ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ရင် ဘယ်လိုသက်ရောက်မှုရှိလာနိုင်လဲ

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက စတင်ခဲ့သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲသည် လက်ရှိအချိန်ထိ ပြင်းထန်နေသောကြောင့် ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မည်လော ဆိုသည့် မေးခွန်းလည်းထွက်ပေါ်နေသည်။ တိုက်ပွဲများကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့လျှင်

By ခိုင်ရိုးလ 17 Jan 2020

“ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထက် ရခိုင်တိုင်းရင်းသားပါတီတွေက ပိုပြီးတော့ ထိခိုက်နစ်နာမှုရှိနိုင်ပါတယ်”

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက စတင်ခဲ့သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲသည် လက်ရှိအချိန်ထိ ပြင်းထန်နေသောကြောင့် ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်မည်လော ဆိုသည့် မေးခွန်းလည်းထွက်ပေါ်နေသည်။ တိုက်ပွဲများကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့လျှင် သက်ရောက်မှု မည်သို့ရှိလာနိုင်သည်ကို နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ တို့ကို DMG က ဆက်သွယ်မေးမြန်းထားသည်။

ခိုင်ရိုးလ စုစည်းတင်ပြသည်။

ဒေါက်တာမျိုးညွန့် (ပြောရေးဆိုခွင့်ရှိသူ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)

ရခိုင်ပြည်နယ်တစ်ခုလုံးကို ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကိုတော့ ကျနော်တို့မျှော်လင့်ထားပါတယ်။ မြို့နယ်အချို့မှာတော့ လုံခြုံရေးအကြောင်းအမျိုးမျိုးနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တာ ရှိကောင်းရှိနိုင်ပါတယ်။ အဲလို လုံခြုံရေးအရ ရွေးကောက်ပွဲမဖြစ်နိုင်တဲ့ နယ်မြေတွေမှာ ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အားကောင်းတဲ့နေရာတွေ ဖြစ်နေပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထက် ရခိုင်တိုင်းရင်းသားပါတီတွေက ပိုပြီးတော့ ထိခိုက်နစ်နာမှုရှိနိုင်ပါတယ်။ ကျနော်တို့ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒီရွေးကောက်ပွဲ မကျင်းပနိုင်ဆိုတာ မဖြစ်အောင်တော့ အစွမ်းကုန်ကြိုးစားမှာပါ။

ဦးမြသန်း (ဒု-ဥက္ကဋ္ဌ)
ရခိုင်ပြည်နယ်လွှတ်တော်

ရခိုင်ပြည်နယ်မှာ အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို ရွေးကောက်ပွဲ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုတော့ ကြိုပြီးပြောလို့ မရသေးဘူးပေါ့နော်။ ဒါပေမယ့် ရခိုင်ပြည်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘူးဆိုရင် ရခိုင်ပြည်နယ်လွှတ်တော်တို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ကို ဖွဲ့စည်းနိုင်ဖို့အတွက် အခက်အခဲတွေ တော်တော်ကြုံရလိမ့်မယ်။ အဲလိုသာဖြစ်သွားခဲ့ရင် ပြည်သူတွေရဲ့ သဘောထားတွေ၊ ပြည်သူတွေရဲ့ အသံတွေဟာ  လွှတ်တော်ထဲကို ရောက်လာမှာ မဟုတ်တော့ဘူး။ အဲဒီကတစ်ဆင့် လွှတ်တော်ကလည်း ပြည်သူတွေရဲ့ အသံတွေကို ပို့ပေးနိုင်မှာမဟုတ်တော့ဘူး။ လွှတ်တော်ကလည်း ပြည်သူတွေဆီကို ချပြနိုင်မှာ မဟုတ်တော့ဘူးပေါ့။ ဒီတော့ လွှတ်တော်အသံ၊ ပြည်သူ့အသံတွေကို မကြားရတော့ဘူးဆိုရင် ပြည်သူတွေလည်း တော်တော်နစ်နာသွားနိုင်တယ်။

ခိုင်သုခ (ပြောရေးဆိုခွင့်ရှိသူ)
ရက္ခိုင့်တပ်တော် (AA)

