ရခိုင်ပြည်နယ်တောင်သူလယ်သမားဥက္ကဌ ဦးကျော်ဇံနှင့် ဆက်သွယ်မေးမြန်းချက်

ဒီနှစ်မိုးရာသီမှာ ရခိုင်ပြည်နယ်က တောင်သူတွေအနေနဲ့ မိုးစပါးစိုက်ပျိုးနိုင်ဖို့ ဘာအခက်အခဲတွေ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသလဲဆိုတာကို တောင်သူလယ်သမားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။

29 May 2021

ဒီနှစ်မိုးရာသီမှာ ရခိုင်ပြည်နယ်က တောင်သူတွေအနေနဲ့ မိုးစပါးစိုက်ပျိုးနိုင်ဖို့ ဘာအခက်အခဲတွေ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသလဲဆိုတာကို တောင်သူလယ်သမားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။

DMG ၊ မေ ၂၉

■ ဦးကျော်ဇံ - ဥက္ကဌ၊ ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂ

အခုနှစ်မိုးရာသီမှာ လယ်သမားတွေအတွက်တော့ စိုက်ပျိုးရေးအသုံးစရိတ်၊ စိုက်ပျိုးရေးချေးငွေတွေ မရဘူးဆိုတော့ စိုက်ပျိုးရေးအတွက် ရင်နှီးမြှုပ်နှံမှုအပိုင်းကတော့ အဓိကအခက်ခဲဖြစ်တယ်။ နောက်ပြီးတော့ စိုက်ပျိုးရေးသွင်းကုန်အပိုင်းတွေမှာလည်း အခက်ခဲတွေရှိနိုင်တယ်။ အဲဒီလိုအခက်ခဲတွေကြောင့် မျိုးစေ့တွေ၊ မြေသြဇာတွေအပါအဝင် စိုက်ပျိုးရေးအတွက် နောက် လိုအပ်တဲ့အရာတွေက အခက်ခဲတွေရှိနိုင်တယ်။ မြေသြဇာတွေက ရောက်တော့ရောက်နိုင်တယ်၊ သို့သော် ကုန်ကျမှုများပြီးတော့ စရိတ်ပိုများနိုင်တဲ့အတွက် ရင်နှီးမြှုပ်နှံမှုအပိုင်းမှာ အခက်ခဲတွေရှိလာနိုင်တယ်။ အရင်နှစ်တွေနဲ့ ကွာခြားမှုမှာတော့ အပိုင်း (၂) ပိုင်းရှိတယ်။ အရင်နှစ်တွေကဆိုရင် စိုက်ပျိုးရေးချေးငွေတွေရှိရင်လည်း ဒေသမှာ စစ်ရေးပဋိပက္ခအခြေနေတွေကြောင့် မစိုက်ပျိုးနိုင်ခဲ့တဲ့အပိုင်းပေါ့။ ဒီနှစ်မှာတော့ စစ်ရေးပဋိပက္ခမရှိဘူးဆိုရင်လည်း အရင်နှစ်တွေကချေးထားတဲ့ စိုက်ပျိုးရေးချေးငွေတွေကို မဆပ်နိုင်တဲ့အတွက် ရင်နှီးမြှုပ်နှံမှုအပိုင်းမှာ အခက်ခဲတွေရှိတယ်။

■ ဦးခိုင်ကောင်စံ - အမှုဆောင်ဒါရိုက်တာ၊ ဝံလက်ဖောင်ဒေးရှင်း
အခုနှစ်မှာ မိုးစပါးစိုက်ပျိုးဖို့အတွက် လယ်သမားတွေဆိုရင် စိုက်ပျိုးရေးချေးငွေတွေ ချေးဖို့အတွက် အခက်ခဲရှိ နိုင်တယ်။ နောက်ပြီးတော့ သူတို့က အကျပ်တည်းတွေကြုံနိုင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အရင်တုန်းကလို ငွေကြေးလည်ပတ်မှုတွေက လွယ်လွယ်ကူကူမရှိတော့ အခက်ခဲတွေရှိနိုင်တယ်။ ဥပမာ- သူတို့မှာ မျိုးစပါးအတွက် သော်လည်းကောင်း၊ မြေဆီ၊ မြေသြဇာအတွက် သော်လည်းကောင်း အခက်ခဲရှိနိုင်တယ်။ နောက်ပြီးတော့ အလုပ်သမားငှားရမ်းခတွေက အခက်ခဲရှိနိုင်တယ်။ အခုနှစ်မှာတော့ စစ်ရေးပဋိပက္ခမရှိတဲ့အတွက် လယ်ဧကအားဖြင့်တော့ အရင်နှစ်တွေတုန်းကထက် ထွန်ယက်နိုင်မယ်၊ ဒါပေမဲ့ ရင်နှီးမြှုပ်နှံမှုကမရှိတော့ အခက်ခဲရှိတယ်လို့တော့ သုံးသပ်မိပါတယ်။

