“အခုက ရှုံးထွက်တိုက်ပွဲဖြစ်တယ်၊ ဘယ်သူကနိုင်ပြီး ဘယ်သူကရှုံးမလဲ။ ပြတ်ပြတ်သားသား တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မယ်”

"အရပ်သားကားတွေမှာ စစ်သားတွေ တက်ပြီးလိုက်ကြတာတွေရှိတယ်။ ရိက္ခာတွေကို အရပ်သား ခရီးသည်တင်ကားတွေနဲ့ မလိမ့်တပတ်နဲ့ အဲလိုပို့လိုက်တာတွေရှိတယ်။ အဲဒီလို တွေ့မြင်ရတာပေါ့။ အဲလိုဖြစ်ရင်တော့ တစ်ဖက်ကလည်း စစ်ဆေးလောက်တယ်။"

15 Sep 2022

DMG ၊ စက်တင်ဘာ ၁၅

(အင်တာဗျူး)

ရခိုင်ပြည်တွင် စစ်ကောင်စီသည် အရပ်ဘက်သုံးယာဉ်များကို အသုံးပြုကာ စစ်အင်အားဖြည့်တင်းနေသည့်အတွက် ကုန်းလမ်း၊ရေလမ်း သွားလာသည့်ယာဉ်များအားလုံးကို စစ်ရေးအခြေအနေလိုအပ်ချက်အရ ရပ်တန့်ခိုင်း၍ စစ်ဆေးမှုများပြုလုပ်သွားမည်ဟု  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က စက်တင်ဘာလ ၁၄ ရက်နေ့တွင် အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်အနှံ့ ၎င်းတို့၏တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယမ်းများကို စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ်အပြင် အရပ်ဖက်သုံး ခရီးသည်တင် လေယာဉ်၊ ကား၊ မော်တော်ဘုတ်၊ အမြန်ရေယာဉ်များဖြင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများကိုအသုံးပြုပြီး အင်အားဖြည့်တင်းနေခြင်းကို ယခုရက်သတ္တပတ်အတွင်း ဆက်တိုက်ပြုလုပ်နေသည်ကို တွေ့ရှိရသည်ဟု ULA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုအခြေအနေများအပါအဝင် လက်ရှိရခိုင်ပြည်၏ စစ်ရေး၊နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး ဝါရင့်ရခိုင်နိုင်ငံရေး သမားတစ်ဦးဖြစ်သည့် ဦးဖေသန်းနှင့် DMG တို့ ဆက်သွယ်မေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။

DMG - ရက္ခိုင့်တပ်တော်(AA)ရဲ့ အရေးပေါ်ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဘယ်လိုမြင်မိပါလဲ။

UPT - ကြေညာချက်ရဲ့အဓိကအချက်ကတော့ အရပ်သားခရီးတင်ယာဉ်တွေကို စစ်ကောင်စီဘက်က သူတို့ တပ်ဖွဲ့တွေ အပြောင်းအရွှေ့လုပ်တာတို့၊ ရိက္ခာပို့တာတို့၊ စက်လက်နက်ပစ္စည်းတွေ ပို့တာတို့ကို အသုံးချနေတယ်ပေါ့။ အဲဒါကြောင့် ဒီလိုအသုံးချတဲ့အခါမှာ ဒီလမ်းခရီးမှာ သူတို့က စစ်ဆေးဖို့၊ စစ်ဆေးခံဖို့ တစ်ချက်ပါတယ်။ နောက်တစ်ချက်က ခရီးသည်ယာဉ်တွေပဲဖြစ်ဖြစ်၊ သွားမယ်ဆိုရင် ဒီသက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေ၊ နိုင်ငံရေးရုံးတွေမှာ အကြောင်းကြားပြီးမှ သွားလာကြဖို့ပေါ့။ အဲလိုမဟုတ်ရင် သူတို့ဘက်က စစ်ဆေးမှုတွေ၊ အရေးယူမှုတွေဖြစ်လာမယ်ဆိုတာ အရေးပေါ်ကြေညာချက်က အဲဒီလိုဖြစ်တယ်။

