(၁၃)နှစ်ပြည့် ရက္ခိုင့်တပ်တော်နေ့တွင် ရခိုင်ပြည်သူတို့၏ ဆုမွန်စကား

ရက္ခိုင့်တပ်တော်(AA)ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် လူငယ် ၂၆ ဦးခန့်နှင့် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာတွင်စတင်တည်ထောင်ခဲ့ပြီး ယခုအခါ (၁၃) နှစ်ရှိခဲ့ပြီဖြစ်သည်။ ရခိုင်ပြည်သို့ ထိုးဖောက်ဝင်ရောက်လာသော AA သည် မြန်မာစစ်တပ်နှင့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်၍ ၂ နှစ်ခန့်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

10 Apr 2022

DMG ၊ ဧပြီ ၁၀

(Vox Pop)

ရက္ခိုင့်တပ်တော်(AA)ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် လူငယ် ၂၆ ဦးခန့်နှင့် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာတွင်စတင်တည်ထောင်ခဲ့ပြီး ယခုအခါ (၁၃) နှစ်ရှိခဲ့ပြီဖြစ်သည်။ ရခိုင်ပြည်သို့ ထိုးဖောက်ဝင်ရောက်လာသော AA သည် မြန်မာစစ်တပ်နှင့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်၍ ၂ နှစ်ခန့်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ထားသည်မှာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီလည်းဖြစ်သည်။ ထိုသို့ တိုက်ပွဲငြိမ်သက်နေသည့်ကာလတွင် ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို AA က တည်ဆောက်လျက်ရှိနေသည်။
ယနေ့ကျရောက်သည့် (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားတွင် ရခိုင်ပြည်သူတို့၏ ဆုမွန်စကားသံများကို DMG က စုစည်းဖော်ပြလိုက်ပါသည်။

စောစံငြိမ်းသူ ၊ ဥက္ကဋ္ဌ (ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့)

ကျွန်မအနေနဲ့ (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်မွေးနေ့မှာ ရက္ခိုင့်တပ်တော်(AA)အနေနဲ့ ရခိုင်အမျိုးသားရေး ကဏ္ဍနဲ့ ရခိုင်ပြည်သူတစ်ရပ်လုံးအကျိုးစီးပွားကိုရှေးရှူးပြီးတော့ လုပ်နေတဲ့အဖွဲ့အစည်းလို့ယုံကြည်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်  ဦးတည်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရခိုင်ပြည်သူတစ်ရပ်လုံးအနေနဲ့လည်း အားကိုးအားထားရတဲ့ အဖွဲ့အစည်းတစ်ခုလို ကျွန်မအနေနဲ့မြင်တွေ့နေရတယ်။ အဲဒါကြောင့် ရက္ခိုင့်တပ်တော် (၁၃)နှစ်မြောက်မွေးနေ့မှာ ရခိုင်ပြည်သူ တစ်ယောက်အနေနဲ့ အဓိကဆန္ဒပြုချင်တာကတော့ AA အနေနဲ့ ဒီနေ့ကစပြီးတော့ ရခိုင်ပြည်သူအကျိုးအတွက် ရှေးရှူးလုပ်ဆောင်တဲ့နေရာမှာ ဒီထက်မက ငြိမ်းချမ်းတည်ငြိမ်ပြီးတော့ ရခိုင်ပြည်ရဲ့လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပိုပြီးတော့လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းဆန္ဒပြုပါတယ်။

ဒေါ်ညိုအေး၊ ဥက္ကဋ္ဌ (ရခိုင်အမျိုးသမီးကွန်ရက်)

ဒီနေ့ဟာ ရက္ခိုင့်တပ်တော်(AA)ရဲ့ (၁၃)နှစ်မြောက်မွေးနေ့ဖြစ်တယ်။ ရခိုင်ပြည်သူတစ်ယောက်အနေနဲ့ ရက္ခိုင့်တပ်တော် ဒီထက်မကဖွံ့ဖြိုးတိုးတက်ပြီးတော့ ရခိုင်တစ်မျိုးသားလုံးကိုယ်စားပြုထားတဲ့ တပ်တော်အနေနဲ့ ရှေ့ဆက်ပြီးတော့ အများကြီးလုပ်ဆောင်နိုင်ပါစေ၊ စစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ အများကြီးရရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခအလွန်ကာလတွေမှာ ပြည်သူတွေ ဒုက္ခရောက်နေတဲ့အခါ အများကြီးစိတ်ဝင်စားနေကို တွေ့ရတယ်။ အဲဒါကြောင့် ရက္ခိုင့်တပ်တော်အနေနဲ့ ဒီထက်မက ရခိုင်ပြည်အကျိုးကို ပိုပြီးတော့သယ်ပိုးဆောင်ရွက်နိုင်ပါစေ။ ဒီထက်မက ရခိုင်ကိုယ်စားပြုတဲ့ တပ်တော်ကြီးတစ်ရပ်အနေနဲ့ ရှေ့ဆက်ပြီးတော့ အများကြီးလုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကိုဇော်ဝင်း (ကျောက်တော်မြို့နယ် ဒေသခံ)

