ဒေါက်တာအေးမောင်တို့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်၏ အမြင်

“ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ဗမာပြည်မမှာ ရှိတဲ့ ဗမာတိုင်းရင်းတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်း အတူ သူတို့လိုချင်တဲ့ ပုံစံအတိုင်း တရားမျှတမှုကို လိုလားတဲ့ အင်အားစုတွေ ရှိတယ်။ စစ်တပ်ရဲ့ လုပ်ရပ်ဟာ ဗမာတိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘူး။ ကျွန်တော်တို့ကလည်း စစ်တပ်က ကျွန်တော် တို့ကို ကိုယ်စားပြုတယ်လို့ လက်ခံမထားဘူး”

By သက်နိုင် 22 Mar 2019

မေး။    ။ ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ်(၂၀)ချမှတ်လိုက်တာ နဲ့ပတ်သက်ပြီး     ဘယ်လိုမြင်လဲ။

ဖြေ။     ။ကျွန်တော်အမြင်ကတော့ ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ အမုန်းတရားကို ပိုကြီးအောင် ရည်ရွယ်ချက်တစ်ခုနဲ့ သွေးထိုးလှုံ့ဆော်ပေးနေတယ် လို့ပဲမြင်တယ်။  ပြစ်မှုနဲ့ ပြစ်ဒဏ်နဲ့ ကျတော့ တကယ်တော့ မျှတမှုမရှိဘူး။ စာပေဟောပြောပွဲမှာ ဘယ်လိုပဲဖြစ်ဖြစ် စာရေးဆရာတစ်ယောက်က သူ့အယူအဆကို ပြောတဲ့အခါမှာ အရင်တုန်းက ဒီလိုအခြေအနေမျိုးကြုံဖူးတယ်။ ဒါပေမယ့် အဲ့လောက်ပြစ်ဒဏ်တွေ ချမှတ်ထားတာမရှိဘူး။ ပြီးတော့ ဒီအပေါ်မှာလည်း လူတွေအများကြီး ဝိုင်းပြီးထောက်ခံကြတာတွေ အများကြီးရှိတယ်။

ကျွန်တော်အမြင်ကတော့ ဒါဟာပြစ်မှု၊ပြစ်ဒဏ်မမျှတဘူးလို့မြင်တယ်။ နောက်တစ်ခုကတော့ ဒါနောက်ကွယ်မှာ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ပွဲတွေ စစ်ဆင်ရေးတွေအပေါ်မှာ ပြည်သူတွေ အာရုံစိုက်မှုကို လွဲသွားအောင် လုပ်တာမျိုးလည်း ဖြစ်ရင် ဖြစ်နိုင်တယ်။ နောက်တစ်ချက်ကတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ ရင်ထဲမှာ ရှိတဲ့ ဗမာတိုင်းရင်းသားတွေအပေါ်မှာ ရှိနေတဲ့  သမိုင်းနဲ့ချီတဲ့ အမုန်းတရားတွေကို မီးရှို့ပေးနေတယ်လို့ပဲ မြင်တယ်။

ဒါကဘာကိုဖြစ်လာစေလဲ ဆိုတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ကိုရေးကို ပြည်ထောင်စု ခိုင်မာရေးကိုပါ အနှောင့်အယှက် အတားအဆီး ခြိမ်းခြောက်နေတဲ့ ပုံစံမျိုးတွေ ဖြစ်လာမယ်လို့ ကျွန်တော် တို့ကယူဆတယ်။ ဒီအပေါ်မှာတော့ လုံးဝကျွန်တော် သဘောတူလက်ခံထားမျိုး မရှိပါဘူး။

မေး။    ။ ဒီမိုကရေစီ ခရီးလမ်းကို လျှောက်လှမ်းနေတဲ့အခါ စာပေဟောပြောတာနဲ့ပတ်သက်ပြီး အခုလို နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်တာကို ဘယ်လိုမြင်လဲ။