ဒါက စစ်ကောင်စီအနေနဲ့ တပ်တွေပြောင်းရွှေ့တဲ့အခါမှာ ခရီးသည်ယာဉ်တွေကို မသုံးဖို့လိုတယ်။ အဲလိုသုံးမယ်ဆိုရင် ယာဉ်ပိုင်ရှင်တွေအတွက်လည်း အနှောင့်အယှက်ဖြစ်တယ်။ စစ်ဆေးခံရတဲ့ ခရီးသည်တွေလည်း အချိန်ကြန့်ကြာမှုဖြစ်တယ်။ အဓိကတော့ စစ်တပ်အနေနဲ့ စစ်သားတွေကို ပြောင်းတဲ့အခါပဲဖြစ်ဖြစ်၊ ရိက္ခာလက်နက်တွေကို ပြောင်းတဲ့အခါပဲဖြစ်ဖြစ် အရပ်သားယာဉ်တွေကို မသုံးဖို့။ အဲဒါကို သူတို့ဘက်က စစ်ရေးအရ ဟန့်တားလောက်တယ်ပေါ့။ ဟန့်တားနိုင်တဲ့ အခြေအနေလည်းရှိတယ်။ ဒါကို ကြေညာချက်ထုတ်ပြီးပြောတာဟာ သဘဝကျတယ်။ လူထုကိုလည်း အသိပေး တိုက်တွန်းတာဖြစ်တယ်။ ဒီအပေါ်မှာ သူတို့ဆက်ပြီးတော့ လုပ်ဆောင်သွားမယ်ဆိုတဲ့ကိစ္စတွေကို ကြိုပြီးတော့ အသိပေးထားတာလို့မြင်တယ်။

DMG - ရခိုင်ပြည်မှာ မြန်မာစစ်တပ်က စစ်အင်အားတိုးချဲ့တာတွေ၊ လက်နက်ခဲယမ်း ဖြည့်တင်းတာတွေကို ဘယ်လိုမြင်တွေ့ရပါသလဲ။

UPT - မြေပြင်မှာတော့ စစ်ကောင်စီက ရိက္ခာပစ္စည်းတွေသယ်တဲ့အခါ၊ စစ်လက်နက်ပစ္စည်းတွေ သယ်တဲ့အခါမှာ အများအားဖြင့် စစ်ယာဉ်တွေကိုမသုံးတော့ဘူးပေါ့။ ရေကြောင်းကတော့ စစ်ရေယာဉ်တွေကို သုံးတာတွေ့တယ်။ ဒါပေမယ့် ကုန်းကြောင်းမှာဆိုရင် ကားတွေကို သိပ်မသုံးတော့ဘူး။ ကားတွေက ခဏခဏ မိုင်းဆွဲခံရတာတွေရှိတယ်။ ဖြတ်တိုက်ခံရတာတွေ ရှိတယ်တဲ့အတွက် စစ်ကားတွေကို မသုံးတော့ဘူး။

အဲဒီမှာ အရပ်သားကားတွေမှာ စစ်သားတွေ တက်ပြီးလိုက်ကြတာတွေရှိတယ်။ ရိက္ခာတွေကို အရပ်သား ခရီးသည်တင်ကားတွေနဲ့ မလိမ့်တပတ်နဲ့ အဲလိုပို့လိုက်တာတွေရှိတယ်။ အဲဒီလို တွေ့မြင်ရတာပေါ့။ အဲလိုဖြစ်ရင်တော့ တစ်ဖက်ကလည်း စစ်ဆေးလောက်တယ်။ သူတို့(စစ်ကောင်စီ)အနေနဲ့လည်း အရပ်သားခရီးသည်တင်ယာဉ်တွေကို မသုံးသင့်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ခရီးသည်တင်ယာဉ်ပိုင်ရှင်တွေအနေနဲ့လည်း  စစ်တပ်ကိုကြောက်လို့ မလွဲသာမရှောင်သာလို့ တင်ယူခဲ့ရတယ်။

တစ်ဖက်ကလည်း စစ်ဆေးတယ်။ အဲဒီလို စစ်ဆေးမှုတွေကြောင့် ခရီးသည်တွေ အချိန် နှောင့်နှေးမှုတွေ ဖြစ်လာတယ်။ ပြောရရင်တော့ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ တပ်ပိုင်ယာဉ်တွေ၊ စစ်ယာဉ်တွေကိုအသုံးပြုပြီးတော့ စစ်ဆင်ရေးကိုလုပ်သင့်တယ်။ ခရီးသည်တင်ကားတွေ၊ ယာဉ်တွေကို ပေါ်တာဆွဲပြီးတော့ လုပ်တာကတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ ပြောချင်တယ်။