ခရီးနှင်းလာတာ အခုဆိုရင် (၁၃)နှစ်ကိုရောက်လာပါပြီ။ AA မတိုင်ခင်ကလည်း ဘိုးဘေးတွေကြိုးစားရုန်းကန်ခဲ့ ကြတာလည်း အသိအမှတ်ပြုပါတယ်။ သို့သော် အားလုံးထက်ပိုပြီး အသိအမှတ်ပြုသင့်တာက လက်ရှိ‌ခေါင်းဆောင်ကြီးတွေ ဦးဆောင်နေတဲ ရက္ခိုင့်တပ်တော်က ပြိုင်စံရှားအဆင့်အထိ ရှိနေတဲ့အခါ အတိုင်းမသိဝမ်းသာပါတယ်။ ဒီနေရာမှာ စစ်ရေး၊ နိုင်ငံရေးနဲ့ပတ်သတ်ပြီးတော့ အကြုံပြု ထောက်ပြချတွေကတော့ တစ်စုံတစ်ယောက်သောသူကလည်း လုပ်ဖို့လိုအပ်မယ်လို့မထင်။ ဘာလို့လည်းဆိုရင် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ဆက်ဆံရေးနဲ့ပတ်သတ်ရင် ရက္ခိုင့်တပ်တော်က သူမတူအောင် ထူးချွန်ပြောင်မြောက်တယ်လို့မြင်တယ်။ အရမ်းကိုတော်ကြတဲ့ခေါင်းဆောင်တွေက အဲလိုဟာတွေကို လုပ်နိုင်တယ်လို့ပြောတာပါ။
တစ်စုံတစ်ယောက်သောသူက လက်ခံသည်ပဲဖြစ်ဖြစ်၊ လက်မခံသည်ပဲဖြစ်ဖြစ်၊ ရခိုင်မှာ ရခိုင့်အစိုးရရှိနေတာကတော့ ဘယ်သူမှလည်း ငြင်းလို့မရတော့ပါဘူး။ ပြည်သူတစ်ရပ်လုံးကို စီမံအုပ်ချုပ်အစိုးရလုပ်လာတဲ့အခါ အစိုးရကောင်းတစ်ရပ်ဖြစ်ဖို့အတွက်ကိုပဲ ဝိုင်းဝန်းပြီးကြိုးစားကြရမှာပဲ ဖြစ်တယ်။ ပြည်သူတွေအတွက်ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တဲ့အဖွဲ့တစ်ခုအနေနဲ့ ပြည်သူတွေအတွက်ပဲ တစ်စိုက်မတ်မတ်ဖြစ်လာဖို့ ဝိုင်းဝန်းကြိုးစားကြရမယ်။ တပ်တော်မှာ ဝာာဝန်ထမ်းဆောင်နေကြတဲ့ လူတွေအနေနဲ့လည်း အဲဒါတွေကို တစ်စိုက်မတ်မတ်လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

ကိုဘက္ကာ (ရသေတောင်မြို့နယ် ဒေသခံ)

ရခိုင်မျိုးနွယ်စုတစ်ခုလုံးနဲ့ သက်ဆိုင်တယ်လို့ပြောရမှာပဲ။ ဘာလို့ဆို ကျွန်တော်တို့ ရက္ခိုင့်တပ်တော်က ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အစပျိုးလာတာဟာ အခုဆိုရင် (၁၃)နှစ်တိုင်တိုင်ကို ရောက်လာပြီဖြစ်ပါတယ်။ ကြိုးစားမှုတွေလည်းအောင်မြင်လာတယ်။ ရိုးသားကြတယ်။ စွန့်လည်းစွန့်စားကြတယ်။ (၁၃)နှစ်မြောက် ရောက်ရှိလာတဲ့ ရက္ခိုင့်တပ်တော်မွေးနေ့ပွဲအတွက် ကျွန်တော်နဲ့ထပ်တူ တခြားရခိုင်ပြည်မှာရှိတဲ့ ရခိုင်သူရခိုင်သား၊ တခြားမျိုးနွယ်စုဝင်တွေအားလုံး လိုက်လိုက်လဲလဲကြိုဆိုကြတယ်။ ဝမ်းသာကြတယ်။ နောက်ထပ်လည်းပဲ ဒီထက်မကအများကြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ တခြားမျိုးနွယ်စု၊ တခြားလူမျိုးတွေ၊ ကမ္ဘာကြီးအတွက်လည်း အများကြီးအကျိုးဆောင်နိုင်တဲ့ တပ်တော်ကြီးတစ်ရပ်ဖြစ်ပါစေလို့ ကျွန်တော်ကိုယ်တိုင်လည်း ဆုမွန်ကောင်းတောင်းပေးပါတယ်။
တပ်တော်ထဲမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ညီအစ်ကို၊ ညီမ၊ အစ်မအရွယ်တွေက ကျွန်တော်တို့ထက် အသက်တွေ၊ ဘဝတွေ၊ စွန့်လွှတ်အနစ်နာခံပြီး အစာငတ်၊ အစားငတ်၊ ရေငတ် အနစ်နာခံပြီးကြိုးစားကြတဲ့ သူတို့ကို အများကြီးလေးစားပါတယ်။ ဒီထက်မက ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံကိုရအောင် ဇွဲလုံ့လမလျော့ပဲ ဥပမာဆိုရင် သူတို့ရဲ့အဓိဌာန်အတိုင်း လုံးဝလက်မမြောက်၊ ဒူးမထောက်ပဲနဲ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုး လွတ်မြောက်အောင်အထိ တိုက်ပွဲဝင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဇော်ဇော်ထွန်း ၊ အတွင်းရေးမှူး ၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)