ဖြေ။     ။ လွတ်လပ်စွာ ဟောပြောခွင့်ရှိတယ် ရေးသားခွင့်ရှိတယ်။ FREEDOM EXPRESSING ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားပဲ။ အဲဒီအပေါ်မှာ ကျွန်တော်တို့က တစ်စုံတစ်ရာ အရေးယူမှု လုပ်မယ်ဆိုရင်လည်း သက်ဆိုင်ရာ ဥပဒေတွေရှိတယ်။ နိုင်ငံတော် ပုန်ကန်မှုတို့ ဘာတို့အထိတက်ရ လောက်အောင် ကျွန်တော်တို့က အစိုးရကို အာဏာသိမ်းတဲ့ လုပ်ရက်မျိုးမဟုတ်ဘူးလို့ ယူဆတယ်။

နောက်တစ်ခုက လူမျိုးတစ်ခုချင်းစီရဲ့ သမိုင်းနဲ့ ချီတဲ့ ရာဇင်ဝင်တွေကို လေ့လာသင့်တယ်။ တကယ်တမ်း ကျတော့ မြောက်ဦးက ပဒေသရာဇ် လက်ထက်မှာကတည်းက ဗမာတွေ ဝင်ဖျက်စီးထားတာတွေ ရှိတယ်။ နောက်တစ်ခုက အဲဒီရခိုင်တိုင်းရင်းသားတွေ အနေနဲ့လည်း ရခိုင်ပြည်ကို ကိုယ့်ဟာကိုပြန်ပြီး အုပ်ချုပ် သင့်တယ်။

ကိုယ့်ကြမ္မာကို ကိုယ်ြ့ပန်ဖန်တီးခွင့်ကို အားလုံးကလည်းလိုချင်နေကြတယ်။ တကယ်တမ်းကျတော့ ကျွန်တော် တို့က ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို သွားရင် ဒါမျိုးပြဿနာတွေ ဖြစ်မလာဘူးလို့ယူဆတယ်။ ဗမာလူမျိုး တွေကသာ၊လူမျိုးကြီးတွေဘက်က  လူမျိုးများတယ်၊အင်အားတောင့်တယ် ဆိုပြီး တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့် ဖိစီးမှုမရှိဘဲနဲ့ သူ(တိုင်းရင်သား) တို့ လုပ်ချင်တာကို ကြည်ကြည်ဖြူဖြူနဲ့ လုပ်ခွင့်ပေးမယ်ဆိုရင် ရှိနေတဲ့ အမုန်းတရားတွေ လျော့သွားမယ် လို့ယူဆတယ်။ တိုင်းရင်းသားတွေ ကိုယ့်ကြမ္မာကို ကိုယ်ဖန် တီးပြီးတော့ ကိုယ်ပြည်နယ် ကိုယ်အုပ်ချုပ်ခွင့်ကို ကျနေ်ာတို့ကတော့ လိုလားတယ်။ ဒါကိုပေးသင့်တဲ့ ကိစ္စလို့ လည်းမြင်တယ်။

ကမ္ဘာမှာလည်း အေးအေးဆေးဆေးနဲ့ နေထိုင်ပြီးတော့ ဖက်ဒရယ် ပြည်ထောင်စုတွေ အများစုရှိတယ်။ ပိုပြီးတိုးတက်လာတာကိုလည်း တွေ့ရတယ်။ ဗမာကတော့ ပြည်ထောင်စုက ခွဲမထွက်ရဘူးလို့ လက်ဝါးကြီး အုပ်ထားတာကတော့ ပိုပြီး အမုန်းတရားပွားများစေတယ်လို့ မြင်တယ်။

မေး။    ။ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ အခုလို အမိန့်ချလိုက်တော့ ဘာတွေ သက်ရောက်မှုရှိလာနိုင်လဲ။

ဖြေ။     ။ကျွန်တော်တို့ ဟိုနေ့ကဆိုရင်လည်း မြောက်ဦးမှာ ပစ်တာ ခက်တာတွေ ရှိတယ်။ ဘယ်တပ်မှမရှိပဲနဲ့ စစ်တပ်က တရကြမ်းပစ်တယ်။ ရပ်ရွာတွေကို လာပြီးတော့ ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကို တွေ့ရတယ်။

