ရခိုင်အမျိုးသားပါတီ (ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း

“ရခိုင်အကြောင်းကို မသိတဲ့လူတွေ လာပြီးတော့ အစိုးရလုပ်လို့မရဘူး။ တကယ့်တကယ် ရခိုင်မှာမွေးပြီးတော့ ရခိုင်နဲ့ ရင်ဘတ်ချင်းနီးစပ်နေတဲ့ လူတွေက စီမံခန့်ခွဲနိုင်တဲ့ အာဏာရမှပဲ ဖြစ်ပါလိမ့်မယ်”

By မင်းထွန်း 11 Jan 2021

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်များအရ နောက်ထပ် ငါးနှစ်သက်တမ်း အစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့် ရမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အတွင်းရေးမှူး (၃) ဒေါက်တာ အောင်မိုးညို အပါအဝင် ထိပ်တန်းတာဝန်ရှိသူသုံးဦးသည် တိုင်းရင်းသားပါတီများထံ သွားရောက်တွေ့ဆုံခြင်းများ ဆောင်ရွက်နေပြီ ဖြစ်သည်။

သို့သော် ရခိုင်ပြည်နယ်တွင် မဲအများဆုံး အနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ဆွေးနွေး ရန်အတွက် NLD ပါတီမှ လက်ရှိအချိန်ထိ တရားဝင်ကမ်းလှမ်းခြင်း မရှိသေးကြောင်း ANP ဗဟိုတာဝန်ရှိသူများ က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ရခိုင်ပြည်နယ်တွင် အများဆုံးအနိုင်ရသည့် ANP ပါတီကို အာဏာရ NLD အနေဖြင့် ပြည်နယ်အစိုးရဖွဲ့ခွင့် မပေးခဲ့သည့်အတွက်  ANP ပါတီသည် အတိုက်အခံအဖြစ် ရပ်တည်ခဲ့သည်။

လက်ရှိတွင်လည်း ANP ပါတီအနေဖြင့် ပြည်နယ်အစိုးရဖွဲ့ခွင့်မရလျှင် အတိုက်အခံပါတီအဖြစ် ဆက်လက်ရပ်တည်သွားမှာလား၊ ပြည်နယ်အစိုးရဖွဲ့နိုင်ခဲ့လျှင် ရခိုင်ပြည်နယ်အတွက် ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ အစရှိသည်များကို (ANP) မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကို DMG အကြီးတန်းသတင်းထောက် မင်းထွန်းက မေးမြန်းထားသည်။

မေး။ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေက ANP ကိုပြည်နယ်အစိုးရဖွဲ့ဖို့ တောင်းဆိုနေကြတယ်၊ ပါတီအနေနဲ့ ကော အစိုးရဖွဲ့ဖို့ မျှော်လင့်ချက်တွေရှိလား။

ဖြေ။ ကျနော်တို့ နိုင်ငံရေးပါတီ တည်ထောင်တယ်ဆိုကတည်းက အစိုးရဖွဲ့ချင်တာပဲ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ ဘယ်နေရာမှာမှ အစိုးရဖွဲ့ချင်တာမဟုတ်ဘူး။ မန္တလေးမှာ အစိုးရဖွဲ့ချင်တာ မဟုတ်ဘူး၊ ရန်ကုန်တိုင်းမှာ လုပ်ချင်တာမဟုတ်ဘူး။ ကျနော်တို့ရဲ့ ဘိုးဘွားမိဘတွေ အမွေပေးထားခဲ့တဲ့ ဒီရခိုင်ပြည်နယ်မှာ အစိုးရဖြစ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မွေးရာဇာတိ၊ ကိုယ့်တိုင်းရင်းသားတွေ ကိုယ့်လူမျိုးပေါင်းစုံနေထိုင်တဲ့ ကိုယ့်ရခိုင်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရခိုင်ပြည်သားတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကျနော်တို့ပါတီက တာဝန်ယူပြီးတော့ ကိုယ့်လက်နဲ့ကိုယ် အလှဆင်ပေးချင်တဲ့ နိုင်ငံရေးစေတနာ အပြည့်ရှိတယ်။ အဲဒါက ကျနော်တို့ ရည်မှန်းချက်ပဲ။

