ရခိုင်ပြည်တပ်မတော် (Arakan Army) စစ်ဦးစီးချုပ်လည်းဖြစ်၊ ရခိုင်ပြည်အမျိုးသားကောင်းစီ (ANC )တွင် CEC နှင့် DPN အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးကြီး မင်းထွန်းနှင့် အင်တာဗျူး

ကျွန်တော်တို့ NCA လက်မှတ်ထိုးမယ်ဆိုတာက UNFC အနေနဲ့ တင်ပြထားတဲ့ အဆိုပြုချက် (၉) ချက်အပေါ်မှာ ဘယ်အတိုင်းအတာထိ သဘောတူညီမှုရနိုင်မယ်။ ရရှိထားတဲ့ သဘောတူညီချက်တွေကို လက်ရှိ NCA နဲ့ ဘယ်လို ချိတ်ဆက်ဖို့ နည်းနာရှာနိုင်မယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒီအဆင့်တွေကို အောင်အောင်မြင်မြင် မဖြတ်သန်းနိုင်သေးသရွေ့တော့ NCA ထိုးဖို့ အလှမ်းဝေးနေအုံးမှာဖြစ်ပါတယ်။

28 May 2017

(ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းနှင့် ရခိုင်အမျိုးသားပါတီမှ ဒုတိယအကြိမ် ဒေါ်အေးနုစိန်တို့အား ၂၁ ပင်လုံ ပထမအကြိမ်အစည်းအဝေးမှာ တွေ့ရစဉ်။ ဓါတ်ပုံ - ကောင်းကောင်း/DMG)

ဆက်သွယ်မေးမြန်းချက်များ      

မေး။ ။ NCA ကို လက်မှတ်ထိုးဖို့ အစီအစဉ်ရှိတယ်လို့ကြားသိရပါတယ်။ တစ်ဖက်မှာလည်း NCA ကို လက်မခံတဲ့ အဖွဲ့တွေရှိနေတော့ NCA လက်မှတ်ထိုးဖြစ်မယ်ဆိုရင် ဘာကြောင့် ထိုးမယ်ဆိုတာကို ပြောပြပေးစေချင်ပါတယ်။

·         ကျွန်တော်တို့ NCA လက်မှတ်ထိုးမယ်ဆိုတာက UNFC အနေနဲ့ တင်ပြထားတဲ့ အဆိုပြုချက် (၉) ချက်အပေါ်မှာ ဘယ်အတိုင်းအတာထိ သဘောတူညီမှုရနိုင်မယ်။ ရရှိထားတဲ့ သဘောတူညီချက်တွေကို လက်ရှိ NCA နဲ့ ဘယ်လို ချိတ်ဆက်ဖို့ နည်းနာရှာနိုင်မယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒီအဆင့်တွေကို အောင်အောင်မြင်မြင် မဖြတ်သန်းနိုင်သေးသရွေ့တော့ NCA ထိုးဖို့ အလှမ်းဝေးနေအုံးမှာဖြစ်ပါတယ်။

·         NCA ကို လက်မခံတဲ့ အဖွဲ့တွေရှိတယ်ဆိုတာနဲ့ပတ်သက်လို့ကတော့ ဘယ်အဖွဲ့က လက်မခံတာလဲ။ ဘာကြောင့် လက်မခံတာလဲ ဆိုတာကို ဆန်းစစ်ကြည့်ဖို့လိုပါလိမ့်မယ်။

·         ခု NCA လက်မှတ်မထိုးဘဲ ကျန်နေတဲ့အဖွဲ့တွေထဲမှာ ၀ နဲ့ မိုင်းလားကလွဲလို့ ကျန်အဖွဲ့တွေ အကုန်လုံးက NCA ကို ပြုစုရေးဆွဲကြတဲ့ အထဲပါတယ်။ “ဝ” နဲ့ မိုင်းလား (၂) ဖွဲ့ကပဲ NCA ဟာ သူတို့အတွက် မလိုအပ်ဘူးလို့ တိတိပပပြောတာရှိပါတယ်။  သူတို့ရဲ့ ဖြစ်တည်ပေါက်ဖွားလာပုံ၊ ပထဝီနိုင်ငံရေး အနေအထား၊ ဗမာ့တပ်မတော်နဲ့ သူတို့ကြားက ဆက်ဆံရေးက တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မတူပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့တော့ ဒီကိစ္စနဲ့ပတ်သက်လို့ အတွင်းကြောင်းနှိုက်ပြီး မီဒီယာပေါ်မှာ မဝေဖန်လိုပါဘူး။