ဒီနေရာ ဒီအချိန်မှာ ပြောနိုင်တာက ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ဗမာပြည်မမှာ ရှိတဲ့ ဗမာတိုင်းရင်းသားတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်း အတူ သူတို့လိုချင်တဲ့ ပုံစံအတိုင်း တရားမျှတမှုကို လိုလားတဲ့ အင်အားစုတွေ ရှိတယ်။ စစ်တပ်ရဲ့ လုပ်ရပ်ဟာ ဗမာတိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘူး။ ကျွန်တော်တို့ကလည်း စစ်တပ်က ကျွန်တော် တို့ကို ကိုယ်စားပြုတယ်လို့ လက်ခံမထားဘူး။

နောက်တစ်ခုကတော့ အခုလက်ရှိဖြစ်နေတဲ့ ရခိုင်က စစ်ပွဲဟာ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်အတွက် ခုခံတိုက်ခိုက်တာဖြစ်တယ်။ ကျူးကျော်စစ်မဟုတ်ဘူး။ ကျူးကျော်စစ်ဆိုတာကတော့ ပြည်မကနေ သွားပြီး ရခိုင်ပြည်နယ် အထိသွားတိုက်ခိုင်းနေတာမျိုး ကျွန်တော်တို့ အဲလိုအယူအဆရှိတယ်။ ဒါမျိုးအယူအဆရှိတဲ့ သူတွေ ပြည်မမှာ အများကြီးရှိပါတယ်။

 ဒီလူတွေနဲ့ အတူတူလက်တွဲပြီးတော့ ဖြစ်နေတဲ့ ပြဿနာပိုမကြီးအောင်လို့ ပူးပေါင်းဆောင်ရွက်မှရမယ်။ တိုင်းရင်းသားတွေဘက်ကော ပြည်မမှာ ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ လောလောဆယ် လုပ်နိုင်တာကတော့ စည်းလုံးညီညွတ်မှုတစ်ခုပဲရှိတယ်။

မေး။    ။ သူတို့ကို အမိန့်ချလိုက်မှုကြောင့် ရခိုင်တွေနဲ့ NLD အစိုးရကြားမှာ ဆက်ဆံရေး တင်းမာမှု ရှိလာမယ့် အလား အလာတွေကို ရှိလာနိုင်လား။

ဖြေ။     ။ ပိုပြီးတော့ တင်းမာလာနိုင်တဲ့အခြေအနေ ရှိသလို NLDပါတီသို့မဟုတ် NLD အစိုးရအနေနဲ့လည်း တစ်ချို့နေရာတွေမှာ ပေါ်လစီအမှားတွေ ကျင့်သုံးတာတွေ့ရတယ်။ ရခိုင်ပြည်နယ်မှာ ပြဿနာတတ်တယ်၊ ကချင်ပြည်နယ်မှာ ပြဿနာတတ်တယ်၊ ရှမ်းမြောက်မှာ ပြဿနာတတ်တယ်။

 ဒါမျိုးတွေ ကြုံလာတဲ့အခါမှာ ပြဿနာ တတ်တဲ့ ပြည်နယ်တွေ ဒေသတွေကို ကြည့်လိုက်တဲ့အခါမှာ  နိုင်ငံခြားရင်းနှီးမြုပ်နှံ့မှုမှာ စီမံကိန်း ကြီးကြီးမားမား ရှိနေတာရယ်။ နိုင်ငံခြားပါဝင်မှု ပိုကြီးတော့ ထဲထဲဝင်ဝင် ရှိနေတဲ့ ဒေသတွေမှာတွေ့ရတယ်။

အကျိုးစီးပွားအနေနဲ့ ပြဿနာတတ်တယ်လို့ပဲ ယူဆတယ်။ ဒါလူမျိုးရေးအရ စစ်ပွဲမဟုတ်ဘူး၊ ဘာသာရေးအရ စစ်ပွဲမဟုတ်ဘူး။ အကျိုးစီးပွားအတွက်သာ လူတစ်ခုကဖန်တီးနေတဲ့ စစ်ပွဲလို့ပဲ ကျွန်တော်တို့က မြင်တယ်။

မေး။    ။ ရခိုင်တွေရဲ့ အနေအထားက အခုအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်နေတဲ့ အခြေအနေလို့ ပြောလို့ရပါ တယ်။ အခုလို အမိန့်ချလိုက်မှုကြောင့် ဒီလို အမျိုးသားရေးပြင်းထန်မှုကနေ ဘယ်လိုမျိုးတွေ ဖြစ်ပေါ်လာနိုင် တယ်လို့ ထင်လဲ။

