၂၀၂၂ ခုနှစ် ရခိုင်ပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေးအပေါ် အမြင်များ

နိုင်ငံရေးအခြေအနေက ရခိုင်မှာ လောလောဆယ် ထူးထူးခြားခြားပြောင်းလဲတာမရှိဘူး။ (ULA/ AA)ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အေးအေးဆေးဆေးရှိကြတယ်။အဲဒီအတွက် ၂၀၂၂ ဟာ ၂၀၂၁ မှာလိုပဲ တစ်စုံတစ်ရာ အပြောင်းအလဲမရှိဘူးဆိုရင်တော့ တည်ငြိမ်အေးချမ်းနေမယ်။ ဒါပေမဲ့ စစ်ရေးအခြေအနေမှာမူတည်ပြီး ၂၀၂၂ ဟာ အဆုံးအဖြတ်ပေးသွားမယ်လို့တော့ ယူဆလို့ရတယ်။

02 Jan 2022

DMG ၊ ဇန်နဝါရီ ၂

(Vox Pop)
ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ပြင်းထန်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲတွေဟာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ရပ်တန့်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာဆိုရင်လည်း မြန်မာစစ်တပ်နဲ့ AA တို့ကြားမှာ နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်ထားခဲ့တာကို တွေ့ရပါတယ်။

ယခု ၂၀၂၂ ခုနှစ်မှာ မည်ကဲ့သို့ဖြစ်ပေါ်လာနိုင်သလဲ။ ရခိုင်ပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေအပေါ် ရခိုင်နိုင်ငံရေးလေ့လာသူများ၊ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်တို့၏ အမြင်သုံးသပ်ချက်များကို DMG က မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

ဦးဖေသန်း (လွှတ်တော်အမတ်ဟောင်း)

၂၀၂၂ ခုနှစ်မှာ ဖြစ်လာနိုင်တဲ့နိုင်ငံရေးအခြေအနေက ၂၀၂၁ ခုနှစ်ရဲ့ အကျိုးဆက်ဖြစ်တယ်။ ၂၀၂၁ ကိုကြည့်ရင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်မနဲ့မတူပဲ ထူးထူးခြားခြားတွေ့ရတယ်။ နှစ်ဖက်တိုက်ပွဲတွေကိုလည်း ရပ်တန့်ထားတယ်။ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားရာကနေ ပယ်ဖျက်ပေးခဲ့တယ်။ လက်ရှိမှာလည်း မြေပြင်အခြေအနေအရ CDM လှုပ်ရှားမှုလည်းမရှိဘူး။ PDF လှုပ်ရှားမှုလည်းမရှိဘူး။ တိုက်ပွဲတွေလည်း ရပ်တန့်ထားတယ်ဆိုတော့ ဒီအခြေအနေဟာ ၂၀၂၁ မှာ ရခိုင်ပြည်ရဲ့ထူးထူးခြားခြား အေးချမ်းသာယာတဲ့အခြေအနေမျိုး ဖြစ်ခဲ့တယ်။ စစ်ဘေးရှောင်တချို့လည်း နေရပ်ပြန်သွားကြတယ်။ တချို့ကလည်း လုံခြုံရေးအခြေအနေအရ မပြန်နိုင်သေးတဲ့သူတွေရှိနေသေးတယ်။

ဒီအခြေအနေဟာ ၂၀၂၂ မှာ တစ်စုံတစ်ရာပြောင်းလဲသွားမှာလား။ သဘောက (AA)နဲ့စစ်တပ်ကြားမှာ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်သလားဆိုတာက နိုင်ငံရေးအခြေ အနေပေါ်မှာမူတည်တယ်။ နိုင်ငံရေးအခြေအနေက ရခိုင်မှာ လောလောဆယ် ထူးထူးခြားခြားပြောင်းလဲတာမရှိဘူး။ (ULA/ AA)ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အေးအေးဆေးဆေးရှိကြတယ်။အဲဒီအတွက် ၂၀၂၂ ဟာ ၂၀၂၁ မှာလိုပဲ တစ်စုံတစ်ရာ အပြောင်းအလဲမရှိဘူးဆိုရင်တော့ တည်ငြိမ်အေးချမ်းနေမယ်။ ဒါပေမဲ့ စစ်ရေးအခြေအနေမှာမူတည်ပြီး ၂၀၂၂ ဟာ အဆုံးအဖြတ်ပေးသွားမယ်လို့တော့ ယူဆလို့ရတယ်။  

ဦးခိုင်ကောင်းစံ (တာဝန်ခံ)ရခိုင်ပြည်လုံးဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်

