"တပ်မတော်နဲ့ အေအေ နှစ်ဖက်စလုံးက ကြားဝင်ဆောင်ရွက်မှုကို လက်ခံတယ်ဆိုလို့ရှိရင် ကျွန်မတို့ ALP ကတော့ အဆင်သင့်ပါပဲ"

ရန်ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်နှစ်ဦးနှစ်ယောက်က ရန်မဖြစ်ကျတော့ဘူးဆိုရင် ကောင်းတဲ့လက္ခာဏာဖြစ်ပါတယ်။ လက်ဆွဲနှုတ်ဆက်နိုင်ကြပြီဆိုလို့ရှိရင် ဒုတိယတစ်ဆင့်တိုးလာမယ်လို့မြင်တယ်။ အပြုဖက်ကပဲ မြင်ပါတယ်။

By အောင်ထိန် 25 Dec 2020

ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်က စတင်ခဲ့သော ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ လက်ရှိ NLD ပါတီ ဦးဆောင်သော ပထမအစိုးရ သက်တမ်းကုန်ခါနီး အချိန်သို့ ရောက်လာချိန်အထိ မျှော်လင့်ထားသလောက် ရှေ့ဆက်မတိုးနိုင်ကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြပြောဆိုမှုတွေရှိပါသည်။ ယခု အစိုးရသက်တမ်းအတွင်း  ရခိုင်ပြည်နယ်တွင် နှစ်နှစ်ကျော်ကြာဖြစ်ပွားခဲ့သော တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများကလည်း ငြိမ်းချမ်းရေးဖြစ်စဉ် ညွှန်ကိန်းများ ရပ်တန့်နေသည်ကို မီးမောင်းထိုးပြသနေခြင်းဖြစ်သည်။

သို့သော်လည်း ၂၀၂၀  ရွေးကောက်ပွဲအပြီး တပ်မတော်နှင့်  AA တို့အကြား ဆွေးနွေးပွဲများမှ တစ်ဆင့် အပစ်အခတ်ရပ်စဲမှု အခြေအနေ တစ်ခုသို့ ရောက်ရှိလာသည်ကို တွေ့မြင်နေရသည်။ ယင်းမှ တစ်ဆင့် AA အပါအဝင် မြောက်ပိုင်း လေးဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ရှေ့ဆက်ဆောင်ရွက်ရန် လိုအပ်မည့်အခြေအနေများ၊ အကျပ်အတည်းများနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်နေသည့် ရခိုင်လွတ်မြောက်ရေးပါတီ ALP မှ ဗဟိုကော်မတီဝင်လည်းဖြစ် ပြောရေးဆိုခွင့်လည်းရှိသူ ဒေါ်စောမြရာဇာလင်းကို DMG သတင်းထောက် အောင်ထိန်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

မေး - ပထမဆုံး ALP က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့အပိုင်းနဲ့ ဒီလိုဆောင်ရွက်တဲ့အခါ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကို ရှင်းပြပေးပါ။

ဖြေ - ကျွန်မတို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန် လက်ထက်ကနေ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆင်နွှဲလာတာဖြစ်တယ်။ ၂၀၁၃ မှာ ဆိုလို့ရှိရင် NCCT လို့ခေါ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှာ ALP က ပါဝင်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂၀၁၅ မှာ ဆိုလို့ရှိရင် EAOs အဖွဲ့ (၈) ဖွဲ့နဲ့အတူ (Nationwide Ceasefire Agreement) လို့ ခေါ်တဲ့ NCA မှာ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာ ကျွန်မတို့အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့တယ်။ ကျွန်မဆိုလို့ရှိရင်လည်း အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခွင့်ရလာခဲ့တယ်။ နောက်ပြီး  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး (Joint Implementation Coordination Meeting – JICM) မှာ ဆိုလိုရင်လည်း ကျွန်မတို့ ပါဝင်ခွင့်ရလာပါတယ်။ ဆိုတော့ ဒီလိုပါဝင်ခွင့်ရလာခြင်းနဲ့အတူ ကျွန်မတို့ဟာ NCA စာချုပ်မှာ ရေးထားတဲ့အတိုင်းပဲ ပြည်ထောင်စုငြိမ်းချမ်းရေးမှထွက်ပေါ်လာတဲ့ ရလဒ်တွေနဲ့အညီ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်၊ ဖြည့်စွပ်မယ်၊ ပါယ်ဖျက်မယ်ပေါ့ ဒီအချက်သုံးချက်ကို ရအောင်လို့ ကျွန်မတို့ကြိုးပမ်းနေဆဲကာလဖြစ်ပါတယ်။