မေး။    ။ တကယ်တမ်းကျတော့ အမျိုးသားရေး ဝါဒခေါင်းထောင်တယ်ဆိုတာက နိုင်ငံတကာထဲမှာ အန္တရာယ် ကြီးကြီးမားမား ပြဿနာရှိတယ်။ တကယ်တမ်းကျတော့ မကောင်းဘူးပေါ့။ အဲဒါကအဖြစ်ဝါဒီလွမ်းမိုးမှု ဦးတည်သွားနိုင်တယ်။ သမိုင်းမှာ ဖြစ်ခဲ့ဖူးတဲ့ ဖက်ဆစ်စနစ်မျိုး ဖြစ်သွားနိုင်တယ်။

ဒါပေမယ့်  ကျွန်တော်တို့မှာ ဖြစ်ထားတဲ့ အခြေအနေရှိတဲ့အတွက် ဒီအမျိုးသားရေးဝါဒ ဘာဖြစ်လို့ခေါင်းထောင် လာတာလဲဆိုတဲ့ အဲ့ပြဿနာအရင်းအမြစ်အထိတော့ လိုက်ဖို့လိုတယ်။ ဒီပြဿနာကို ဖြေရှင်းပေးဖို့တော့ လိုတယ်။ အမျိုးသားရေးဝါဒပိုပြီး ပြင်းထန်လာတဲ့ ကိစ္စတွေ တည်ငြိမ်သွားမှာ။

ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ဟာကလည်း တကယ်တမ်းကျတော့ အကျိုးစီးပွားလို့ မြင်တာက ကျွန်တော်တို့ ထဲထဲဝင်ဝင်လေ့လာ သိရှိပြီးမှ သာလျုင် တွေ့ရမယ်ပြဿနာဖြစ်တယ်။ အပေါ်ယံ အမြင်မှာတော့ အမျိုးသားရေးဝါဒ ခေါင်းထောင်လာတာ။

နယ်နမိတ်ပြဿနာတွေ တရားဥပဒေ စိုးမိုးမှု နည်းပါးတဲ့ ပြဿနာတွေ နယ်မြေမလုံခြုံတဲ့ ပြဿနာတွေ ဒါတွေကို အခြေခံပြီး ဖြစ်လာတယ်၊ ပြဿနာတွေရဲ့ အရင်းအမြစ်တွေကို ဖြတ်နိုင်မှ သာလျင် အမျိုးသားရေးဝါဒ ကြီးမားလာတာကို ထိန်းသိမ်းနိုင်မယ်ဖြစ်တယ်။

NLD အနေနဲ့ အဲလိုနေရာမျိုးတွေမှာ မလုပ်ပဲနဲ့ တစ်ခြားနိုင်ငံခြား ရင်းနှီးမြုပ်နှံ့မှုတွေ ကာကွယ်တာတို့ ပေါ်လစီအမှားတွေ ချပြီး တိုင်းရင်းသားနဲ့ ပိုပြီးတော့ ဝေးကွားသွားမယ့် ဟာတွေကို ဖန်တီးမယ်ဆိုရင်တော့ ရခိုင်တိုင်းရင်းသားတွေ နဲ့ NLD အစိုးရကြားမှာ ရင်ကြားစေ့ရေး ဝေးကွာနေမှာပဲ။

မေး။    ။ အခုလိုအမိန့်ချလိုက်တာဟာ နိုင်ငံတော်ကနေ ဖော်ဆောင်နေတဲ့ အမျိုးသားရေး ရင်ကြားစေ့ရေးလုပ်ငန်းကို ဘယ်လောက်ထိခိုင်စေလဲ။

ဖြေ။     ။ဒီနေရာမှာတော့ ပါးစပ်က ဘုရားဘုရား လက်ကကားရား ကားရား လုပ်နေတဲ့ လုပ်ရက်တွေ အများကြီးမြင်နေတယ်။ တစ်ဖက်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပေးကောက်တင်လိုက်ပြီးတော့ အေအေလည်း ပါမယ်လို့ပြောထားပြီးတော့ စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးရေးကို အကုန်လုံးက တစ်လျှောက်လုံးမျှော်လင့်နေကြတယ်။

