ရခိုင်စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှု ဘာကြောင့် နည်းပါးလာရတာလဲ

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်ဦးရေလည်း (၁)သိန်းကျော်အထိရှိလာသည်။ သို့သော် စစ်ဘေးရှောင်များကို အရပ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ ကူညီထောက်ပံ့မှုနည်းပါးလာသောကြောင့် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှု မည်သည့်အတွက် နည်းပါးလာရသည်ကို လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများကို DMG က ဆက်သွယ်မေးမြန်းထားသည်။

By ဝင်းညွန့် 30 Jan 2020

“တစ်ခုခုကို လှူဖို့သွားမယ်ဆိုရင် အစိုးရဆီမှာ ခွင့်ပြုချက်တင်ရတယ်။ အစိုးရက လုံခြုံရေးအရသွားခွင့်မပေးလို့ အခုလို အလှူရှင်တွေနည်းလာတာဖြစ်တယ်”

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်ဦးရေလည်း (၁)သိန်းကျော်အထိရှိလာသည်။ သို့သော် စစ်ဘေးရှောင်များကို အရပ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ ကူညီထောက်ပံ့မှုနည်းပါးလာသောကြောင့် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှု မည်သည့်အတွက် နည်းပါးလာရသည်ကို လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများကို DMG က ဆက်သွယ်မေးမြန်းထားသည်။

ဝင်းညွန့် စုစည်းတင်ပြသည်။

ကိုဇော်ဇော်ထွန်း(အတွင်းရေးမှူး)
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)

ကူညီသူတွေ နည်းလာတာကတော့ အရပ်ဖက်အဖွဲ့အစည်းတွေဆိုရင်လည်း ကြာလာသည်နဲ့အမျှ သူတို့မှာလည်း ငွေရေး၊ ကြေးရေးတွေ အားနည်းလာတယ်။ နောက်တစ်ခုက စစ်ပွဲကပိုပြီးကျယ်ပြန့်လာတဲ့အတွက် ဖမ်းဆီးမှုတွေများလာတဲ့အတွက်ကြောင့် လုံခြုံရေးအရ မသွားရဲကြတော့ဘူး။ ဟိုတလောကကလည်း စာတစ်စောင်ထုတ်တယ်။ အဲဒီစာမှာ နိုင်ငံတကာဝန်ထမ်းအပြင်၊ ဒေသခံဝန်ထမ်းတွေလည်း မသွားရဘူးလို့ ထုတ်တဲ့အခါနေပြီးတော့ အဲဒီအကျိုးဆက်ကြောင့် ဒေသခံအဖွဲ့အစည်းတွေကိုလည်း သက်ရောက်တယ်။

ဦးခိုင်ကောင်းစံ(အမှုဆောင်ဒါရိုက်တာ)
ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်ပြည်)

အခုက စစ်ဘေးရှောင်တွေကို လှူဒါန်းနေတဲ့ အလှူရှင်တွေနည်းလာတယ်။ စစ်ဘေးရှောင်တွေလည်း အခုဆိုရင် ၁ သိန်းကျော်အထိရှိလာတယ်။ တိုက်ပွဲကလည်း ရေရှည်ဖြစ်လာတယ်။ တချို့နေရာတွေရင် လှူဒါန်းမူတွေ မရှိတော့ဘူး။ အစိုးရက ဆန်ပေးတာထက် ငွေကြေးပံ့ပိုးပေးရင် ပိုကောင်းမယ်လု့ိထင်တယ်။ အဓိကတော့ စိုးရိမ်မူတွေရှိတယ်။ လှူဒါန်းမယ်ဆိုရင်လည်း အစိုးရဆီကို ခွင့်ပြုစာတင်ရတယ်။ ကန့်သတ်ချက်တွေရှိတယ်။ သွားတဲ့သူတွေကိုလည်း အစိုးရက စစ်ဆေးမှုတွေရှိတယ်။ အဓိကတော့ အဲဒါကို နိုင်ငံအဖွဲ့အစည်းတွေက ကူညီဖို့လိုတယ်။ အစိုးရကိုယ်တိုင်ကလည်း ကူညီဖို့လိုတယ်လို့မြင်တယ်။