နောက်ပြီး ဒီတိုင်းပြည်ရဲ့အခြေအနေကို ကြည့်တဲ့အခါမှာ ပြည်ထောင်စုကို မတည်ဆောက်လို့ရှိရင် ပြည်တွင်းစစ်က ဆက်တိုင်းရှိနေမယ်။ ပြည်တွင်းစစ်ရဲ့အခြေခံ အကြောင်းအရင်းသည် တိုင်းရင်းသားပေါင်းစုံလိုချင်တဲ့ ပြည်ထောင်စုသားအချင်းချင်း တန်းတူညီမျှနေထိုင်ရေး အဲဒီကိစ္စဟာ အရေးကြီးတဲ့အတွက်ကြောင့် ကျွန်မတို့ဟာ ငြိမ်းချမ်းရေးမှာပါဝင်ပြီးတော့မှ မြန်မာနိုင်ငံကို တိုင်းရင်းသားအားလုံး တန်းတူညီမျှတန်ဖိုးရှိရှိနဲ့ အေးတူပူမျှနေထိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ပေါ်ထွန်းရေးအထိကို ကျွန်မတို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

မေး - ပြီးခဲ့တဲ့ သြဂုတ်လကကျင်းပခဲ့တဲ့ ပင်လုံညီလာခံကနေ တိုင်းရင်းသားတွေမျှော်လင့်ချက် ဘယ်လောက်ထိ ရရှိခဲ့တယ်လို့ဆိုနိုင်ပါသလဲ။

ဖြေ - အပြည့်အဝရတယ်လို့ ကျွန်မတို့ပြောလို့ မရသေးပါဘူး။ ကျွန်မတို့က တစ်ဆင့်ချင်းစီ သွားရတဲ့အချက်ဖြစ်ပါတယ်။ အဓိက ကျွန်မတို့ရှေ့ကို စဉ်းစားတဲ့အခါမှာ နံပါတစ်အချက် ဖက်ဒရယ်တည်ဆောက်ရေး၊ နောက်တစ်ခုက အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲခြင်း။ အုပ်ချုပ်မှုစနစ်ပြုပြင်ပြောင်းလဲမယ်ဆိုရင် ဘယ်လိုပုံစံမျိုးပြောင်းလဲမလဲ၊ ပြောင်းလဲချင်လဲဆိုတာကို EAOs ဖက်က အဓိကပြန်စဉ်းစားဖို့ လိုအပ်ပါသေးတယ်။ နောက်တစ်ခုက စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင်များ၊ ရေနံနဲ့သံယံဇာတ၊ ဒီမိုကရေစီတည်ဆောက်ရေး၊ လူမှုသဟဇာတဖြစ်နေရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစီးရေး အဲဒီလိုအချက်ကို တင်ပြခဲ့တာရခဲ့တယ်။ အဲဒီ (၈) ချက်ကို အကောင်အထည်ဖော်ဖို့ရာအတွက် ဇယားနှစ်ကိုကျတော့ အသေးစိတ်ဆွေးနွေးဖို့အတွက် ညီလာခံမှာ အဆင်မပြေခဲ့ပါဘူး။ အဲဒါက ဘာနဲ့ဆိုင်သွားလဲဆိုရင် ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေး ဆွဲရေးဆိုတဲ့နေရာမှာ ကျွန်မတို့ အထစ်အငေါ့ ပြန်ဖြစ်သွားပါတယ်။ ဒီလိုဖြစ်ခဲ့ရင်လည်း ကျွန်မတို့ စိတ်ရှည်ပြီးကြိုးပမ်းတယ်။