·         တအောင်း၊ ရခိုင်၊ ကိုးကန့် အဖွဲ့တွေကတော့ အရပ်သားအစိုးရ ဒီမိုကရေစီအစိုးရပြောင်းလဲပြီးမှ ပေါ်ပေါက်လာတဲ့အဖွဲ့တွေဆိုပြီး မြန်မာ့တပ်မတော်ဖက်က ဖယ်ချန်ထားခြင်းခံနေရပါတယ်။ ဒါကြောင့်မို့လို့ “ဝ” နဲ့ မိုင်းလားက NCA မဟုတ်တဲ့ လမ်းကြောင်းသစ်ရှာမယ်ဆိုတဲ့ခါ လိုက်ပါသွားရတာဖြစ်ပါတယ်။

·         KIO နဲ့ SSPP ကျပြန်တော့လည်း .. NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့တောင်မှ တိုက်ပွဲဖြစ်နေတာ၊ အမျိုးသားအဆင့် ဆွေးနွေးခွင့်တွေ ကျင်းပခွင့်မရတာကြည့်ပြီးတော့ NCA ရေးထိုးလို့ နိုင်ငံရေးဆွေးနွေးအဆင်ပြေနိုင်မယ့် ဆိုတဲ့အပေါ်မှာ သံသယဝင်လာပုံရတယ်။ UNFC တင်ပြထားတဲ့ အဆိုပြုချက် (၉) အပေါ်မှာ အစိုးရနဲ့တပ်မတော်ဖက်က လိုက်လျောသဘောတူဖို့ ကြန့်ကြာနေတာ၊ မြေပြင်ထိုးစစ်တွေ မရပ်ဆိုင်းသေးတာ၊ ကျန်သုံးဖွဲ့နဲ့ ပဋိပက္ခမရပ်မဆိုင်းသေးရင် သူတို့နဲ့လည်း ပြန်ပြီးထိတွေ့မှုဖြစ်နိုင်တယ်ဆိုတဲ့ စဉ်းစားချက်တွေကြောင့် မြောက်ပိုင်း စုဖွဲ့မှုထဲပါသွားရတာ ဖြစ်ပါတယ်။ 

·         ခုနောက်ပိုင်းတော့ တရုတ်ရဲ့တိုက်တွန်းချက်နဲ့ သူတို့လည်း NCA ပြင်ဆင်တဲ့လမ်းကြောင်းက သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ ချဉ်းကပ်တဲ့ပုံစံနဲ့ သိပ်ပြီး ထူးခြားကွဲလွဲတာ မရှိလောက်ဘူးလို့ထင်ပါတယ်။

·         NCA ထိုးမယ်ဆိုတာက .. နိုင်ငံရေးဆိုတာ the Art of Possibilities ပါပဲ။ ဖြစ်တန်စွမ်းတွေနဲ့ပဲ ကစားလို့ရမယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက သွားမယ်ဆိုရင်တော့ ဒီအချိန် ဒီအခြေအနေမှာ ဒါကအကောင်းဆုံးလမ်းကြောင်း၊ လက်တွေ့အကျဆုံး လမ်းကြောင်းဖြစ်နေတယ်။ တပ်ဖက်က ဒီလမ်းကြောင်းကိုပဲဖွင့်ထားပေးတယ်။ ဒါကို လက်မခံနိုင်ဘူးဆိုရင် ထိပ်တိုက်တိုးတဲ့ လမ်းကြောင်းပဲရှိတယ်။

·         ကျွန်တော်တို့တိုင်းရင်းသားတွေဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မယ် ဆိုလို့ရှိရင် လက်နက်အားကိုး တဇွတ်ထိုးလုပ်တတ်တဲ့ လူတွေမဟုတ်ဘူးဆိုတာ ပြည်သူလူထုကိုရော နိုင်ငံတကာကိုပါသက်သေပြလိုတယ်။ ပြည်တွင်းစစ်ကို မီးမွှေးနေတာ၊ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင်လုပ်နေတာ ကျွန်တော်တို့မဟုတ်ဘူးဆိုတာ သိစေချင်တယ်။ လူထုနဲ့တိုင်းပြည် နစ်နာမယ့်လမ်းကြောင်းကိုမရွေးဘဲ အညင်သာအပျော့ပြောင်းဆုံး လမ်းကြောင်းကသွားလိုတယ်။ ဒါကြောင့် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လက်ခံနိုင်တဲ့ NCA ကနေ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို သွားမယ်ဆိုပြီး စဉ်းစားတာဖြစ်ပါတယ်။