ရခိုင်တွေအတွက်ကတော့ အရင်လည်း ရွေးကောက်ပွဲတွေကို ဖြတ်ကျော်ခဲ့ကြပြီးပြီ။ ဒါပေမယ့်လည်း ရွေးကောက်ပွဲနိုင်လည်း ဘာမှမထူးဘူး။ ရွေးကောက်ပွဲရှိရင်လည်း ရခိုင်တွေအတွက် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် ခင်ဗျားတို့လည်းကြည့်ရင်တွေ့မှာပေါ့။  ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေ ဖြတ်ကျော်လာတယ်။ ရခိုင်တွေအတွက် ဘာမှ ထူးခြားမှုတွေ ဖြစ်လာတာမတွေ့ဘူး။ ရွေးကောက်ပွဲပြီးရင်လည်း ဒီအစိုးရတို့လက်ထက်မှာ ရခိုင်တွေအတွက် ဘာမှဖြစ်လာတာကို မတွေ့ဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာဆိုလို့ရှိရင် ရခိုင်တွေက အရင် စစ်အစိုးရ လက်ထက်မှာတုန်းကထက် ဆိုးဝါးတဲ့ အခြေနေနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့်မို့လို့ ရခိုင်မှာ ရွေးကောက်ပွဲမဖြစ်ရင်လည်း ဘာမှထူးခြားလာမှာ မဟုတ်ဘူး။ ဖြစ်လာရင်လည်း ဘာမှ မထူးခြားဘူးလို့ ကျနော်က သုံးသပ်တယ်။

ဦးထွန်းအောင်ကျော် (မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်)
ရခိုင်အမျိုးသားပါတီ (ANP)

အဓိကတော့ ပြည်သူလူထုအတွက် ကျနော်တို့မြန်မာနိုင်ငံမှာ ဒီမိုကရေစီခြေလှမ်းကို လှမ်းနေကြတဲ့ အချိန်ပေါ့။ ဒီ ၂၀၂၀ မှာ ပြည်သူတွေက ဒီမိုကရေစီအရ ပြည်သူတွေထဲကနေ ပြည်သူတွေအတွက် ပြည်သူ့ကိုယ်စားလှယ်တွေ၊ ပြည်သူတွေရဲ့အကျိုးကို ဆောင်ရွက်ဖို့အတွက် ရွေးချယ်ပြီး တင်မြှောက်ရမယ်။ အဲဒီကိုယ်စားလှယ်တွေကပဲ ပြည်သူလူထုရဲ့တွေ့ကြုံနေရတဲ့ အခက်ခဲတွေ၊ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ၊ ပြည်သူတွေရဲ့ သဘောထားတွေ နိုင်ငံရေးခြေလှမ်းဖြစ်တဲ့ လွှတ်တော်အသီးသီးက တင်ပြကြတယ်ပေါ့။

တကယ်လို့များ ရွေးကောက်ပွဲ ရခိုင်မှာ မကျင်းပနိုင်ခဲ့ဘူးဆိုရင်၊ ပြည်သူ့ကိုယ်စားလှယ်တွေ မတင်မြှောက်နိုင်တဲ့အတွက် ပြည်သူတွေမှာ မိမိတို့ရဲ့ လိုအင်ဆန္ဒတွေ ဖြစ်စေချင်တဲ့ သဘောထားတွေ၊ ရင်တွင်းဖြစ်ခံစားချက်တွေ ကိုယ်တို့ကိုယ်စား ပြောပြမယ့် ကိုယ်စားလှယ်တွေ မရှိတဲ့အတွက် အခက်အခဲတွေ အများကြီးဖြစ်ပေါ်လာနိုင်တယ်။ နောက်တစ်ခုက မိမိတို့ရဲ့ အခွင့်ရေးတွေ ဆုံးရှုံးသွားနိုင်တယ်။

