စစ်ကောင်စီက ပြင်ဆင်လိုက်တဲ့ ရုပ်မြင်သံကြားနှင့်ရေဒီယိုဥပဒေ ဘယ်သူတွေကို ဦးတည်နေသလဲ

အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက ရုပ်မြင်သံကြားနှင့် ရေဒီယိုဥပဒေကို ပြင်ဆင်လိုက်ကြောင်းထုတ်ပြန်လာသည်။ အဆိုပါပြင်ဆင်သည့်ဥပဒေမှာ ဒဏ်ငွေအပြင် ထောင်ဒဏ်များကို ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ယင်းဥပဒေသစ် ပြဋ္ဌာန်းမှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာမှ ပုဂ္ဂိုလ်အချို့၏ သုံးသပ်ချက်အမြင်များကို DMG မှ မေးမြန်းတင်ဆက်လိုက်ပါသည်။

06 Nov 2021

ဦးကျော်မင်းဆွေ (ဝါရင့်သတင်းစာဆရာ)

“ရုပ်သံဥပဒေသစ်နဲ့ပတ်သက်ပြီး အဓိကတော့ သုံးပိုင်းရှိတာပေ့ါ။ တစ်ပိုင်းက မီဒီယာတွေပေါ့။ အွန်လိုင်းမှာရှိနေတဲ့ မီဒီယာတွေ၊ မြေပြင်မှာရှိနေတဲ့ မီဒီယာတွေပေါ့။ မီဒီယာတွေ အခက်အခဲတစ်စုံတစ်ရာ ဖြစ်သွားမှာလား။ အဟန့်အတားဖြစ်သွားမှာလား။ ခြိမ်းခြောက်မှုဖြစ်သွားမှာလားဆိုတဲ့ စဉ်းစားချက်တစ်ခုပေါ့။
နောက်တစ်ခုကတော့ (NUG)လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်လွှင့်မှုတွေရှိတယ်။ ရေဒီယိုတွေ ရှိတယ်။ သတင်းစာရှင်းလင်းပွဲတွေရှိတယ်။ အွန်းလိုင်းကနေ လုပ်နေတာပေ့ါ။ အဲဒီဟာကို ရည်ရွယ်ပြီး ထားသလားဆိုတဲ့စဉ်းစားချက်တစ်ခုပေါ့။ နောက်တစ်ခုက ပြည်သူလူထုပေါ့။ သတင်းသိခွင့်ရှိတဲ့ ပြည်သူလူထုက ဒီတိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာ ပြည်သူကသိခွင့်ရှိတာပေ့ါ။ ဒီဥပဒေ ပြင်ဆင်ချက်တွေဟာ တကယ့်သိခွင့်ရှိတဲ့ပြည်သူတွေကို အဟန့်အတားဖြစ်စေသလားဆိုတဲ့ အချက်ပေ့ါ။ ဒီသုံးချက်က စဉ်းစားစရာရှိတယ်။