အစိုးရဖက်ကလည်း ငြိမ်းချမ်းရေးပေးချင်တာမျိုးကို တွေ့ရတယ်။ တပ်မတော်ဖက်ကလည်း ငြိမ်းချမ်းရေးကို အမြန်ဆုံးအဆုံးသတ်ချင်ပါတယ်။ ဒါပေမယ့် နှစ်ဖက်စလုံးမှာ စိုးရိမ်ချက် တွေရှိတယ်။ အဲဒီ စိုးရိမ်ချက်ကဘာလဲဆိုရင် အစိုးရဖက်က မြန်မာနိုင်ငံရဲ့မြေပုံကို ပဲ့ထွက်သွားသလား သူတို့တွေရဲ့ စိတ်ပူမှု၊ တကယ်လို့ မြန်မာနိုင်ငံကို ထိန်းမနိုင်သိမ်းမရ အနေအထားရှိခဲ့သည်ရှိသော် သမိုင်းတရားခံဖြစ်မယ်။ ဒါအစိုးရဖက်က စိတ်ပူမှုလို့ ကျွန်မနားလည်တယ်။ ကျွန်မတို့ EAOs ဖက်ရှိရင်လည်း ကျွန်မတို့လိုချင် တဲ့ ဖက်ဒရယ်တည်ဆောက်မှုကိုသာ အပြည့်အဝမရခဲ့သည်ရှိသော် အဓိကအာဏာသုံးရပ်ကို အပြည့်မဝမရ ခဲ့ဘူးဆိုလို့ရှိရင် ကျွန်မတို့လက်မှတ်ထိုးထားတဲ့အဖွဲ့တွေက စိတ်ပူပင်စရာတွေ အများကြီးရှိတယ်။ ဒီလိုတစ် ဖက်နဲ့တစ်ဖက် စိုးရိမ်မှုတွေမတူညီကြဘူး။ အဲဒီလို မတူညီကြတဲ့ကြားထဲမှာဘဲ ကျွန်မတို့က ကြိုးပမ်းနေတာ ဖြစ်တယ်။

မေး - ဒီပင်လုံကနေ အနာဂတ်ငြိမ်းချမ်းရေးအတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မြင်ပါလဲ။

ဖြေ - အဓိကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ ပြင်ဆင်ရမယ်။ ပြင်ဆင်မယ်၊ ဖြည့်စွက်မယ်၊ ပယ်ဖျက်မယ်။ ဒါကတော့ NCA မှာ ရထားတဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ်။ ဒါကို ပယ်ဖျက်မယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးညီလာခံကရလာတဲ့ ရလဒ်နဲ့အညီ ပယ်ဖျက်ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက အစိုးရနဲ့ တပ်မတော်တို့က လိုလားနေတဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဖြစ်တယ်။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိုသာ ကြိုးပမ်းမယ်ဆိုလိုရှိရင် EAOs ဖက်က စိတ်ပူမှုတွေရှိတယ်။ အဲဒါက ဘာလဲဆိုတော့ NCA စာချုပ်ကို ချုပ်ဆိုခဲ့တဲ့အချိန်မှာ တစ်နှစ်နဲ့ကိုးလကျော် ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ အထိမ်အဝှက်တွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် စကားလုံးတွေကို နောက်မှ အဓိပ္ပယ်ဖွင့်မယ်ဆိုတဲ့ ချွင်းချက်နဲ့ ကျွန်မတို့ NCA ကို လက်မှတ်ထိုးခဲ့တယ်။ ဆိုတော့ စာလုံးတွေကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ ကျွန်မတို့ဖက်က တောင်းဆိုထားတာကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းသည် NCA အပုဒ် ၃၀ နဲ့ ညီရမယ့်လို့ ကျွန်မတို့တောင်းဆိုထားပါတယ်။ ဒီလိုပဲ ကျွန်မတို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။”