 

မေး။ ။ တခြားရခိုင့်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ရော့ တွေ့ဆုံဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ရှိပါသလား။

·         ဦးသိန်းစိန်အစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေး မကမ်းလှမ်းလာခင်ကတည်းက ရခိုင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘုံသဘောထားတွေ ရပ်တည်ချက်တွေ စုစည်းသင့်တယ်၊ အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အတူလက်တွဲဖြတ်သန်းသင့်တယ်ဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ရှိသူတွေကို အခါအခွင့်သင့်တိုင်း  သတင်းစကားပါးခဲ့ပြီးဖြစ်ပါတယ်။

·         ခုချိန်ထိလည်း တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်တွင်းက နိုင်ငံရေးပါတီနဲ့ လူထုအသင်းအဖွဲ့တွေ၊ တသီးပုဂ္ဂလတွေ စုစည်းပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်တခုလုံးနဲ့ ဆက်စပ်တဲ့ အမျိုးသားအဆင့်မဟာဗျူဟာ ရေးဆွဲချမှတ်နိုင်မယ့် တွေ့ဆုံဆွေးနွေးပွဲတခု အမြန်ဆုံးလုပ်သင့်တယ်ဆိုတာ ထပ်ခါတလဲလဲ အကြံပြုနေပါတယ်။ ခုချိန်ထိတော့ အားရစရာကောင်းတဲ့ တုံ့ပြန်မှုမျိုး ဘယ်သူ့ဆီကမှ မရသေးပါဘူး။

 

မေး။ ။ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကြိမ်နဲ့ခုလုပ်နေတဲ့ဒုတိယ အကြိမ်ကွဲလွဲချက်၊အားသာချက်၊အားနည်းချက်တွေကို ပြောပြပေးနိုင်မလား။

·         လူတိုင်းထင်သာမြင်သာရှိတဲ့ ကွဲလွဲချက်ကတော့ NCA လမ်းကြောင်းအတိုင်း မသွားဘူးပြောတဲ့ မြောက်ပိုင်းမဟာမိတ်က ဒီညီလာခံကို တက်ရောက်ခဲ့ပြီး NCA လမ်းကြောင်းအတိုင်းသွားဖို့ နည်းလမ်းရှာနေတဲ့ UNFC က ဒီညီလာခံကို မတက်ရောက်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေ ညီလာခံကိုရောက်လာတာက အစိုးရအနေနဲ့ အားသာချက်လို့ မြင်ရင်တော့ မြင်နိုင်တယ်ပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့ဖက်က ဘဝင်မကျတာက အစိုးရဖက်ကလည်း ဖိတ်ချင်လို့ ဖိတ်ခဲ့တာမဟုတ်သလို မြောက်ပိုင်းမဟာမိတ်ဖက်ကလည်း တက်ချင်လို့တက်ခဲ့ရတာမဟုတ်ဘူးဆိုတဲ့ အနေအထားပါ။ ဒီပုံစံနဲ့တော့ စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့က တော်တော့်ကို အလှမ်းဝေးနေအုံးမှာပါ။

·         အားနည်းချက်အပိုင်း ပြောရရင်တော့ … ကျွန်တော်တို့နားလည်တဲ့ ပင်လုံဆိုတာက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ တိုင်းပြုပြည်ပြု ညီလာခံဖြစ်တယ်။ (၄၇)၊ (၇၄)၊ (၂၀၀၈) ဖွဲ့စည်းပုံရဲ့အပြင်မှာ၊ အပေါ်မှာရှိတယ်။ ဒီညီလာခံမှာ အတိတ်ကဘာတွေဖြစ်ခဲ့တယ်၊ ဘာကြောင့်ဖြစ်ခဲ့တယ်၊ နောက်နောင် အလားတူ ပဋိပက္ခတွေမဖြစ်ရအောင် ဘယ်လိုကာကွယ်ကြမယ်ဆိုတဲ့ ကိစ္စရပ်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ ရိုးသားပွင့်လင့်စွာ ညှိနှိုင်းအဖြေရှာကြရမှာဖြစ်ပါတယ်။