ရက္ခိုင့်တပ်တော်ကိုတည်ထောင်တဲ့ (၁၃)နှစ်ပြည့်မွေးနေ့မှာ အချိန်တိုတိုအတွင်း အလွန်တရာမှအံဩဖွယ် ကောင်းလောက်အောင်အထိ စွမ်းဆောင်နိုင်တာကိုလည်းတွေ့ရလို့ ရခိုင်သားတစ်ယောက်အနေနဲ့ အများကြီး ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ လိုရာခရီးပန်းတိုင်ကိုရောက်ဖို့အတွက်တော့ ဆက်လက်ပြီး ရုန်းကန်ကြိုးစားရမှာတွေတော့ ရှိပါတယ်။ ရက္ခိုင့်တပ်တော်ကို ရခိုင်ပြည်သူပြည်သားအပေါင်းကလည်း ရခိုင်ရဲ့တစ်ခုတည်းသော မျှော်လင့်ရဆုံး၊ အားကိုးအသင့်ဆုံးဆိုတဲ့ အင်အားစုတစ်ခုလိုမှတ်ပြီး ယုံကြည်မျှော်လင့်နေကြပါတယ်။ လောလောဆယ်မှာတော့ တော်လှန်ရေးလမ်းခုလတ်ကိုရောက်နေပြီး ရခိုင်ပြည်သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်စွက်ပေးနိုင်ဖို့အတွက် အစိုးရတစ်ရပ်လို ကြိုးစားရုန်းကန် နေကြတာတွေကိုလည်း အလွန်တရာမှ လေးစားရပါတယ်။

ပြည်သူတွေမှာလည်း မျှော်လင့်ချက်ကြီးမား၊ တပ်တော်ကို အားကိုးမှုများတာနဲ့အတူတူ တစ်ချို့တော်လှန်ရေးကာလမှာ အုပ်ချုပ်ရေးပီပြင်အောင်လုပ်နေရတဲ့ကာလမှာ အောက်ခြေမှာ လိုအပ်ချက်လေးတွေကတော့ ရှိစမြဲပါလေ။ အဲဒါတွေကိုလည်း တစ်ဖက်က ပြည်သူပြည်သားတွေကိုလည်း တပ်တော်ဘက်ကနေပြီး ပြည်သူပြည်သားတွေရဲ့ခံစားချက်တွေကို နားလည်သဘောပေါက်ပြီး ဒီလောက်ထိအောင် ကြိုးစားရုန်းကန်လာရပြီးမှ ဆက်လက်ပြီး ပြည်သူအုပ်ချုပ်ရေးတွေမှာ သိမ်မွေ့တဲ့ ဆက်ဆံရေးတွေ၊ ပြည်သူကို အလေးအမြတ်ထားတဲ့ စိတ်ဓာတ်လေးတွေ၊ ပြည်သူရဲ့ အကျိုးနဲ့ပတ်သက်ပြီး ပိုလို့အနစ်နာခံတဲ့ စိတ်ဓာတ်လေးတွေကို ကြံ့ကြံ့ခိုင်ပြီး ရှေ့ဆက်လုပ်ဆောင်သွားမှာတွေကိုလည်း ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ပြောချင်ပါတယ်။ ပြည်သူတွေဘက်ကလည်း တပ်တော်ဟာ မယုံနိုင်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ ဘဝတွေ၊ အသက်တွေကိုပေးပြီး ရုန်းကန်ကြိုးစားနေကြတယ်။ လိုအပ်ချက်တွေရှိရင်လည်း ပြည်သူတွေဘက်ကလည်း ဝိုင်းဝန်းကူညီဖေးမရင်း တပ်နဲ့ပြည်သူနဲ့လက်တွဲပြီး အမျိုးသားရည်မှန်းချက်တွေကို မကြာသောကာလအတွင်းမှာ တော်လှန်ရေးကြီး အောင်မြင်ပြီးစီးပါစေလို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။

ဗီဒီယိုများ