DMG - မြန်မာစစ်တပ်က စစ်အင်အား၊ လက်နက်အင်အားတွေကို ဘယ်နေရာတွေမှာ အဓိကတိုးချဲ့နေတာလို့ ခန့်မှန်းရပါလဲ။

UPT - အဓိကတော့ ရခိုင်ပြည်မှာ ULA/AA နဲ့ စစ်ကောင်စီကြားမှာ တိုက်ပွဲတွေ ရပ်တန့်ထားတာကနေပြီးတော့ အခုဖြစ်လာတာ မကြာသေးဘူးပေါ့။ အဲလိုတိုက်ပွဲတွေ အထူးသဖြင့် ပလက်ဝနဲ့ မောင်တောနယ်မှာ နယ်ခြားစောင့်စခန်းတွေ အတိုက်ခံရတယ်။ ပြီးတော့ ရိက္ခာဖြတ်တောက်တယ်။ စစ်လက်နက်ပစ္စည်းတွေ ဖြတ်တောက်ထားတာတွေလည်းရှိတယ်။ ဒါကြောင့် သူတို့အနေနဲ့ တချို့စခန်းတွေက အတိုက်ခံရတယ်။ တချို့စခန်းတွေလည်း စစ်ကောင်စီအနေနဲ့ သူ့ဟာသူ ရုတ်သိမ်းသွားတာလည်းရှိတယ်။ တစ်နည်းအားဖြင့် ဒီနယ်ခြားဒေသကို သူတို့အနေနဲ့ ထိန်းနိုင်ဖို့ အခက်အခဲရှိလာတယ်။ ဒါကြောင့် အခုလောလောဆယ်မှာ စစ်လေယာဉ်တွေနဲ့ နယ်ခြားဒေသကို၊ ULA/AA စခန်းတွေရှိမယ့်နေရာတွေကို အပြင်းအထန် ဗုံးကြဲနေတာတွေရှိတယ်။ အဲဒီနယ်ခြားဒေသကို ပိုပြီးတော့ ပိုင်ပိုင်နိုင်နိုင်ထိန်းနိုင်ဖို့ သူတို့စစ်အင်အားတွေ တိုးချဲ့လာနေတာတွေရှိတယ်။ အဲဒီလိုမြင်နေရတယ်။

DMG - စစ်ကောင်စီနဲ့ AA တို့ စစ်ရေးအခြေအနေကို လက်ရှိမြေပြင်အနေအထားမှာ ဘယ်လိုတွေ့ရပါလဲ။

UPT - သူတို့ရဲ့ နားလည်မှုနဲ့တည်ဆောက်ထားတဲ့ အပစ်ခတ်ရပ်စဲရေးကတော့ ပျက်သွားပြီပေါ့။ ဒါပေမယ့် ရခိုင်တစ်ပြည်နယ်လုံးမှာ တိုက်ပွဲတွေဖြစ်တာတော့ မဟုတ်ဘူးပေါ့။ အပြင်းအထန်ဖြစ်တာက ပလက်ဝနဲ့ မောင်တောနယ်စပ်တွေပေါ့။ နယ်စပ်ကနေပြီး စဖြစ်တာပေါ့။ အဲဒီမှာလည်း မြေပြင်သတင်းတွေအရပဲဖြစ်ဖြစ်၊ မီဒီယာသတင်းတွေအရပဲဖြစ်ဖြစ် စစ်ကောင်စီတပ်ဟာ ရှုံးနေတယ်။ စခန်းတွေ အသိမ်းခံရတယ်။ သူ့ဟာသူ အလိုလိုရုတ်သိမ်းသွားတယ်ဆိုတဲ့ သူ့ရဲ့အားနည်းချက်က စစ်ကောင်စီဘက်မှာ ဖြစ်နေတာပေါ့။

တစ်ဖက်မှာ ULA/AA တပ်ဖွဲ့တွေကကျတော့ စခန်းတစ်ခုပြီးတစ်ခု သိမ်းလာနိုင်တယ်ပေါ့။ သူတို့အနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ရိက္ခာတွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ လူတွေကို သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ထားတယ်ဆိုတော့ မြေပြင်မှာတော့ စစ်ကောင်စီဘက်က အားနည်းချက်တွေအများကြီးရှိတယ်။ နိုင်ငံတကာမှာလည်း အရေးနိမ်နေတဲ့အချိန်၊ ဗမာတစ်ပြည်လုံးမှာလည်း EAOs အဖွဲ့တွေ၊ PDF တွေနဲ့ရော တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲဖြစ်နေတဲ့အချိန်ဖြစ်တယ်။