·         ပင်လုံလို့ပြောလာရင် အနှစ်သာရအားဖြင့် အခြေခံအချက် (၂) ချက်ပဲရှိတယ်။ တချက်က တန်းတူရေး အခြေခံမူနဲ့ ပူးပေါင်းမယ်။ နောက်တချက်က အတူနေလို့အဆင်မပြေရင် ခွဲထွက်ပိုင်ခွင့်ရှိတယ်။ (၁၉၄၇) ကတည်းက ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ  ပင်လုံကတိကဝတ်အတိုင်း  အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါကို ဖက်ဒရယ်မူဆိုတာ ခွဲထွက်ရေးမူပါလို့ စွပ်စွဲပြီး စစ်တပ်ကအာဏာသိမ်းခဲ့တယ်။

·         ဗမာခေါင်းဆောင်တွေအနေနဲ့ ခုချိန်ထိ ပင်လုံစာချုပ်၊ စိတ်ဓာတ်နဲ့ ကတိကဝတ်တွေကို ဘယ်လိုအာမခံချက်ပေးနိုင်အောင် လုပ်မယ်ဆိုတာကို နည်းလမ်းမရှာဘဲ ပြည်ထောင်စုက ခွဲမထွက်ဖို့ကိုပဲ  နိုင်ငံရေးတရားဟောသလိုလို၊ ဆူပူကြိမ်းမောင်းသတိပေးသလို လုပ်နေကြတာကတော့ ပင်လုံရဲ့ အနှစ်သာရကို အထူးပဲ ညစ်ညမ်းစေပါတယ်။ ကျွန်တော်တို့တိုင်းရင်းသးာတွေ ညီလာခံတက်လာတာ ပြည်ထောင်စုအရေး တန်းတူဆွေးနွေး အဖြေရှာဖို့ပဲဖြစ်ပါတယ်။ ဗမာခေါင်းဆောင်တွေဆီမှာ အဆူပူအကြိမ်းမောင်းခံဖို့ တရားဟောတာနားထောင် ဖို့မဟုတ်ပါဘူးလို့ ပြောလိုပါတယ်။

မေး။ ။ ခု ကျင်းပနေတဲ့ ၂၁ရာစုပင်လုံမှာ UNFC မတက်လိုက်ရဘဲ ဆွေးနွေးပွဲတွေမှာဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချနိုင်ခဲ့မယ်ဆိုရင် UNFC အဖွဲ့ဝင်တွေအတွက် ဘာတွေဆုံးရှုံးသွားစေနိုင်လဲ။

·         ဒါမျိုးဖြစ်လာခဲ့ရင် UNFC အတွက် ဆိုတာထက် တတိုင်းပြည်လုံးအတွက် နစ်နာပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကိုတောင် အားလုံးသဘောတူလက်ခံနိုင်တဲ့အဆင့်ရောက်အောင် မလုပ်နိုင်သေးဘူး။ မြေပြင်ထိုးစစ်တွေ မရပ်သေးဘူး။ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေ တော်တော်များလည်း ဆွေးနွေးပွဲအခင်းအကျင်းထဲ ပါမလာကြသေးဘူး။ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေကိုလည်း လွတ်လွတ်လပ်လပ် ကျင်းပခွင့်ပေးမထားဘူး။ ဒီအခြေခံအောက်မှာလုပ်တဲ့ ဆုံးဖြတ်ချက်တွေဟာ လုပ်ပိုင်ခွင့်ရှိသူ လူနည်းစုကိုပဲကိုယ်စားပြုမယ်။ တိုင်းရင်းသားပြည်သူ တရပ်လုံးရဲ့ ဆန္ဒကို မထင်ဟပ်နိုင်ပါဘူး။ ရေရှည်လည်း တည်တံ့နိုင်မှာမဟုတ်ပါဘူး။ ရေရှည်တည်တံ့ခဲ့ရင်လည်း ပြည်သူလူထုအကျိုးကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့မြင်ပါတယ်။

 