မေး - တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ငြိမ်းချမ်းရေးရဲ့ သော့ချက်လို့ ပြောဆိုတာတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ - တကယ့်လို့များ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲခွင့်သာရမယ်ဆိုရင် ကျွန်မတို့ကြိုးပမ်းနေတဲ့ ၇၅ ရာခိုင်နှုန်းတော့ ကြိုးပမ်းမှုဟာပြီးသွားပြီလို့ ကျွန်မတစ်ယောက်တည်းအနေနဲ့ဆိုရင် မှတ်ယူတယ်။ ဘာကြောင့်လဲဆိုရင် ဖွဲ့စည်းပုံမှာ အကုန်လုံးပါတယ်။ အဲဒီဖွဲ့စည်းပုံကို အတည်ပြုလုပ်တယ်ဆိုတာနဲ့ ပါတီထောင်မယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ်ပါတီထောင်လို့ရပြီ။ ဒါမှမဟုတ် ငြိမ်းချမ်းရေးမှာအစိုးရကို ဘယ်လိုဖွဲ့မှာလဲ။ ဖက်ဒရယ်အစိုးရဖွဲ့မှာလား။ အဲလိုမျိုးက မစဉ်းစားရသေးဘူး။ ပါတီထောင်ခွင့်ဆိုတာက နိုင်ငံရေးခရီးလမ်း ဘယ်လိုပြောင်းမှာလဲ။ ဒါမှမဟုတ် ပါတီထောင်ဖို့မလိုသေးခင်မှာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲခြင်းကို လုပ်တယ်ဆိုလို့ရှိရင် EAOs တွေရဲ့ အခန်းကဏ္ဍက ဘယ်လိုဖြစ်မှာလဲ။ ဒါတွေက ကျွန်မတို့ EAOs ပိုင်းမှာ မစဉ်းစားရသေးသလို အစိုးရဖက်မှာလည်း တိတိကျကျစဉ်းစားထားတယ်လို့ ကျွန်မမထင်ထားဘူး။ အဲဒါက ရေရှည်စဉ်းစားရအုံးမှာဖြစ်ပါတယ်။”

မေး - NCA မထိုးရသေးတဲ့ မြောက်ပိုင်းအဖွဲ့တွေကို အစိုးရဘက်က ငြိမ်းချမ်းရေးအတွက် ဘယ်လိုသဘော ထားရှိတယ်လို့ မြင်ပါလဲ။

ဖြေ - မြောက်ပိုင်းအဖွဲ့တွေနဲ့ကျတော့ ကျွန်မတို့ NCA ကို ပထမဆုံး စကားစပြောတဲ့အချိန်မှာ ၂၁ ဖွဲ့ပါခဲ့တယ်။ အဲလို ၂၁ ဖွဲ့ပါရင်းနဲ့ လက်မှတ်ထိုးဖို့ အနေအထားကို ရောက်တဲ့အခါမှာ အခက်အခဲတစ်ခုကြုံခဲ့တယ်။ အဲဒါက တိုက်နေတာမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ဆိုလို့ရှိရင် အစိုးရဖက်ကစဉ်းစားတာက အပစ်အခတ်ရပ်စဲရေး (Ceasefire) မလိုဘူး။ ဒါက တစ်ချက်ဖြစ်တယ်။ နောက်တစ်ဖက်ကလည်းပဲ ဝန်ကြီးဦးအောင်မင်းတို့က TNLA ကို အများကြီးချိန်းကပ်ပြီးမှ လက်မှတ်ထိုးတဲ့အထဲမှာ ပါဖို့ကြိုးပမ်းတာတွေကိုတော့ ကျွန်မတို့မျက်စိထဲမှာ မြင်ခဲ့ရတယ်ပေါ့။ ဆိုတော့ ကိုးကန့်တိုက်ပွဲဖြစ်လာတဲ့အချိန်အခါမှာ သုံးဖွဲ့အပေါ်မှာ အရမ်းနာကျည်းမှု တွေဖြစ်ခဲ့တယ်။ အဲဒီ နာကျည်းမှုတွေ ဖြစ်သွားတာကို သူတို့က ပြန်လည်ဖြေလျော့တယ်။ ကုစားတယ်ဆိုတာမျိုးက သူတို့အပိုင်းဘဲသူတို့သိမယ်။ ဒါတွေကို ကျွန်မမသိဘူး။ ဒါပေမယ့် NCA စာချုပ်ချုပ်ဆိုဖို့ စဉ်းစားလာခဲ့ကြတဲ့အခါမှာ အဖွဲ့ခြောက်ဖွဲ့က မပါလာတော့ဘူး။ မပါနိုင်တဲ့ အနေအထားဖြစ်သွားတယ်။ အဲဒါကြောင့်မို့ မြောက်ပိုင်းအဖွဲ့တွေဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဆိုတဲ့ အစုအဖွဲ့ထဲမှာ ကျန်ခဲ့တာဖြစ်တယ်။ အခုက UNFC ထဲကလည်း မွန်နဲ့လားဟိုကတော့ ငြိမ်းချမ်းရေးထဲရောက် သွားပြီ။ ဆိုတော့ ကျွန်မတို့က မြောက်ပိုင်းအဖွဲ့တွေကိုလည်းပဲ ပါဝင်လာဖို့အတွက် (All inclusive) ကျွန်မတို့ အမြဲတမ်းလိုလို ပြောဆိုနေတာရှိတယ်။ မြောက်ပိုင်းအဖွဲ့တွေအတွက် ပါဝင်လာဖို့ လမ်းစတော့ဖွင့်မယ်လို့ ထင်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေရော၊ တပ်မတော်၊ အစိုးရရော လမ်းစဖွင့်ဖို့အတွက် ကြိုးစားကြတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့အခါမှာ လမ်းကမပွင့်ဘူး။ တိတိကျကျမပွင့်ဘူး အဲလိုဖြစ်နေတာကို တွေ့ရတယ်။