ကိုအောင်ကျော်(ပြန်ကြားရေးတာဝန်ခံ)
ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်း

အလှူရှင်တွေနည်းလာရတာကတော့ ဒုက္ခသည်တွေလည်းများလာတယ်။ နောက်ပြီးတော့ ဒီစစ်နဲ့ပတ်သက်ပြီးတော့ စီးပွားရေးအဆင်မပြေမူတွေဖြစ်လာတယ်။ နယ်ကလူတွေဆိုရင် လုံးဝအလုပ်လုပ်လို့ မရနိုင်ဘူး ဖြစ်လာတယ်။ ငွေကြေးကျပ်လာတဲ့အတွက် မြို့ပေါ်မှာ ရောင်းချနေတဲ့သူတွေလည်း စီးပွားရေးတွေ အရင်လိုမကောင်းဘူးဖြစ်လာတယ်။ စီးပွားရေးတွေကျပ်လာတော့ အရင်လိုစီးပွားရေးရှင်တွေလည်း မလှူနိုင်ဖြစ်လာတယ်လို့ မြင်တယ်။

မြတန်ဆောင်းဆရာတော်
မြန်တန်ဆောင်းစစ်ဘေးရှောင်ကူညီရေးဖောင်ဒေးရှင်း

အလှူရှင်တွေနည်းလာတာကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသအတွင်းက အဖွဲ့အစည်းတွေကို အစိုးရဖက်က လုံခြုံရေးတွေကို တင်းကျပ်ထားပြီးတော့ အလှူရှင်တွေကို ပိတ်ပင်ထားတဲ့အတွက် အလှူရှင်တွေနည်းလာရခြင်း ဖြစ်တယ်။ တစ်ခုခုကို လှူဖို့သွားမယ်ဆိုရင် အစိုးရဆီမှာ ခွင့်ပြုချက်တင်ရတယ်။ အစိုးရက လုံခြုံရေးအရ သွားခွင့်မပေးလို့ အခုလို အလှူရှင်တွေနည်းလာခြင်းဖြစ်တယ်။ ဘယ်အရာပဲလှူလှူ လုံခြုံရေးက သူတို့အတွက် အခက်အခဲတွေဖြစ်လာတယ်။ ဒေသတွင်းက ပရဟိတ အဖွဲ့အစည်းတွေက နဂိုကတည်းက ငွေရှိလို့ လှူကြတာ မဟုတ်ဘူးလေ။ ပြည်သူ့တွေဆီက အလှူခံပြီးမှ လှူရတာလေ။ အခုက ပရဟိတအတွက် အလှူခံရင်လည်း ဖမ်းတယ်။ အချုပ်ချတယ်၊ တရားစွဲတယ်။ အဲဒီလိုပုံစံမျိုးတွေဖြစ်လာတယ်။ နောက်ပြီးတော့ ကယ်ဆယ်ရေးပေးဖို့သွားရင် ဂိတ်တွေက သွားခွင့်မပေးဘူး။ အဲဒါကြောင့် အလှူရှင်တွေ ကူညီမူအားနည်းလာတယ်လု့ိ မြင်တယ်။

ဒေါ်ခင်စောဝေ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အဓိကတော့ အခုလိုစစ်ဘေးရှောင်တွေကို ကူညီရမှာက အစိုးရမှာ တာဝန်အရှိဆုံးဖြစ်တယ်။ အစိုးရက စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးနဲ့ လူမှုစရိတ်တွေကို တာဝန်ယူရမှာဖြစ်တယ်။ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရမှာ တာဝန်ရှိတယ်။ နောက်တက်လာမယ့်အစိုးရဆိုရင်လည်း အခုလို ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို သူတို့ရဲ့သားသမီးကဲ့သို့ စောင့်ရှောက်ရမှာက အစိုးရတာဝန်ဖြစ်တယ်။ အစိုးရအနေနဲ့ လုပ်ပေးသင့်သလောက် လုပ်ပေးရမယ်လို ကျမသုံးသပ်ပြောချင်တယ်။

ဗီဒီယိုများ