မေး။ ။ မြောက်ပိုင်းအဖွဲ့တွေ ဒီပင်လုံကိုတက်လာတဲ့အပေါ် UNFC အနေနဲ့ ဘယ်လိုမြင်လဲ။

·         ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ မြောက်ပိုင်းအဖွဲ့တွေ ကိုယ်တိုင်လည်း ထုတ်ပြောသွားကြတာတွေရှိပါတယ်။ သူတို့အနေနဲ့ အများနဲ့တန်းတူ အခွင့်အရေးမရရင်၊ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးခွင့်မရရင် မတက်လိုဘူး။ တရုတ်ဖိအားကြောင့်သာ တက်လာရတာဖြစ်တယ်။ ဖိတ်ကြားသူတွေဖက်ကလည်း တရုတ်က မေတ္တာရပ်ခံလို့သာ ဖိတ်ရတာပါဆိုတဲ့ အသံတွေထွက်လာတာရှိတယ်။

·         အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးမှာ အိမ်နီးချင်းနိုင်ငံတွေက ဝိုင်းဝန်းကူညီတာ ကောင်းပါတယ်။ ဒါပေမယ့်လို့ တဖက်ဖက်ကို အတင်းအကြပ် ဖိအားပေးတဲ့ပုံစံမျိုးပဲဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုထိပါးစေတဲ့ ဝင်ရောက်စွက်ဖက်မှုမျိုးဖြစ်ဖြစ် ရှိလာရင်တော့ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။

·         ကြားဝင်ရတဲ့ နိုင်ငံအတွက်လည်း နိုင်ငံတကာဆက်ဆံရေး ဓလေ့ထုံးတမ်းတွေကို ဖောက်ဖျက်ရာရောက်သလို လိုက်နာရတဲ့ နှစ်ဖက်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေနဲ့လည်း ကိုယ့်အချင်းချင်းမသင့်မြတ်လို့ သူများကြားဝင်ပေးရတာ၊ တဖက်နိုင်ငံရဲ့သြဇာကို နာခံနေရတာ ကမ္ဘာ့အလယ်မှာ မျက်နှာနာစရာလို့မြင်ပါတယ်။

 

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ UNFC အနေနဲ့ ရှေ့ဆက် ဘယ်လိုလုပ်ဆောင်သွားမလဲ။

·         UNFC အနေနဲ့ကတော့ NCA မှာ မကြေလည်သေးတဲ့ အချက်တွေကို သီးခြားအဆိုပြုချက်အနေနဲ့ တင်ပြဆွေးနွေးနေတယ်။ ဒါကိုလက်ခံသဘောတူရင် NCA နဲ့ ချိတ်ဆက်နိုင်မယ့် လမ်းကြောင်းရှာမယ်။ ငြိမ်ချမ်းရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်များနဲ့ပတ်သက်လို့ အပြန်အလှန် ကတိကဝတ်ပြုချက် (Deed of Commitment) လက်မှတ်ထိုးမယ်။ နောက် NCA ရေးထိုးမယ့် အဆင့်ကိုသွားပါမယ်။

·         တဖက်မှာလည်း မြောက်ပိုင်းမဟာမိတ်တွေက NCA ပြင်ဆင်ရေး လမ်းကြောင်းပေါ် ရောက်လာရင်တော့ သူတို့နဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး အတူတကွ နည်းနာရှာတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကံသေကံမတော့ ပြောလို့မရသေးပါဘူး။

မေး။ ။ UNFC ကနေ အဖွဲ့ဝင်အချို့ ခွဲထွက်သွားတဲ့အပေါ်မှာကော UNFC ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ။

·         UNFC က မူကို အခြေခံထားပြီးတော့မှ ညှိနှိုင်းဆွေးနွေးမှုကို လုပ်နေတာဖြစ်ပါတယ်။ အင်အားအခြေခံနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းထွင်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် မူအရရပ်တည်မယ့် အဖွဲ့အစည်းတွေရှိနေသရွေ့ UNFC ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကိုဘယ်လိုသက်ရောက်မှုမှရှိမှာ မဟုတ်ပါဘူး။

·         တဖက်ကလည်း UNFC က ခွဲထွက်သွားတယ်ဆိုရလောက်အောင် KIO တို့ WNO တို့က နှုတ်ထွက်စာ တင်ထားတဲ့ အဆင့်ပဲရှိပါသေးတယ်။ လာမယ့်ညီလာခံမှာပဲ အတည်ပြုဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါကလည်း UNFC ရဲ့ မူကိုလက်မခံလို့မဟုတ်ဘဲ အဆိုပြုချက် (၉)ချက်ကို ညှိနှိုင်းဆွေးနွေးရာမှာ ဖြစ်ပေါ်တိုးတက်မှု နှောင့်နှေးနေတဲ့အပေါ်မှာ ပထဝီအနေအထားအရ နီးစပ်ရာအဖွဲ့များနဲ့ လမ်းကြောင်းသစ်ရှာရမယ့် အနေအထားမျိုးဖြစ်လာတာပါ။

