တော့ ပြင်းထန်မှုပိုပြီးများလာနိုင်တယ်။ လောလောဆယ်မှာဖြစ်နေတာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ လွတ်လပ်ရေးရပြီးကတည်းကနေ ဆွေးနွေးညှိနှိုင်းမှုဟာ အောင်မြင်တဲ့ လက္ခဏာ၊ အောင်မြင်တဲ့လုပ်ရပ်မျိုးလည်း မရှိခဲ့ဘူး။ ဒါကြောင့် အခုအချိန်မှာလည်း အရင်အတိုင်းပဲ ဆွေးနွေးညှိနှိုင်းမှုတွေ မအောင်မြင်ရင်တော့ တိုက်ပွဲကပိုများလာမယ်လို့ မြင်တယ်။ နောက်တစ်ဖက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း လက်နက်ကိုင်မယ်ဆိုရင် စစ်တပ်ထဲဝင်ရမယ်ဆိုတဲ့ သဘောထားမျိုး ပြောလာတာကိုလည်းကြားရတယ်။ ဒါကြောင့် မြန်မာနိုင်ငံပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းပြီးတော့အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုမရှိရင်တော့ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာမှာဖြစ်တယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေဟာ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမျိုးရေးအရ တန်းတူရွယ်တူအခွင့်အရေး မရတဲ့အတွက်ကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေဝင်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ ဒါကြောင့် လက်ရှိရခိုင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်လာနိုင်လားဆိုရင် နှစ်ဘက်စစ်ရေးလှုပ်ရှားမှု ပိုပြီးများလာရင်တော့ ဆွေးနွေးညှိနှိုင်းပြီးအဖြေမရှာရင်တော့ တိုက်ပွဲတွေ ပိုပြီးများလာမယ်လို့မြင်တယ်။

လက်ရှိကြားရတဲ့သတင်းအရ သုံးသပ်ရမယ်ဆိုရင် (စစ်တပ်နှင့်AA)နှစ်ဘက်စလုံးက စစ်ရေးပြင်ဆင်မှု ရှိနေတယ်လို့ပဲ သုံးသပ်ရမှာဖြစ်တယ်။ စစ်ရေးပြင်ဆင်မှုတွေလုပ်နေကြတဲ့ အခြေအနေကြားနေရတယ်။ ရခိုင်ပြည်မှာ တိုက်ပွဲဖြစ်လာရင် ဒီထက်ပိုပြီးဆိုးဆိုးဝါးဝါးဖြစ်လာနိုင်တယ်လို့ မြန်မာစစ်တပ်ဘက်က သတင်းစာရှင်းလင်းပွဲတွေမှာ ပြောထားတဲ့အတွက် တိုက်ပွဲတွေ ဆိုးဆိုးဝါးဝါးဖြစ်လာမလားဆိုတာက သုံးသပ်စရာတောင်မလိုဘူး။ AA ဘက်ကလည်း ပြည်သူတွေကို စစ်တပ်နဲ့နီးတဲ့နေရာတွေမှာမနေဖို့၊ ဆိုးရွားလာနိုင်တဲ့အခြေအနေရှိတယ်လို့ ထုတ်ပြန်ခဲ့တာတွေရှိတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်လာရင်တော့ ပြည်သူလူထုတွေ ထိခိုက်နစ်နာမှာကို ကြိုတင်သိရှိတဲ့အတွက်ကြောင့် ပြည်သူလူထုကို ကြိုတင်အသိပေးတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ထားတာလို့မြင်တယ်။

ကိုဦးသန်းနိုင် (သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ

အခုလက်ရှိအခြေအနေက စစ်ကောင်စီရဲ့အာဏာသိမ်းနောက်ပိုင်းမှာ နိုင်ငံရေးနည်းလမ်းတွေက အဆင်မပြေတော့ဘူး။ တိုင်းရင်းသားတွေက လက်နက်ကိုင်လမ်းစဉ်ကိုပဲ ပိုပြီးတော့ အားကိုးလာတာရှိတယ်။ လက်ရှိ ရခိုင်ပြည်မှာဆိုရင် တိုက်ပွဲတွေပိုပြီးပြင်းထန်လာတာရှိတယ်။ မောင်တောနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဒီအပေါ်မှာ အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုတွေရှိတယ်။ မောင်တောဒေသဆိုတာက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်လည်းဖြစ်တယ်။ ဆိုတော့ AA အနေနဲ့ မောင်တောဒေသကို ထိန်းချုပ်ဖို့ကြိုးစားလာတယ်။ ဒါကြောင့် နောက်ဆိုရင် အခြားသောဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ သုံးသပ်တယ်။

နောက်ပြီးတော့ စစ်ကောင်စီက ပြောဆိုထားတာရှိတယ်။ ရခိုင်ပြည်သူလူထုအနေနဲ့ AA ကို ထောက်ခံနေမယ်ဆိုရင် နစ်နာသွားမှာက ရခိုင်ပြည်သူလူထုဖြစ်တယ်ဆိုပြီး လူမိုက်ဆန်ဆန်ပြောထားတာ ရှိတယ်။ အဲဒါကြောင့် တိုက်ပွဲတွေကပြန်ဖြစ်လာတယ်။ လက်ရှိရခိုင်မှာက AA ကလည်း တရားစီရင်ရေးတွေကို လုပ်လာတယ်။ အဲဒီအပေါ် စစ်ကောင်စီဘက်က အနှောင့်အယှက်ပေးတာတွေရှိတယ်။ AA နဲ့ဆက်စပ်တဲ့ သူတွေကို ဖမ်းဆီးတာမျိုး၊ အရပ်သားပြည်သူတွေကိုပင် ဖမ်းဆီးတာမျိုးတွေရှိတယ်။ ဒီအပေါ်မှာ AA ကလည်း စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးတာရှိတယ်။

လက်ရှိတိုက်ပွဲတွေက ပိုပြီးတော့ဆိုးရွားလာနိုင်တယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအတွင်းက ပြည်မဘက်မှာဆိုရင် PDF တွေ၊ တခြားသော တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်ကောင်စီကို တိုက်ခိုက် နေတာရှိတယ်။ စစ်ကောင်စီမှာဆိုရင်လည်း စစ်ပန်းနေတဲ့အနေအထားမှာရှိတယ်။ ဒီအပေါ်မှာ AA က ပိုပြီးတော့ ဖိအားပေးတဲ့ပုံစံမျိုး ဖြစ်လာနိုင်တယ်။ ဆိုတော့ ရခိုင်မှာ အရင် ၂၀၁၉ ဝန်းကျင်ကဖြစ်ခဲ့တာထက် ပိုဆိုးနိုင်တဲ့ အခြေအနေတစ်ခုထိ ရှိလာနိုင်တယ်လို့မြင်တယ်။

ဗီဒီယိုများ