မေး။ ANP ပါတီအနေနဲ့ ပြည်နယ်အစိုးရဖွဲ့ခွင့်မရရင် ၂၀၁၅ တုန်းကလို အတိုက်အခံအဖြစ်နဲ့ ရပ်တည်သွားမှာ လား။

ဖြေ။ ကျနော်တို့က နိုင်ငံရေးပါတီအတွေ့အကြုံလည်းမရှိဘူး။ မဲနိုင်ထားတဲ့ အတွေ့အကြုံလည်းမရှိဘူး။ ဒါပေမယ့် အဲဒီတုန်းက တစ်ပြည်လုံးအနိုင်ရတဲ့ ပြည်ခိုင်ဖြိုးပါတီက ကျနော်တို့ကို လက်ကမ်းပြီးတော့ ဘယ်လိုလုပ်ကြမလဲဆိုတာကို တာဝန်ရှိတဲ့သူတွေ နေပြည်တော်မှာ ကျနော်တို့နဲ့ခေါ်ပြီးဆွေးနွေးတယ်။ ဒါပေမယ့် ပြည်နယ်အစိုးရဖွဲ့တဲ့အခါမှာတော့ ဝန်ကြီးချုပ်ဦးလှမောင်တင်ကနေ ပါတီနဲ့မဆွေးနွေးဘဲနဲ့ သူ့စိတ်ကြိုက် ဝန်ကြီးသုံးပါးခန့်လိုက်တယ်။ အဲဒါကြောင့် လွဲမှားတဲ့ပုံစံတွေ ကျနော်တို့ဖြစ်သွားတယ်။ ဒီအတွေ့အကြုံအရ ၂၀၁၅ မှာကျတော့ အများဆုံးအနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရဖွဲ့ချင်တယ်၊ ဖွဲ့ခွင့်ပေးပါလို့ တရားဝင် ၁ / ၂၀၁၆ ကြေငြာချက်နဲ့ တောင်းခဲ့တယ်။ ဒါပေမယ့် တကယ့်တကယ် လွှတ်တော်ထဲမှာ ၂၀၁၂ က ရခိုင်တိုင်းရင်းသားပါတီအနေနဲ့ လက်တွဲပြီးတော့မှ ဖွဲ့စည်းပုံ ပြောင်းလဲဖို့အတွက် လက်တွဲညီညီဆောင်ရွက်ခဲ့တဲ့ အဲဒီတုန်းက ကျနော်တို့ကို ညီကိုမောင်နှမပါလို့ခေါ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာတဲ့အခါ ကျနော်တို့ကို ရခိုင်ပြည်နယ်ရဲ့ အကျိုးအတွက် အများဆုံးအနိုင်ရတဲ့ ကျနော်တို့ပါတီကို ဖွဲ့စည်းခွင့်မပေးခဲ့ဘူး။ အဲဒါကြောင့် အစိုးရမဖွဲ့ရရင်တော့ ကျနော်တို့ ကိုယ့်လူမျိုးရဲ့သိက္ခာ၊ ကိုယ့်ပါတီရဲ့ သိက္ခာအတွက် အတိုက်အခံပဲနေမယ်၊ ဟိုလူကို ဖက်ပြီး စည်းရုံးတာ၊ ဒီလူကိုဖက်ပြီး စည်းရုံးတာတွေ မလုပ်ပါနဲ့လို့ ကျနော်တို့က ၁ / ၂၀၁၆ နဲ့ သဘောထား ကြေငြာ ချက်ထုတ်ပြီးတော့ တောင်းဆိုခဲ့တယ်။ ကျနော်တို့ကို အစိုးရဖွဲ့ခွင့် မပေးဘူး၊ ကျနော်တို့ အတိုက်အခံနေခဲ့တယ်။