မေး။ ။ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြတဲ့အခါ ဘယ်အချက်တွေက အဓိက အခက်အခဲဖြစ်နေသလဲ။

·         အခု အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ လက်မှတ်ထိုးထားတဲ့ NCA ဟာ မူကြမ်းအဆင့်ပဲရှိပါသေးတယ်။ အကြေအလည် သဘောတူညီမှုရထားတဲ့ မူချောအဆင့်မဟုတ်ဘူး။ ဒါကို တပ်ဖက်က ပြန်လည်ပြင်ဆင်ခွင့်လည်း မပေးတော့ဘူး။ ပူးတွဲသဘောတူညီချက်တွေ၊ နောက်ဆက်တွဲတွေနဲ့ အခက်အခဲကျော်လွှားဖို့ နည်းနာရှာတာလည်း သိပ်သဘောမတူချင်တော့ဘူးဆိုတဲ့အခါကျတော့ ဒါကထစ်ဆို့မှုဖြစ်စေပါတယ်။

·         နောက် အားလုံးပါဝင်ခွင့်နဲ့ပတ်သက်လို့ ကန့်သတ်ထားတာတွေ၊ မြေပြင်ထိုးစစ်တွေ မရပ်သေးတဲ့အပေါ်မှာ ငြိမ်းချမ်းရေး၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေဖက်က ဗမာ့တပ်မတော်ရဲ့ ဆန္ဒသဘောထားနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေဖြစ်နေပါတယ်။

 

မေး။ ။အခု UNFC ဘက်က ညှိနှိုင်းဖို့ အဆိုပြုထားတဲ့ အချက် ကိုးချက်က ဘာတွေလဲ။

·         အပစ်အခတ်ရပ်စဲရေး၊ စောင့်ကြည့်ရေးနဲ့ပတ်သက်လို့ (၄) ချက်ရှိပါတယ်။ NCA ရေးထိုးပြီး (၂၄) နာရီအတွင်းမှာ အစိုးရတပ်မတော်ဖက်က တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကြေငြာပေးရမယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ စောင့်ကြည့်ရေး ကျင့်ဝတ်စည်းကမ်းတွေ၊ တပ်နေရာချထားရေးကိစ္စတွေကို NCA မထိုးခင် ကြိုတင်သဘောတူညီချက်ရယူရမယ်။ နောက်ဆုံးနှစ်ချက်ကတော့ အပစ်အခတ်ရပ်စဲမှု လေ့လာစောင့်ကြည့်ရာမှာ  နိုင်ငံတကာသက်သေများ၊ ဖျန်ဖြေရေးမှာ နိုင်ငံတကာခုံသမာဓိများ ပါဝင်ခွင့်ပေးဖို့ဖြစ်ပါတယ်။

·         နိုင်ငံရေးအရကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဥပဒေပြင်ဆင်ရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဆုံးဖြတ်မှုများကို သုံးပွင့်ဆိုင်ပုံစံနဲ့ ပြုလုပ်သွားနိုင်ရေးဖြစ်ပါတယ်။ သုံးပွင့်ဆိုင်ဆိုရာမှာ .. အစိုးရ၊ လွှတ်တော်၊ တပ်မတော် တပွင့်၊ နိုင်ငံရေးပါတီများတပွင့်၊ တိုင်းရင်းသားလက်နက်ကိုင်များက တပွင့်ဖြစ်ပါတယ်။ 

·         တိုင်းရင်းသားဒေသတွေမှာ သဘာသယံဇာတတွေထုတ်ယူတဲ့အခါ (EITI) လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်စေဖို့လည်း  တောင်းဆိုထားပါတယ်။

·         နောက်ဆုံးတချက်ကတော့ ဒါတွေကို သဘောတူရင် NCA လက်မှတ်ထိုးမယ်ဆိုတဲ့ ကတိကဝတ်ပါပဲ။

မေး။ ။ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သား အစိုးရတက်လာချိန်မှာ ဆွေးနွေးကြတဲ့အခါ ဘယ်လို ကွဲလွဲမှုတွေ၊ မတူညီမှုတွေကို တွေ့ရသလဲ။