ပြည်သူတွေမှာ ဖြစ်နေတဲ့ အခက်ခဲတွေကို နိုင်ငံသိ၊ ကမ္ဘာသိတင်ပြနိုင်တဲ့ အခွင့်ရေးတွေ အားလုံးဆုံးရှုံးသွားနိုင်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲကျင်းပတယ်ဆိုတာဟာ ဒီမိုကရေစီရဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်သလို မရှိမဖြစ်တဲ့အရာလည်းဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီအခွင့်ရေး နစ်နာသွားတဲ့ အခြေအနေတွေပေါ့။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီအရ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်နယ်လွှတ်တော်ဆိုတာရှိတယ်။ အဲဒီလွှတ်တော်ကနေ တင်မြှောက်တဲ့ ပြည်နယ်အစိုးရရှိတယ်။ အဲဒီက ပြည်သူ့ကိုယ်စားလှယ်ကို မတင်မြှောက်နိုင်ဘူးဆိုလို့ရှိရင် ဒီပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရရဲ့ အခန်းကဏ္ဍတွေ ဆုံးရှုံးသွားနိုင်တဲ့  အခြေနေတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကျနော်တို့မြင်ပါတယ်။ ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်တွေကို ဒီမိုကရေစီအရ မတင်မြှောက်နိုင်ဘူး ဆိုရင်တော့ ဗဟိုအုပ်ချုပ်မှုစနစ်တွေ မလွဲမသွေဖြစ်ပေါ်လာနိုင်တာပေါ့ဗျာ။

ဒေါက်တာနန္ဒာလှမြင့် (ပြောရေးဆိုခွင့်ရှိသူ)
ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)

ကျနော်ကတော့ မကျင်းပနိုင်ခဲ့ရင်ဆိုတာထက် ဖြစ်အောင်ကျင်းပရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံပြည်သူ၊ နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ အခွင့်ရေးမဆုံးရှုံးစေချင်ဘူးလေ။ သူတို့ပြည်နယ်အတွက် သူတို့နိုင်ငံအတွက် ရွေးချယ်ခွင့်ရအောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုတော့ တာဝန်ရှိပုဂ္ဂိုလ်တွေက ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမှာပေါ့။ အဲလိုမကျင်းပနိုင်ခဲ့ဘူးဆိုရင် နိုင်ငံသားတွေရဲ့ အခွင့်ရေးတွေဆုံးရှုံးမှာပေါ့။ နောက်ပြီးတော့ ဒေသခံပြည်သူလူထုရဲ့ သူတို့ ပြည်နယ်အတွက် လူတို့ကံကြမ္မာစီမံခွင့်ပါဆုံးရှုံးမယ်ဆိုတော့ မဖြစ်ဖြစ်အောင်လုပ်ပေးရမယ်လို့ ကျနော်တို့နားလည်ပါတယ်။  ဖြစ်နိုင်ရင် အကောင်းဆုံး အားလုံး ညှိနှိုင်း ကြိုးစားပေးရမယ့်တာဝန် အားလုံးမှာ ရှိတယ်လေ။

ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ရခိုင်ပြည်နယ်

ရွေးကောက်ပွဲဆိုတာကတော့ ပြည်သူတွေရဲ့ ဆန္ဒကိုထုတ်ဖော်တဲ့ ဒီမိုကရေစီကြင်အင် လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒီဟာကို ပြည်သူတွေက မဲပေးပြီးတော့ သူတို့ယုံကြည်အားထားတဲ့ ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့ အခြေနေတစ်ရပ်ပြီးရင် နိုင်ငံရေးဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်သင့်တယ်၊ ဖြစ်ထိုက်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီတစ်ကြိမ်ဆိုလို့ရှိရင် ရွေးကောက်ပွဲသုံးကြိမ်ဖြစ်သွားမှာပေါ့နော်။ ရွေးကောက်ပွဲဟာ ဘယ်လိုခေတ် ဘယ်လိုအခါပဲ ဖြစ်ပါစေ ပြည်သူတွေရဲ့ ဆန္ဒကိုထုတ်ဖော်တဲ့ ၅ နှစ်တစ်ကြိမ် အခြေနေတစ်ရပ်ကိုတော့ ပေးသင့်ပါတယ်။

ဒါမှသာလျှင် ကျမတို့ ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီ ထွန်းကားမယ်။ ဖက်ဒရယ်ကို ဦးတည်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမအနေနဲ့ ကတော့ ၂၀၂၀ မှာ ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်ထွန်းစေချင်တယ်။ တကယ်လို့ အခက်ခဲတွေရှိခဲ့ရင်လည်း ဒီအခက်ခဲတွေကို ယာယီအခြေနေမှာ ဖြေရှင်းနိုင်တဲ့ အခြေနေတစ်ခုကို ဖန်တီးသင့်တယ်။ ပြီးတော့မှ နောက်ထပ် အမျိုးသားရပိုင်ခွင့်တွေကို ကျမတို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့သာ ရွေးကောက်ပွဲမရှိခဲ့ရင်တော့ ကျမတို့ရဲ့ ကိုယ်စားလှယ်တွေ၊ ကိုယ်စားပြုမှုတွေမရှိခဲ့ဘူးဆိုရင် ရခိုင်ပြည်နယ်မှာ အသံက မီဒီယာအပေါ်မှာရော၊ ကမ္ဘာပေါ်မှာရော အားပျော့သွားနိုင်ပါတယ်။