ဒီရုပ်သံဥပဒေဟာ မူလကတည်းက လွှတ်တော်ရဲ့နည်းစဉ်အရ ဥပဒေတစ်ခုရဲ့ ဖြတ်သန်းမှုအဆင့်ဆင့်အရ နည်းဥပဒေမထွက်သေးဘူး။ လွှတ်တော်မှာ မပြီးပြတ်သေးတဲ့ ဆွေးနွေးမှုလိုအပ်နေသေးတဲ့ ဥပဒေတစ်ခု ဖြစ်တယ်။ တရားဝင်ဥပဒေအဖြစ် သမ္မတလက်မှတ်ထိုးပြီးမှထွက်လာတဲ့ ဥပဒေမဟုတ်သေးဘူး။ တစ်ဖက်မှာလည်း ဒီဥပဒေသက်ရောက်ဖို့အတွက် ရုပ်သံမီဒီယာကောင်စီဆိုတာ လိုအပ်တယ်။ နည်းဥပဒေ ထွက်မလာသေးတဲ့အတွက် ရုပ်သံမီဒီယာကောင်စီကမရှိဘူးပေါ့။
အရင်ကတော့ ဒီဥပဒေမှာ ဒဏ်ငွေပဲရှိတာ။ အခု ဒဏ်ငွေကိုပြင်ဆင်လိုက်တယ်။ ထောင်ဒဏ်သုံးနှစ်ကနေ ငါးနှစ်ထိချမှတ်လိုက်တယ်။ ပြစ်ဒဏ်တွေကို ပြင်ဆင်လိုက်တယ်။ ဆိုတော့ အွန်လိုင်းပေါ်မှာလုပ်နေတဲ့ မီဒီယာတွေအားလုံးကို အချိန်မရွေး အရေးယူလို့ရတယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဒီလိုပြင်လိုက်လို့ တကယ်လို့လုပ်နေတဲ့သူကို အရေးယူခံရနိုင်ခြေရှိလား မေးခွန်းက ပေါ်လာတယ်။ အထူးသဖြင့် ဒီခေတ်က နည်းပညာခေတ်ဖြစ်တယ်။ ဒီဟာတွေကို အရေးယူဖမ်းဆီးဖို့ ဆိုတဲ့ကိစ္စက တော်တော်စိတ်ကူးယဉ်ဆန်တယ်လို့ပြောလို့ရတယ်။ အွန်လိုင်းမှာရှိတဲ့ မီဒီယာတွေကို ခြိမ်းခြောက်သတိပေးတဲ့ သဘောသက်ရောက်တယ်။
တစ်ဖက်က သူတို့(စစ်ကောင်စီ)က သံသယဖြစ်တဲ့လူ၊ နဂိုးကတည်းက ဖမ်းဆီးဖို့စာရင်းပို့ထားတဲ့သူတွေကို ဒီဥပဒေနဲ့ စွဲချိတ်ပြီးတော့ ထောင်ဒဏ်ပေးအရေးယူရနိုင်တယ်လို့လည်း စဉ်းစားစရာအချက်တွေရှိတယ်။ အရင်ကလည်း အာဏာသိမ်းတာကို ဆန့်ကျင်တဲ့သူတွေကို လိုက်ဖမ်းနေတာတွေရှိတယ်။ ဖမ်းပြီးတော့ ပုဒ်မတပ်ပြီး အရေးယူနေတာရှိတယ်။ အခုဒီဟာက နောက်ထပ်အရေးယူဖို့ ပုဒ်မတပ်လို့ရတဲ့ဥပဒေပုဒ်မတစ်ခုလို့ ယူဆလို့ရတယ်။ ဒါကတော့ ပြည်တွင်းမှာရှိတဲ့သူတွေအတွက် အန္တရာယ်တစ်စုံတစ်ရာရှိနိုင်တယ်။ ပြည်ပမှာ ရောက်နေတဲ့သူတွေအတွက်တော့ အန္တရာယ်မရှိဘူး။ ပြည်တွင်းမှာရှိတဲ့သူတွေအတွက် အချိန်မရွေး ဒီဥပဒေနဲ့ကောက်ပြီး အရေးယူလို့ရနိုင်တဲ့အခြေအနေရှိတယ်။