·         စစ်တပ်ဖက်က အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှု၊ လိုက်လျောညီထွေရှိမှု ပိုမိုအားနည်းလာသလို ခံစားရပါတယ်။ ဟိုတုန်းကတော့ အထက်ကိုတင်ပြရမယ်ဆိုရင် ကြံ့ခိုင်ရေးပါတီအစိုးရတဖက်တည်း တလမ်းကြောင်းတည်းကိုပဲသွား တယ်။ အခုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြလမ်းညွှန်မှုခံယူတဲ့လိုင်းကတလိုင်း၊ ကာချုပ်ဆီကို တင်ပြလမ်းညွှန်မှုခံယူတဲ့လိုင်းကတလိုင်း နှစ်လိုင်းလိုဖြစ်နေတယ်။

·         ဆွေးနွေးရာမှာ ပိုမိုပြီးတော့ ပျော့ပြောင်းလာတာ၊ အပြုသဘော ဆောင်လာတာရှိပေမယ့် အစိုးရအနေနဲ့ ယတိပြတ်ဆုံးဖြတ်ချက်ပေးဖို့က စစ်တပ်မျက်နှာကို ကြည့်နေရတဲ့ သဘောမျိုးဖြစ်နေတယ်။ တခါတလေ အစိုးရနဲ့တပ်ကြား အမြင်သဘောထားတွေကွဲလွဲတာတွေများလာရင် မြေပြင်တိုက်ပွဲတွေ အရှိန်အဟုန်ပိုမြင့်လာသလား လို့တောင် ခံစားရပါတယ်။

မေး။ ။ ခုဆို လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုတွေမှာ တစ်ခုတည်းသော တပ်မတော်ထားရှိရေးကို ဆွေးနွေးမယ်လို့ သိရတယ်။ ဒီအပေါ်မှာ UNFC ဘက်က သဘောထားသိပါရစေ။

·         တခုတည်းသော တပ်မတော်ထားရှိရေးဆိုတာနဲ့ ပတ်သက်လို့တော့ ထွေထွေထူးထူး အငြင်းပွါးစရာမရှိပါဘူး။ ဒါပေမယ့် ဘယ်လို တခုတည်းသော တပ်မတော်လည်းဆိုတာနဲ့ ပတ်သက်လို့ကတော့ အမြင်သဘောထား ညှိနှိုင်းဖို့လိုပါတယ်။ ကျွန်တော်တို့ လက်ခံထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဟာ အခြေခံအားဖြင့် လူသားလုံခြုံရေး (Human Security) ကို မထိပါးရဘူး။ ဒီမိုကရေစီနည်းလမ်းကျ ရွေးကေက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ လက်အောက်မှာ ရှိရမယ်။ ပြည်ထောင်စုတပ်ကို ပြည်နယ်တပ်တွေနဲ့ စုဖွဲ့ရမယ်။ ပြည်နယ်အစိုးရရဲ့ လက်အောက်မှာ ပြည်နယ်တပ်၊ ပြည်နယ်ရဲတွေ သီးခြားဖွဲ့စည်းခွင့်ရှိရမယ်။ စစ်တပ်ဟာ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဘဝလုံခြုံရေးအတွက် ဖွဲ့စည်းထားတဲ့ ရဲအဖွဲ့၊ ထောက်လှမ်းရေးအဖွဲ့စသည်တို့နဲ့ ကင်းရှင်းရမယ်။ ဒါကျွန်တော်တို့ လက်ခံထားတဲ့ တခုတည်းသော တပ်မတော်နဲ့ပတ်သက်တဲ့ သဘောထားဖြစ်ပါတယ်။

မေး။ ။ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်ကို ခုညီလာခံမှာ ဆွေးနွေးကြမှာဖြစ်ပြီး အခြေခံဥပဒေကို မကျော်လွန်စေဘဲ ရေးဆွဲခွင့်ပြုမယ့်အပေါ် တိုင်းရင်းသားတွေဘက်က လိုလားချက်အတိုင်း ဖြစ်နိုင်ပါ့မလား။