အဲဒီတော့ ဘာဖြစ်လဲဆိုတော့ အမှန်တိုင်း ကျနော်တို့ပြောတာ။ ကိုယ့်ပြည်နယ်ရဲ့ ဖွံံ့ဖြိုးတိုးတက်ရေးအတွက် မလုပ်နိုင်ခဲ့ဘူး။ ကျနော်တို့မှာ ဘာလုပ်ပိုင်ခွင့်မှမရတဲ့အတွက် ၂၀၁၅ နဲ့ ၂၀၂၀ မှာဖြတ်သန်းရတဲ့ နိုင်ငံရေးအတွေ့အကြုံ ကိုယ့်ပြည်နယ်ရဲ့ အခက်အခဲ အားလုံးသိပါတယ်။ ကျနော်တို့မှာ ဆုံးရှုံးမှုတွေအများကြီးရှိတယ်၊ ရပ်ရွာတွေမီးရှို့ဖျက်ဆီးခံရတယ်၊ လူ့အသက်တွေ အများကြီး သေရတယ်၊ အပြစ်မဲ့တဲ့ ကျောင်းဆရာ/မတွေ ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ ဒီလိုပက်ပက်စက်စက် သေနေတာကိုလည်း ရခိုင်အမျိုးသားပါတီအနေနဲ့ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။

အဲဒါကြောင့် ဒီတစ်ခေါက်တော့ ရခိုင်အမျိုးသားပါတီအနေနဲ့ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးတော့ အများပြည်သူရဲ့ အကျိုးအတွက် ကျနော်တို့ ငါတကောကောလုပ်နေလို့မရတော့ဘူး။ တကယ်လို့များ ကျနော်တို့မှာ အများဆုံးအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နိုင်ငံရေးအရေ ကျနော်တို့ကို သဟဇာတကျအောင် သဘော တူညီချက်တွေနဲ့ ကျနော်တို့နဲ့ တွဲပြီးတော့လုပ်မယ်လို့ အခြေအနေတွေ ပေးလာမယ်ဆိုလို့ရှိရင် ကျနော်တို့ အမြင့်ဆုံးရည်မှန်းထားတာ ကိုယ့်ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်အစိုးရဖွဲ့ပြီးတော့မှ တပြည်လုံးရဲ့ ငြိမ်းချမ်းရေး၊ ကိုယ့်ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု၊ဖွံ့ဖြိုးမှုတွေအတွက် ကျနော်တို့မှာ လုပ်နိုင်ကိုင်နိုင်တဲ့ ကျနော်တို့ပါတီက ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဘေးကဝန်းရံ အကြံပေးမယ့်သူတွေလည်း အများကြီးရှိတာပဲ။ ကျနော်တို့ ကိုယ့်ဟာကိုယ် လုံးဝခိုင်ခိုင်မာမာယုံကြည်တယ်။

အဲဒါကြောင့် ကျနော်တို့အစိုးရဖြစ်ချင်တယ်၊ ဒါ နိုင်ငံရေးပဲ။ နောက်တစ်ခုက လွှတ်တော်၊ ကျနော်တို့ ရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့ပြီးနောက် လွှတ်တော်နဲ့အစိုးရညီညွတ်မှုရှိနေရင် ၂၀၁၅ နဲ့ ၂၀၂၀မှာ ကြုံတွေ့ခဲ့ရတဲ့ လွှတ်တော်နဲ့ အစိုးရရဲ့ မညီမျှမှုတွေ ကန့်လန့်တိုက်မှုတွေ မဖြစ်ရဘူးဗျာ၊ ညီညီညွတ်ညွတ်နဲ့ အကောင်အထည် ဖော်နိုင်မယ်လို့ ရာနှုန်းပြည့် နိုင်ငံရေး ယုံကြည်ချက်အပြည့်ရှိပါတယ်။

မေး။ ဖွဲ့စည်းပုံအရတော့ ဗဟိုချုပ်ကိုင်မှုများတယ်လို့ ပြောကြတယ်ပေါ့၊ ဆိုတော့ ANP ပါတီက ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်ရရင် ဘာတွေများလုပ်ပေးနိုင်မလဲ။