ရခိုင်မှာလည်း ပြင်းပြင်းထန်ထန်နဲ့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်လာတာပေါ့။ ဒါကြောင့် ရခိုင်ပြည်ကတော့ သူတို့အနေနဲ့ လုံးဝလက်လွှတ်ခံလို့မရတဲ့ အခြေအနေမျိုး သူတို့(စစ်ကောင်စီ)ဘက်က သဘောထားရှိတယ်။ ဘာလို့ဆိုတော့ ပြည်မမှာဖြစ်နေတဲ့ ကိစ္စတွေက သီးခြားခွဲထွက်သွားနိုင်တဲ့ အခြေအနေမျိုးမရှိဘူးပေါ့။ သူတို့ ထိန်းနိုင်တယ်ပေါ့။ ရခိုင်ပြည်အခြေအနေကတော့ သူတို့ထိန်းနိုင်ဖို့မလွယ်ဘူး။ ဒါကြောင့်သူတို့ဟာ ပိုမိုအင်အားတိုးချဲ့ပြီးတော့ ရခိုင်ပြည်စစ်ရေးအခြေအနေကို ထိန်းလာတာလို့မြင်တယ်။

DMG - ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုဆက်ဖြစ်လာမယ်လို့ သုံးသပ်လဲ။

UPT - ဒါကတော့ လက်ရှိမြင်နေရတာက အရင်နဲ့တော့မတူဘူးပေါ့။ ရခိုင်ပြည်မှာ အရင်က အင်အားကြီးတဲ့ ဗမာစစ်တပ်ကို တော်လှန်မယ့်အဖွဲ့အစည်းတွေ မရှိခဲ့ဘူးပေါ့။ အခုအခြေအနေမှာ ULA/AA ကတော့ ရခိုင်ပြည်သူတွေက အပြတ်အသတ်ထောက်ခံတဲ့ အဖွဲ့အစည်းလည်းဖြစ်တယ်။ ရခိုင်ပြည်ရဲ့ နေရာအများစုကိုလည်း ထိန်းထားနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ အဲဒီအခြေအနေမျိုးက မြင်နေရတာပေါ့။ တကယ်လို့ နိုင်ငံရေးအရ ဆွေးနွေးမှုမဖြစ်ရင်တော့ တိုက်ပွဲတွေက အပြတ်အသတ်တိုက်ခိုက်တဲ့ တိုက်ပွဲတွေဖြစ်လာမယ်။ ULA/AA ကလည်း လွတ်မြောက်နယ်မြေကို တည်ဆောက်ချင်တဲ့ သဘောရှိတယ်။ အဲဒါကြောင့် ဒီအခြေအနေကို နိုင်ငံရေးအရ ဆက်ပြီးမဆွေးနွေးဘူးဆိုရင် တိုက်ပွဲတွေ ပိုပြင်းထန်လာပြီးတော့ ရခိုင်ပြည်မှာ ဘယ်လိုအခြေအနေမျိုးဖြစ်လာမလဲပေါ့။ အခုက ရှုံးထွက်တိုက်ပွဲဖြစ်တယ်။ ဘယ်သူကနိုင်ပြီး ဘယ်သူကရှုံးမလဲ။ ပြတ်ပြတ်သားသား တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့ ယူဆတယ်။

DMG - ဘယ်လိုအခြေအနေမျိုးမှာ ရခိုင်က တိုက်ပွဲတွေ အဆုံးသတ်နိုင်မယ်လို့မြင်ပါလဲ။

UPT - ULA/AA ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ကွန်ဖက်ဒရိတ်ပေါ့။ ဒါကို ဟိုဖက်(စစ်ကောင်စီ)က ခွင့်ပြုနိုင်မလား။ ခွင့်မပြုနိုင်ဘူးဆိုရင်တော့ ဒါက ဆွေးနွေးပွဲမဖြစ်တော့ဘူး။ စစ်ရေးနဲ့ ဖြေရှင်းရတော့မှာပေါ့။ နိုင်ငံရေးနဲ့ မဖြေရှင်းနိုင်ရင်တော့ စစ်ရေးနဲ့ဖြေရှင်းရမှာပေါ့။ အဲဒါကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။

DMG - အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