ဦးမြင့်ကျော် (မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ဟောင်း)

အွန်လိုင်းပေါ်ကနေ ရုပ်သံသတင်းတွေကြေညာတဲ့မီဒီယာတွေဟာ အခုရုပ်သံဥပဒေနဲ့ အကျုံးဝင်တဲ့သဘော သက်ရောက်သွားတာပေါ့။ ဒီလိုမျိုး အရုပ်နဲ့အသံနဲ့ အစီအစဉ်တွေက ပြည်တွင်းမှာအခြေစိုက်တယ်ဆိုရင် ကျိန်းသေပေါက် မှတ်ပုံတင်ရတော့မယ်။ ရုပ်သံအနေနဲ့ မှတ်ပုံတင်ရမယ့်အခြေအနေမျိုးဖြစ်လာတော့မယ်။ ထောင်ဒဏ်အဖြစ် ပြောင်းလဲပြီးပြင်ဆင်တဲ့အပိုင်းကတော့ လိုင်စင်မရှိဘဲနဲ့လုပ်ရင် သုံးနှစ်ကနေ ငါးနှစ်ပေါ့။ နောက်တစ်ခါ လိုင်စင်သက်တမ်းမတိုးရင် သုံးနှစ်ကနေငါးနှစ်ပေါ့။ အဲလိုမျိုး ပြစ်မှုပြောင်းလိုက်တယ်ဆိုတော့ အင်တာနက်ပေါ်ကလုပ်နေတဲ့ သတင်းအစီအစဉ်တွေ၊ ရေဒီယိုလိုအစီအစဉ်တွေက ရုပ်မြင်သံကြားဥပဒေနဲ့ အကျုံးဝင်နေပြီ၊ အဲဒီတော့မှတ်ပုံတင်ရမယ့်သဘော ဖြစ်သွားတယ်။ အကယ်၍ မှတ်ပုံမတင်ထားရင်၊ မှတ်ပုံတင် သက်တမ်းကုန်သွားလို့ သက်တမ်းမတိုးရင် ထောင်ချနိုင်တယ်။ ဒီဥပဒေပြင်တာရဲ့ အဓိကလိုရင်းက အဲဒီနှစ်ခုလို့မြင်တယ်။
အရင်ကတည်းက ရုပ်သံဥပေဒကိုပြဋ္ဌာန်းထားပေမယ့် တခါမှလည်း ကျင့်သုံးတာမရှိခဲ့ဘူး။ အခုတော့ အရေးယူမယ့်အပိုင်းက စတာပေ့ါ။ တစ်ကယ်တမ်းကျတော့ ကျင့်သုံးမယ်ဆိုရင် ရုပ်သံကောင်စီဖွဲ့ရမယ်။ ရုပ်သံလိုင်စင်တွေလျှောက်ခွင့်ရှိရမယ်။ အခုက အဲဒီအဆင့်ကိုရောက်အောင်မကြိုးစားဘူး။ အဲဒီအဆင့်ကိုကျော်ပြီး အရေးယူဖို့အတွက်ကို အွန်လိုင်းပေါ်ကပြောင်းတယ်ဆိုတော့ ဒီဥပဒေက အလွဲသုံးရင် ခံရမယ့်ဘောရှိတာပေ့ါ။

ဦးနိုင်မင်းဝေ (ဝါရင့်သတင်းစာဆရာ)

“အခုလိုလုပ်ဆောင်လိုက်တာက မီဒီယာကို ထိန်းချုပ်ဖို့ကြိုးစားနေတာပေါ့နော်။ လက်တွေ့အားဖြင့်တော့ ဒါက ခြိမ်းခြောက်လိုက်တာပေါ့။ အဲ့ဒီအထဲမှာ Online ကနေ လုပ်နေတာတွေကိုရည်ရွယ်တဲ့အပြင် ပြည်သူ့ဘဏ္ဍာ အဖြစ်နဲ့သိမ်းမယ်ဆိုတာမျိုးကတော့ မြန်မာနိုင်ငံကမီဒီယာတွေအတွက် စိုးရိမ်စရာတွေရှိနေတာပေါ့။ လက်ရှိမှာ ပြည်သူတွေက သတင်းအချက်အလက်တွေကို Online ပေါ်ကနေ အများကြီးရနေတော့ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ သတင်းသိပိုင်ခွင့်ကတော့ ပိုပြီးတော့ အကန့်အသတ်ရှိလာမယ်။ ထိန်းချုပ်လာမယ်။ ဒီကြားထဲမှာ နမူနာပုံစံမျိုးနဲ့ အရေးယူမှုတွေလည်းရှိလာနိုင်တယ်။

ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

“အခုလိုလုပ်တာဟာ သူတို့က စတုတ္ထမဏ္ဍိုင်ဆိုတာကိုမရှိစေချင်လို့ လုပ်နေတာလို့မြင်တယ်။ အရင်တုန်းက ဒေါက်တာဇော်မြင့်မောင်က စတုတ္ထမဏ္ဍိုင်မရှိဘူးလို့ပြောတာကို အခုအာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင်က စတုတ္ထမဏ္ဍိုင်ရှိပါတယ်ဆိုပြီး လက်သီးလက်မောင်းတန်းပြောခဲ့တယ်။ ဒါပေမဲ့ အခုက သူကိုယ်တိုင် ပြန်ဖြိုဖျက်နေတာ။ ဖြိုဖျက်တဲ့နေရာမှာ လက်ရှိဥပဒေတွေကမလုံလောက်တဲ့အတွက် သတတင်းမီဒီယာတွေကို အပြီးအပိုင်ဖျက်သိမ်းတာက ပထမဆုံးစတယ်။ ပြီးတော့ ဒုတိယက ကျန်နေတဲ့သူတွေ ဒါမှမဟုတ် ဂယ်ပေါက်လေးကနေပြီး ကျန်နေတဲ့သူတွေကို လုံးဝလုပ်မရအောင်ပိတ်ချဖို့ ကြိုးစားနေတာပဲ။ ဂယ်ပေါက်တောင် မထားတော့ဘူးဆိုတဲ့သဘောပေါ့။ မီဒီယာတွေကိုမထားမှ ဂယ်ပေါက်တွေကိုပိတ်ပစ်မှ သူတို့သွားချင်တဲ့ PR စနစ်နဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို သူတို့စိတ်ကြိုက်လုပ်ပြီး သူတို့အာဏာ ဆက်မြဲနိုင်ရေးလုပ်နေတာလို့ပဲမြင်တယ်။

ဦးနောင်ခိုင်အောင် (နိရ ဉ္စရာသတင်းဌာန အယ်ဒီတာ)

“သူတို့ထုတ်ပြန်လိုက်တဲ့ဥပဒေက Media ကို ချုပ်ကိုင်လိုက်သလိုဖြစ်သွားပြီ။ ဒါက မဖြစ်သင့်တဲ့ဥပဒေတစ်ခုလို့ ကျနော်တို့မြင်မိတယ်။ ဒီဥပဒေက မီဒီယာတွေအတွက် လုံးဝအန္တရာယ်ဖြစ်မယ့် ဥပဒေဖြစ်နေတယ်။ လက်ရှိအချိန်က တစ်နိုင်ငံလုံး အွန်လိုင်းကနေသတင်းတွေလုပ်နေချိန် ဒီဥပဒေကိုထုတ်ပြန်လိုက်တာက သတင်းအမှောင်ချလိုက်တယ်လို့ပဲ ယူဆတယ်။ အင်တာနက်သုံးမယ်ဆို VPN ကျော်ပြီး သုံးစရာမလိုခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာ VPN ကျော်ပြီး အင်တာနက်ကိုသုံးနေရတယ်။ ရခိုင်ပြည်ဆို အင်တာနက် ပြန်သုံးခွင့်ရတာ သိပ်မကြာသေးဘူး။ အခု ဒီဥပဒေသစ်ကိုထုတ်ပြန်တော့ နည်းမျိုးစုံနဲ့ သတင်းအမှောင်ချနေတယ်လို့ မြင်မိတယ်။

ဦးထွန်းသာ (Western News သတင်းဌာန အယ်ဒီတာ)

လက်ရှိအခြေအနေက  စစ်အုပ်ချုပ်ရေးကာလကို ရောက်နေတယ်ပေ့ါနော်။ စစ်အုပ်ချုပ်ရေးသဘောတရားက ထိန်းချုပ်မယ်၊ သူတို့လုပ်ချင်တာ လုပ်မယ်ဆိုတာပေါ့။ ဒီလိုလုပ်ရပ်တွေအပေါ်မှာလည်း တရားတာ မတရားတာဆိုပြီး ဝေဖန်ဖို့ကအရမ်းခက်ခဲတယ်။ မတရားတာကို မတရားဘူးလို့ပြောမယ်ဆိုရင်လည်း ကျနော်တို့မှာ လုပ်ကြံခံရနိုင်တယ်။ အခုလို ဥပဒေပြဋ္ဌာန်းလိုက်တာက ပြည်သူတွေရဲ့ သူတို့အမြင် သဘောထားတွေကို အွန်လိုင်းပေါ်မှာတင်ပြဝေဖန်ဖို့ အခွင့်အရေးကို ကန့်သတ်လိုက်သလိုဖြစ်နေတယ်။ လိုင်စင်ပိတ်ခံထားရတဲ့သတင်းဌာနတွေမှာလည်း သတင်းတင်ဆက်ဖော်ပြဖို့ အခက်အခဲဖြစ်သွားစေတယ်။

ဗီဒီယိုများ