မေး - NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ၊ မတရားအသင်း၊ အကြမ်းဖက်အဖွဲ့လို့  သတ်မှတ်ကြေညာထားတဲ့အဖွဲ့တွေ NCA မှာ ပါဝင်လာဖို့ ဘယ်လိုမျိုးလုပ်ဆောင်သင့်လဲ။

ဖြေ - အခုဆိုလို့ရှိရင် Online ကနေ ပြောကြတယ်။ နောက်တစ်ဖက်ကလည်း ပန်ဆန်းမှာတွေ့ပြီး ပြောကြတယ်။ ဒါတွေက ကျွန်မတို့တွေ့နေရတယ်။ တိုးတက်မှုတွေရှိတယ်ဆိုတာလည်း နှစ်ဖက်စလုံးက ထုတ်ပြန်ချက်တွေ ပြောဆိုသံတွေကိုလည်း သိနေရတယ်။ ကျွန်မတို့က တပ်ဖက်ကိုလည်းမမေးဘူး။ အေအေဖက်ကိုလည်းမ မေးတာမရှိဘူး ဘယ်လိုအဆင့်နေတွေရောက်နေကြပြီလဲဆိုတာကို သတင်းတွေအရပဲကြားသိနေရတာ ဖြစ်တယ်။ ဆိုတော့ တစ်ဖက်နဲ့တစ်ဖက်လျော့ရမယ်။ လျော့ဖို့အတွက်တော့ နှစ်ဖက်စလုံးက နှဖူးတွေ့ဒူးထိ ထိုင်ပြီးမှ သူ့အမြင်ကိုယ့်အမြင် လိုအပ်ချက်ကို အပွင့်လင်းဆုံးပြောဖို့ လိုအပ်ပါတယ်။ အဲလိုမျိုးပြောပြီးမှသာလျှင် ကိုယ်လိုရာကို ကိုယ့်ဖက်က ဘယ်လောက်ရလဲ သူ့ဖက်က ဘယ်လောက်လျော့ပေးနိုင်လဲ။ သူလိုရာကို ကိုယ့်ဖက်က ဘယ်လောက်လျော့ပေးနိုင်လဲ။ ကိုယ်လိုရာကိုရော သူ့ဖက်က ဘယ်လောက်ရလဲဆိုတာကို အဖြေသိမှာဖြစ်ပါတယ်။