■ ဦစိုးနိုင် - လယ်သမား၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာ

အခုနှစ်မှာ ကျနော်တို့လယ်သမားတွေအတွက် အဓိကအခက်ခဲ စိန်ခေါ်မှုတွေကတော့ လက်ရှိအခြေနေအရ ဓာတ်မြေသြဇာအပိုင်းတွေက အခက်ခဲရှိနေတယ်။ ဘာဖြစ်လိုလဲဆိုတော့ ဓာတ်မြေသြဇာတွေက တအားဈေးတက်နေပြီး ရှားပါးနေတဲ့အတွက် လယ်သမားတွေအတွက် အဓိကအရေးကြီးနေတယ်။ ချေးငွေတွေလည်းမရတော့ လယ်သမားတွေအတွက် အရင်းအနှီးကတော့ အကျပ်တည်းတွေဖြစ်နိုင်တယ်။ ချေးငွေတွေမရတဲ့အတွက် ငွေတိုးချေးပြီးယူရင် လယ်သမားတွေအတွက် အခက်ခဲတွေရှိလာနိုင်တယ်။ မျိုးစေ့ကတော့ရှိနေပေမယ့် လယ်ယာထွန်းယက်မှုအပိုင်းတွေမှာ အခက်ခဲတွေရှိလာနိုင်တယ်။ ဘာဖြစ်လိုလဲဆိုတော့ တချို့ကတော့ ကိုယ်ပိုင် စက်တွေရှိပေမယ့် တချို့က အငှားစက်တွေနဲ့ထွန်ရတဲ့အခါ ဈေးနှုန်းတွေကမြင့်လာတယ်၊ ချေးငွေတွေလည်း မရဘူးဆိုတော့ လယ်သမားတွေအများကြီး အခက်ခဲရှိနိုင်တယ်။ နောက်တစ်ခု ကျနော်တို့ လယ်သမားတွေ အစိုးရကိုတောင်းဆိုချင်တာက အတတ်နိုင်ဆုံး ချေးငွေတွေကို တစ်နှစ်လောက်ဆိုင်းငံ့စေချင်တယ်။ အရင်ကချေးထားတဲ့ ငွေလက်ကျန်တွေကို အတိုးလောက်ကို လက်ခံပြီးတော့ အရင်းလောက်ကိုပဲထားပေးစေချင်တယ်။

■ ဦးမောင်ထွေးချေ - လယ်သမား၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာ

ကျနော်တို့ လယ်သမားတွေအတွက်တော့ အခက်ခဲအများကြီးရှိတာပေါ့။ ကျနော်တို့က အခုလက်ရှိမှာ တင်းမကျေးရွာကိုလည်း မသွားနိုင်သေးဘူး။ အိမ်ကိုပြန်လို့ရရင် ကျနော်တို့ စပါးစိုက်ပျိုးဖို့အတွက် အရင်းနှီးတွေလိုတယ်။ ကျနော်တို့မှာ ပိုင်ဆိုင်တာတွေက ရွာမှာကျန်ခဲ့တာဆိုတော့ မိုးစပါးစိုက်ဖို့အတွက် အဓိကမျိုးစပါးတွေလည်းမရှိဘူး၊ နောက်ပြီးတော့ နွားတွေကိုလည်း ရှိသေးလား မရှိတော့ဘူးလား မသိတော့ဘူး။ ဒီအတိုင်းဆိုရင် နွားတွေကလည်း ဆုံးရှုံးသွားပြီ။ ကျနော်တို့ မိုးစပါးစိုက်ဖို့အတွက် အခက်ခဲတွေ အများကြီးရှိနိုင်တယ်။

■ ဦးခင်မောင်ကြီး - ဥက္ကဌ၊ ရခိုင်ဦးဆောင်အများနှင့်သက်ဆိုင်သောကုမ္ပဏီ (REIC)

လယ်သမားတွေ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့ အဓိက သွင်းအားစုဖြစ်တဲ့ ဓာတ်မြေသြတွေ၊ ပိုးသတ်ဆေးတွေ အဓိကလိုအပ်တယ်။ နောက်ပြီးတော့ ထွန်းယက်ဖို့အတွက် ကျွဲ၊ နွား၊ လယ်ထွန်းစက်တွေက အများကြီးအခက် ခဲတွေရှိနိုင်တယ်။ အခုဆိုရင် ဓာတ်မြေသြဇာတွေက တအားဈေးတက်နေတယ်။ နောက်ပြီးတော့ စစ်ရေးပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေမှာ စစ်ကျန်လက်နက်တွေရှိကောင်းရှိနိုင်တဲ့အတွက် လယ်သမားတွေ အခက်ခဲတွေရှိနိုင်တယ်။ ပြီးတော့ ငွေရေး၊ ကြေးရေးအခက်ခဲတွေလည်း အများကြီးရှိနိုင်တယ်။ အဲဒီလို အခက်ခဲတွေရှိနေတဲ့အတွက် ဒီနှစ်မိုးရာသီမှာ လယ်သမားတွေ မိုးစပါးစိုက်ပျိုးဖို့အတွက် အခက်ခဲတွေရှိနိုင်တယ်။ နောက်တစ်ခုက အစိုးရချေးငွေတွေလည်း လယ်သမားအများစုက မရနိုင်တဲ့အတွက် အခုနှစ်မိုးရာသီစပါးစိုက်ဖို့အတွက် အခက်ခဲကြုံနိုင်တယ်။ အစိုးရချေးငွေတွေကို အားကိုးနေလို့မရတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ကိုယ့်မြို့နယ်ကိုယ်စီ လယ်သမားတွေ စပါးစိုက်ပျိုးနိုင်ဖို့အတွက် အကူညီပေးသင့်တယ်လို မြင်ပါတယ်။

ဗီဒီယိုများ