၂၀၂၂ ခုနှစ်မှာ စစ်ရေးက ရခိုင်မှာတည်ငြိမ်နိုင်တယ်။ ၂၀၁၈ ကလို ကြီးမားတဲ့တိုက်ပွဲတွေရှိလာနိုင်မှာ မဟုတ်ဘူးလို့ ယူဆရတယ်။ ဘာကြောင့်လည်းဆိုရင် နှစ်ဖက်တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေက ပြောဆိုဆွေးနွေးမှုတွေ ရှိနေကြတယ်။ တဖက်မှာလည်း ကချင်၊ ကရင်၊ ရှမ်းမြောက်ဘက်တွေမှာ တိုက်ပွဲတွေရှိနေတယ်။ နောက် မကွေး၊ စစ်ကိုင်း၊ ချင်းပြည်နယ်တို့လိုဧရိယာတွေမှာဆို PDF လှုပ်ရှားမှုတွေရှိနေတယ်။ အဲတော့ ရခိုင်ဒေသမှာ စစ်ရေးအရတော့ တည်ငြိမ်နိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ သုံးသပ်လို့ရတယ်။ ရခိုင်မှာ နှစ်ဖက်ထိပ်တွေ့တိုက်ပွဲဖြစ်ရင်တောင်မှ မောင်တောဒေသမှာဖြစ်ခဲ့သလို နာရီပိုင်းလောက်ဖြစ်ပြီးမှ ပြန်ပြီးရပ်သွားနိုင်တယ်။ နိုင်ငံရေးအရပြောမယ်ဆိုရင် ရခိုင်လူထုတွေဟာ နိုင်ငံရေးအပေါ်မှာယုံကြည်မှုမရှိကြဘူး။ နိုင်ငံရေးပါတီတွေကလည်း လွှတ်တော်အခင်းအကျင်းမရှိတဲ့အခါ ပျောက်နေတယ်လို့ ပြောလို့ရတယ်။ မှတ်ပုံတင်ရှိတဲ့ နိုင်ငံရေးပါတီတွေတောင်မှ ရခိုင်ပြည်အရေးအတွက်ဆိုရင် ဘာမှလုပ်နိုင်တာ မတွေ့ရဘူး။ နိုင်ငံရေးအရတော့ နိုင်ငံရေး စိတ်သုဉ်းသွားတယ်လို့ပြောရမယ်။ လာမယ့် ၂၀၂၂ နိုင်ငံရေးဆိတ်သုဉ်းမှုဟာ ရှိနေမယ်လို့ ထင်တယ်။ ရခိုင်လူထုအများစုဟာ မြန်မာပြည်ရဲ့နိုင်ငံရေးကို စိတ်မဝင်စားကြဘူး။ အထူးသဖြင့် လူငယ်၊ လူလတ်တွေအများစုက လက်နက်ကိုင်တော်လှန်ရေးမှအပ မရှိဘူးဆိုတဲ့ ထုတ်ဖော်မှုတွေလည်းရှိနေတယ်။ ၂၀၂၂ မှာလည်း ရခိုင်ပြည်ရဲ့နိုင်ငံရေးဟာ ဘာမှထူးခြားလာမှာမဟုတ်ဘူး။ ရှိနေတဲ့နိုင်ငံရေးပါတီတွေလည်း ပြည်သူတွေမျှော်လင့်ချက်၊ လိုလားချက်တွေကို လုပ်ဆောင်ပေးနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်လို့ရတယ်။