·         ဒီအတိုင်းဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ပြည်နယ်ဖွဲ့စည်းပုံအရ ပြည်နယ်အစိုးရကို အပ်နှင်းထားတဲ့အာဏာဟာ ပြည်ထောင်စုဖွဲ့စည်းပုံအရ ပြည်ထောင်စုအစိုးရကို အပ်နှင်းထားတဲ့အာဏာထက် မကျော်လွန်ရဘူးဆိုတာ .. ဒါအခြေခံအားဖြင့်မှန်ပါတယ်။ ဒါပေမယ့် ခုရေးဆွဲမယ့် ပြည်နယ်ဖွဲ့စည်းပုံတွေဟာ (၂၀၀၈) ဖွဲ့စည်းပုံဘောင်အတွင်းမှာရှိရမယ်ဆိုရင်တော့ ဒါလုံးဝလွဲချော်တဲ့ အယူအဆပဲဖြစ်ပါတယ်။

·         ပြည်ထောင်စုအဆင့်မှာ ကျွန်တော်တို့ရေးဆွဲရမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံဖြစ်ပါတယ်။ (၂၀၀၈) ဖွဲ့စည်းပုံဟာ စစ်တပ်ကြီးစိုးတဲ့ တပြည်ထောင်ဖွဲ့စည်းပုံဖြစ်ပါတယ်။ ပြည်နယ်ဖွဲ့စည်းပုံကို (၂၀၀၈) ဥပဒေကို အခြေခံပြီးရေးဆွဲရမယ်လို့ ပြောနေတဲ့လူတွေအနေနဲ့ ဒီအခြေခံလေးလောက်တော့ နားလည်ဖို့လိုပါတယ်။ ပင်လုံဆိုတာ (၂၀၀၈) ဖွဲ့စည်းပုံအောက်မှာ ကျင်းပနေတာ မဟုတ်ဘူးဆိုတာလည်း ထပ်လောင်းသတိပေးလိုပါတယ်။

·         ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးနဲ့ပတ်သက်လို့ လုပ်နည်းလုပ်ဟန်မှားယွင်းနေတဲ့ အချက်များကို အနည်းငယ်ထောက်ပြလိုပါတယ်။ ကျွန်တော်တို့က ပြည်ထောင်စုနဲ့ ပြည်နယ် သီးခြားအာဏာပြုစာရင်း၊ ထပ်တူ အာဏာပြုစာရင်း၊ ကြွင်းကျန် အာဏာပြုစာရင်းတွေကို မသတ်မှတ်ရသေးပါဘူး။ ပြည်ထောင်စု ဖွဲ့စည်းပုံမှာပါရမယ့် ဝိသေသလက္ခဏာတွေကို အတည်မပြုရသေးပါဘူး။ ပြည်နယ်တွေကို ဘယ်အခြေခံနဲ့ ဖွဲ့စည်းမှာလဲ။ အမျိုးသားအခြေခံနဲ့လား။ ပထဝီအခြေခံနဲ့လား။ (၈) ပြည်နယ်လား၊ (၁၄) ပြည်နယ်လားဆိုတဲ့ ပြည်ထောင်စုအဆင့် မူပိုင်းဆိုင်ရာတွေ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

·         ဒါကြောင့် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲမယ်ဆိုတဲ့ ဖြစ်စဉ်ဟာ ရှေ့နောက်လွဲနေသလို မူပိုင်းဆိုင်ရာအရ တိုက်ဆိုင်ညှိနှိုင်းကိုးကားရမယ့် ပြည်ထောင်စုမူတွေလည်း မချမှတ်ရသေးဘူးဆိုတာ ကျွန်တော်တို့တိုင်းရင်းသားတွေ ပြန်သုံးသပ်ကြဖို့လိုပါတယ်။

မေး။ ။ နောက်ထပ် ဘာတွေဖြည့်စွက်ပြောချင်ပါသလဲ။

·         ဒီကနေ့ နိုင်ငံရေးအချိုးအကွေ့ဟာ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုုက်သည်ဖြစ်စေ ရင်ဆိုင်ဖြတ်သန်းရမယ့် ဖြစ်စဉ်တခုပါပဲ။ ဒါကို ဘေးထိုင်ဘုပြောပြီး အချင်းချင်းငြင်းခုံ အချိန်ကုန်ခံနေကြမလား။ ကျွန်တော်တို့အားလုံး စုစည်းညီညွတ်မှု၊ ညှိနှိုင်းပြင်ဆင်မှုနဲ့ အဆိုးထဲကအကောင်း၊ အရှုံးထဲကအမြတ်ထွက်အောင် ပြင်ဆင်မလားဆိုတာ အမြန်ဆုံး စဉ်းစားအဖြေထုတ်ရမယ့် အချိန်ရောက်နေပါပြီလို့ ပြောချင်ပါတယ်။

ဗီဒီယိုများ