မေး - လက်ရှိ တပ်မတော်နဲ့ အေအေတို့ရဲ့ ဆွေးနွေးမှုတွေအပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ - ရန်ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်နှစ်ဦးနှစ်ယောက်က ရန်မဖြစ်ကျတော့ဘူးဆိုရင် ကောင်းတဲ့လက္ခာဏာဖြစ်ပါတယ်။ လက်ဆွဲနှုတ်ဆက်နိုင်ကြပြီဆိုလို့ရှိရင် ဒုတိယတစ်ဆင့်တိုးလာမယ်လို့မြင်တယ်။ အပြုဖက်ကပဲ မြင်ပါတယ်။

မေး - ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ AA နဲ့ပတ်သက်လို့ ALP အနေနဲ့ သီးသန့်ကြားဝင် ဆောင်ရွက်သွားဖိူ့ရှိလား။

ဖြေ - ကျွန်မတို့က စေတနာရှိပါတယ်။ တပ်မတော်နဲ့ အေအေ နှစ်ဖက်စလုံးက ကြားဝင်ဆောင်ရွက်မှုကို လက်ခံတယ်ဆိုလိုရှိရင် ကျွန်မတို့ကတော့ အဆင်သင့်ပါပဲ။

မေး - မကြာမီမှာတက်လာတော့မယ့် အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ် ဘယ်လိုရှေ့ဆက် လာမယ်လို့မျှော်လင့်လဲ။

ဖြေ- ကျွန်မတို့က ၂၀၂၀ မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ဆိုတာမျိုးကို ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံမှာ အဆိုပြုခဲ့ တာရှိပါတယ်။ အဲဒီမှာ ၂၀၂၀ အလွန်မှာ လုပ်ငန်းစဉ်နဲ့အဆင့်လိုက် အကောင်အထည်ဖော်မှုများဆိုတာကို ဇယား ၂ ရှိတယ်။ အဲဒီ ဇယားနှစ်ကိစ္စကိုတော့ ဆက်ပြီးတော့ ဆွေးနွေးရမှာဖြစ်ပါတယ်။ အဲဒီဇယားနှစ်မှာကျတော့ ဖက်ဒရယ်တည်ဆောက်ရေးဆိုတာ ကိစ္စကတော့ အရမ်းကိုအသေးစိတ်ဖြစ်တယ်။ တစ်နှစ်ကျော်ကြာ ကျွန်မတို့ EAOs ဖက်က ပြင်ဆင်ထားတဲ့အတိုင်းကို အစိုးရဖက်ကိုပြောတယ်။ အစိုးရဖက်နဲ့ ကျွန်မတို့နဲ့ ညှိနှိုင်းထားတဲ့ ကဏ္ဍတွေက အစိုးရအဆိုပြုချက် EAOs ဆိုပြုချက်ဆိုတွေက တင်းနေသေးတယ်။

၂၀၂၀ အလွန် ဒီမိုကရေစီနဲ့ ဖက်ဒရယ်တည်ဆောက်ဖို့ကိစ္စကို အဆင့်သုံးဆင့်နဲ့ စဉ်းစားထားတယ်။ အဲဒါကတော့ ဒီမိုကရေဒီနဲ့ ပြည်ထောင်စုကို အခြေခံတဲ့ အခြေခံမူများတည်ဆောက်ရေး၊ ပြည်ထောင်စုဖော်ဆောင်ရေး၊ ပြည်ထောင်စုခိုင်မှာရေး ဒီလို AEOs ဖက်ကစဉ်းစားချက်ကို အစိုးရနဲ့ပြန်ညှိတဲ့အခါမှာ ဇယားနှစ်မှာပါတဲ့ အချက်တွေကို ကျွန်မတို့ရခဲ့တယ်။ အဆင့်သုံးဆင့်မှာ AEOs နဲ့အစိုးရနဲ့ နိုင်ငံရေးညှိနှိုင်းမှုတွေ လုပ်ရမှာဖြစ်တယ်။ နောက်ပြီးတော့ နည်းပညာအရ စိစစ်မှုတွေလုပ်ရမယ်။ နေက်တစ်ချက်က အကောင်အထည်ဖော်မှု အဆင့်အဆင့်တွေ ရှိပါသေးတယ်။ ဒီလိုမျိုးနဲ့ ကျွန်မတို့က ရေရှည်သွားဖို့ လိုအပ်သေးတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ခရီးကရှည်အုံးမယ်။

ဗီဒီယိုများ