ဒါကြောင့်မို့လို့ ပြည်သူကိုယ်စားပြုတဲ့ ပြောဆိုနိုင်တဲ့ နေရာတစ်ခုကတော့ ရှိသင့်ရှိထိုက်တယ်။ မရှိဘူးဆိုတော့ ကျမတို့ အခုဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှု ဆောင်ရွက်တဲ့မြို့တွေ၊ ရွာတွေမှာဆိုလို့ရှိရင် တကယ့်ကျမတို့ ပြည်သူလူထုဟာ အခွင့်ရေးပိုင်းဆိုင်ရာများစွာ ချိုးဖောက်မှုတွေများစွာ ဖြစ်ပေါ်နေတာတောင်မှ ပြောဆိုလို့မရပါဘူး။ တကယ်လို့ ဒီထက်ဆိုးလာနိုင်တဲ့ အခြေနေတွေ ဆိုလို့ရှိရင် အင်တာနက်လည်းဖြတ်တောက်ထားမယ်။ ကိုယ်စားလှယ်လည်း မရှိဘူး။ ရွေးကောက်ပွဲလည်း မရှိဘူးဆိုလို့ရှိရင် လက်ရှိထက်ဆိုးတဲ့ ကမ္ဘာကနေ ကျမတို့ကို ကြည့်နိုင်ဖို့ အခွင့်လမ်းမရှိတဲ့ အခြေနေတရပ် ဖြစ်သွားနိုင်ပါတယ်ရှင်။
ဒါကြောင့် ရွေးကောက်ပွဲဖြစ်ထွန်းရေးဟာ ပိုပြီးတော့ ရခိုင်ပြည်သူတွေကို အကျိုးဖြစ်ထွန်းမယ်လို့ ထင်မြင်တယ်။ ရွေးကောက်ပွဲမရှိဘူးဆိုလို့ရှိရင် ပြည်သူတွေရဲ့ နစ်နာမှုတွေ၊ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ တကယ့် ကမ္ဘာနဲ့ ဆက်သွယ်မယ့်လမ်းကြောင်းတစ်ခု ပျောက်သွားမယ်လို့ သုံးသပ်နိုင်ပါတယ်။

ဦးခိုင်ကောင်းစံ(ဦးဆောင်ကော်မတီဝင်)
ရခိုင်ပြည်နယ်ဆိုင်ရာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့တော့ မပြောနိုင်သေးဘူးပေါ့နော်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲ မကျင်းနိုင်ခဲ့ရင် ရခိုင်ပြည်သူတွေရဲ့ စကားတွေ၊ အကြောင်းရာတွေကို ပြောဆိုခွင့် လွှတ်တော်ဆိုတဲ့ နိုင်ငံရေးအခန်းကဏ္ဍက ပျောက်ကွယ်သွားမှာပေါ့နော်။ နောက်တစ်ခုက စစ်ဖြစ်နေတဲ့ဒေသမို့လို့  (ရခိုင်) မြောက်ပိုင်းမှာမကျင်းပဘူး။ တောင်ပိုင်းမှာပဲ ကျင်းပမယ်ဆိုရင်လည်း လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်မယ်။ ဒါ့အပြင် ရခိုင်တိုင်းရင်းသားတွေ ကြားထဲမှာ ပိုပြီးတော့မှ ပဋိက္ခဖြစ်စေမယ့်ဟာကို အသွင်ပြောင်းသွားမယ်။  အဲဒီတော့ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် အစိုးရရယ်၊ တပ်မတော်ရယ်၊ ရက္ခိုင့်တပ်တော်(AA)တို့ ပေါင်းပြီးတော့မှ ဆွေးနွေးလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

ဆက်စပ်ဖတ်ရှုန်ရန် - ရခိုင်တွင် ရွေးကောက်ပွဲကျင်းပရန် AA နှင့် ဆွေးနွေးသင့်သလား

ဗီဒီယိုများ