ဖြေ။ ရှင်းရှင်းလေးပါ။ သဘောတစ်ခုက  ဇယား(၂)တို့၊(၃) တို့ ဖွဲ့စည်းပုံမှာပါထားတဲ့ကိစ္စတွေက ဒါဖွဲ့စည်းပုံ ပြောင်းလဲစရာမလိုဘဲနဲ့ ကျနော်တို့လုပ်ပိုင်ခွင့်တွေရှိတယ်။ နောက် ကိုယ့်ဒေသဖွံ့ဖြိုးမှုအတွက် ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပေးတာတွေ အများကြီးရှိတယ်။ အဓိက ကျနော်တို့ အစိုးရဖြစ်မယ်ဆိုလို့ရှိရင် ကျနော်တို့နေ့စဉ်နဲ့အမျှ လူသားအရင်းမြစ်တွေ ဆုံးရှုံးနေရတယ်။ အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်က ဘာလဲဆိုတော့ ရခိုင်ပြည်နယ်မှာလွတ်လပ်ရေးရပြီးကတည်းက အနှစ် ၇၀ အတွင်းမှာ စက်ရုံတစ်ရုံ၊ အလုပ်ရုံတစ်ရုံနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ဖို့အတွက် ခေတ်အဆက်ဆက် အစိုးရတွေက ပစ်ပယ်ထားတဲ့ဒဏ်ကို အလူးအလဲခံရတာပဲ။

အဲဒါကြောင့်လည်း မလိုလားအပ်တဲ့လူငယ်တွေရဲ့ ပေါက်ကွဲမှုတွေ လက်နက်ကိုင်တော်လှန်ရေးမှတစ်ပါး တခြားမရှိဘူးဆိုတဲ့ ခံစားချက်တွေ ဒီနေ့ လူငယ်တစ်ရာ ရာနှုန်းမှာ အဲလိုစိတ်တွေဖြစ်သွားပြီ။ ဒါဟာ နိုင်ငံရေးမပါးနပ်မှုကြောင့်၊ နိုင်ငံရေးအမြင်မကျယ်မှုကြောင့် မလိုလားအပ်တဲ့ ရခိုင်ပြည်နယ်မှာ အင်မတန်ရင်ကွဲစရာကောင်းတဲ့ ဝမ်းနည်းစရာကောင်းတဲ့ အခုပဲ ဟိုဟာ တောထဲမှာ ထင်းခုတ်ဖို့သွားတဲ့ ရခိုင်သူမိုင်းထိပြီးတော့ ခြေလက်ဖြတ်ရတယ်၊ မျက်လုံးတစ်ဖက် ဖောက်ထုတ်လိုက်ရတယ်။ ဒီကလေးမရဲ့ ဘဝ ဘာအဓိပ္ပါယ်ရှိသွားမလဲ၊ ဒီလို ရင်ကွဲပက်လက်အဖြစ်အပျက် တွေကို ကျနော်တို့ ကယ်တင်ချင်တယ်၊ အဖတ်ဆယ်ချင်တယ်။ ကျနော်တို့ မြှင့်တင်ချင်တယ်၊ ငြိမ်းချမ်းအောင် ကျနော်တို့ တည်ဆောက်ချင်တယ်။

အဲဒါတွေကို ရခိုင်အကြောင်းကို မသိတဲ့လူတွေ လာပြီးတော့ အစိုးရလုပ်လို့မရဘူး။ တကယ့်တကယ် ရခိုင်မှာမွေးပြီးတော့ ရခိုင်နဲ့ ရင်ဘတ်ချင်းနီးစပ်နေတဲ့ လူတွေက စီမံခန့်ခွဲနိုင်တဲ့အာဏာရမှပဲ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် အစိုးရတွေကိုလည်း ကျနော်တို့မေတ္တာ ရပ်ခံချင်တယ်၊ အခု အစိုးရဖွဲ့မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း မေတ္တာရပ်ခံချင်တယ်၊ ဒါတွေကို ထောက်ဆ၊ ညှာတာပြီးတော့ တကယ့်ညီအစ်အကိုစိတ်ဓာတ် တိုင်းရင်းသားညီ်အစ်ကို စိတ်ဓာတ်အပြည့် ထားပြီးတော့ လက်တွဲပြီး ဆောင်ရွက်ကြစေချင်ပါတယ်လို့ မေတ္တာရပ်ခံချင်ပါတယ်။

ဗီဒီယိုများ