ကိုဇော်ထွန်း ၊ မြောက်ဦးဒေသခံ

၂၀၂၁ တစ်နှစ်လုံးကတော့ သူတို့ရဲ့ နိုင်ငံရေးရည်းမှန်းချက်တွေကို ကြိုးစားကြတယ်။ အပြန်အလှန် နိုင်ငံရေးကစားကြလို့အချိန်ကုန်သွားကြတယ်လို့ သုံးသပ်လို့ရတယ်။ ၂၀၂၂ ကျတော့ စောင့်ကြည့်ရမယ်။ ULA/AA အနေနဲ့ တစ်နှစ်ပတ်လုံး အင်အားအသစ်တွေ မွေးထုတ်တယ်။ ပြီးရင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတည်ဆောက်တယ်။ စည်းရုံးရေးလုပ်ငန်းတွေ လုပ်တယ်။ အဲဒီလိုလုပ်လိုက်တော့ ၂၀၂၂ မှာ တိုက်ပွဲတွေပြန်ဖြစ်လာမယ်ဆိုရင်တောင်မှ (AA)အနေနဲ့ အဆင်သင့်ဖြစ်သွားပြီလို့ပြောလို့ရတယ်။ တစ်ဖက်မှာ စစ်တပ်က NUG ဦးဆောင်တဲ့ပြည်တွင်းတော်လှန်ရေးသမားတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းက ပိတ်ဆို့အရေးယူမှုတွေရှိနေတယ်။ (AA)က သူတို့ရဲ့လုပ်ငန်းတွေကို ကောင်းကောင်းမွန်မွန်လုပ်နိုင်ခဲ့ကြတယ်။ အဲဒီအချိန်မှာ စစ်တပ်အနေနဲ့က သူတို့ရဲ့အဖွဲ့အစည်းတည်မြဲဖို့ကိုပဲ အပြင်းအထန်ကြိုးစားနေခဲ့ရတယ်။ သူတို့မှာ ရှေ့မရောက်ဘူး။ ရပ်တန့်နေတာရှိတယ်။ တချို့အပိုင်းတွေမှာ နောက်ဆုတ်သွားတာရှိမယ်။(AA)က ရပ်တန့်နေတာလည်းမရှိဘူး။ နောက်ဆုတ်နေတာလည်းမရှိဘူး။ ရှေ့တိုးလာတာပဲရှိတယ်ဆိုတော့ ၂၀၂၂ အခင်းအကျင်းမှာလည်း စစ်တပ်က AA အပေါ်မှာ ထိုးစစ်ဆင်လောက်တဲ့ထိ စဉ်းစားမှာမဟုတ်ဘူး။ ၂၀၂၁ အခင်းအကျင်းမှာ အပစ်ရပ်ပုံစံမျိုးသွားခဲ့တယ်ဆိုတော့ ပြင်ဆင်ချိန်ရသွားတဲ့တော်လှန်ရေးအဖွဲ့အစည်းတစ်ခုကို ထိုးစစ်ဆင်ဖို့ထိ ဖြစ်နိုင်မယ်မထင်ဘူး။ (AA)အနေနဲ့ကလည်း ဒါကိုအခွင့်ကောင်းယူပြီး စစ်တပ်ကိုထိုးစစ်ဆင်နိုင်လားဆိုတာကလည်း ဒီနှစ်နှစ်ဆန်းပိုင်းမှာတော့ ဖြစ်မယ်မထင်ဘူး။ ဘာလို့ဆိုရင် အစိုးရတည်ဆောက်တဲ့လုပ်ငန်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို တည်ဆောက်နေတဲ့အချိန်မှာ လူ့စွမ်းအားအရင်းအမြစ်တွေရရှိမှုပိုင်းမှာ အတိုင်းအတာတစ်ခုထိ အဆင်ပြေတယ်ဆိုပေမယ့် လုံးဝပြည့်စုံကောင်းမွန်တဲ့ စနစ်တစ်ခုကိုမရောက်နိုင်သေးဘူး။ ဆိုတော့ (AA)အနေနဲ့လည်း နှစ်ဆန်းပိုင်းမှာ ရခိုင်မှာ စစ်ပွဲတွေပြန်ဖြစ်လာအောင်လုပ်မယ်လို့တော့ မထင်ဘူး။ ဒီအတိုင်း ၂၀၂၁ လိုပဲ အပစ်ခတ်ရပ်စဲတာတွေ၊ နိုင်ငံရေးကစားတာတွေနဲ့ လက်ရုံးရည်တိုက်ပွဲတွေကို ခဏရပ်ထားပြီးတော့ နှလုံးရည်တိုက်ပွဲတွေကိုပဲ ပိုပြီးဆင်နွဲကြလိမ့်မယ်လို့မြင်တယ်။

ဦးထွန်းဝင်း (လွှတ်တော်အမတ်ဟောင်း)  

၂၀၂၁ ကဆိုရင် စစ်ရဲ့ဒဏ်တွေကို ကုသနေခဲ့တဲ့ကာလလို့ ပြောရမှာဖြစ်တယ်။ တချိန်တည်းမှာ ကပ်ရောဂါကြီးကိုလည်း ခံစားခဲ့ရတယ်။ အခု ၂၀၂၂ မှာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ပြည်သူတွေမျှော်လင့်တဲ့၊ ပြည်သူတွေတောင်းဆိုနေတဲ့ အဖြေတစ်ခုခုကို ရလာနိုင်မလား။ ရလာနိုင်အောင်လည်း အားလုံးပူးပေါင်းပါဝင်ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိလောလောလတ်လတ်ဖြစ်နေတဲ့အခြေအနေက အရင်ကပဋိပက္ခတွေဖြစ်ခဲ့တဲ့အသိုင်းအဝိုင်းနှစ်ခုဟာ (AA)ရဲ့ ဦးဆောင်မှုအောက်မှာ အတိုင်းအတာတစ်ခုထိ ယုံကြည်မှုတွေတည်ဆောက်လာနိုင်တယ်။ အဲဒီအနေအထားကနေ အရင်ကဖြစ်ခဲ့တဲ့မီးပွားလေးကို ဒီအချိန်မှာ ချခင်းလာတာကိုတွေ့လာရတယ်။ အဲဒီအခြေအနေကိုအခြေခံပြီးမှ အရင်လိုပြန်ဖြစ်လာအောင် ပဋိပက္ခလမ်းကြောင်းတစ်ခုကို ဆွဲခေါ်နေတယ်ဆိုတဲ့ အမြင်သုံးသပ်ချက်ရှိတယ်။ ဒါကတော့ အများကြီးသတိထားရမယ့်အပိုင်းဖြစ်တယ်။ စစ်ရေးအခြေအနေကတော့ မှန်းရခက်တယ်။ အခြေအနေက ဒီကြားထဲမှာ ပြည်သူကိုသတိပေးတာတို့ရှိတဲ့အခါကျတော့ တိုက်ပွဲတွေဖြစ်လာမလားဆိုတဲ့ သုံးသပ်မှုတွေ၊ စိုးရိမ်မှုတွေက ပြည်သူကြားထဲမှာ ရှိနေတယ်။

ဗီဒီယိုများ