ကျန်တာကတော့ ကျွန်တော်တို့ ဒီလူသားတွေ ဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် လက်ပါခြေပါ စကားပြောတာထက်စာရင်း ပါးစပ်နဲ့ပြောပြီးတော့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းတာမျိုးတွေ လိုချင်တယ်။ အဲလိုမှ မဟုတ်ပဲနဲ့ အချိန်တိုင်းလိုလို လက်ပါခြေပါ လုပ်တယ်ဆိုတာ ဒါရိုင်းစိုင်းတဲ့ အမူအကျင့်တွေပဲဖြစ်တယ်။

ကျွန်တော်တို့ဆီမှာက လက်နတ်ရှိနေတဲ့ လူတွေက အဲလိုရိုင်းစိုင်းတဲ့ အမူအကျင့်တွေကို အခုအချိန်ထိ သုံးနေတုန်းပဲ။ငြိမ်းချမ်းရေးကို ဆွေးနွေးမယ်လို့ ပါးစပ်ကပြောနေပြီးတော့ တစ်ဖက်မှာ စစ်ပွဲတွေဖော်နေတာမျိုးက တော်တော်ကြီးကို လက်လွတ်စပယ်နိုင်တယ်။ ဒါဂုဏ်သိက္ခာရှိတဲ့ အစိုးရ ဒါမှမဟုတ် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တစ်ခု ဟာ ဒါမျိုးမလုပ်ဘူး။ အဲ့တော့ ဝိုင်းပြီးတော့ ထိန်းသိမ်းဖို့လိုတယ်။ ကိုယ့်ကိုကိုယ် ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်း ခေါင်းဆောင် တွေက ပြန်စဉ်းစားဖို့ လိုတယ်။

မေး။    ။ အရင်အစိုးရတွေကတုန်းက အခုလို စာပေဟောပြောလို့ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ဂုဏ်သိက္ခာ ညှိးနွမ်း မှုတွေနဲ့ ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိတာ ကြားဖူူးလား။

ဖြေ။     ။ ဒါတကယ်တော့ ကျတော့ နိုင်ငံတော် ပုန်ကန်မှုထိဦးတည်သွားတဲ့ လုပ်ဆောင်မှုမျိုးမဟုတ်ဘူး။ အာဏာရအစိုးရနဲ့ သဘောထားမတိုက်ဆိုင်တဲ့ နိုင်ငံရေး သမားရဲ့အပေါ်မှာ ဖမ်းစီးထောင်ချတဲ့အခါ ဒါမျိုး ဥပဒေကို အသုံးချပြီး လုပ်တာမျိုး တွေရှိခဲ့ဖူးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေအဓိပ္ပာယ်သတ်မှတ်ချက်နဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်ကပါမျှတတယ်ဆိုတာက ဒီမိုကရေစီအင်အား အခြေခံစနစ်တွေ ခိုင်မာနေတဲ့ နိုင်ငံတွေမှာပဲ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံတွေက ဒါမျိုးဥပဒေတွေ သုံးစွဲပြီးတော့ ပြစ်ဒဏ်ချမယ်ဆိုရင် တော်တော်လည်း သတိထားရမယ့် ကိစ္စတစ် ခုလည်းဖြစ် တယ်။ အဂတိတရားမပါဘူးလားဆိုတဲ့ မေးခွန်းကို သူတို့ရဲရဲရင့်ရင့် ဖြေရဲဖို့လိုတယ်။

မေး။    ။ ရခိုင်အရေးက တော်တော်လေး ရှုပ်ထွေးနေတဲ့အခါမှာ သူတို့နှစ်ဦးအမှုနဲ့ပတ်သက်ပြီး အစိုးရ ဘယ်လို ကိုင်တွယ်ခဲ့သင့်လဲ။

ဖြေ။     ။ကျွန်တော်အခုနားက ပြောထားတဲ့ ထဲမှာပါပါတယ်။ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်မယ်ဆိုလို့ ရှိရင် ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းမဆို အရေးယူသင့်တယ်။ နောက်ပြီးတော့ ဒီတရားဥပဒေစိုးမိုးရေး ခိုင်မာအောင် လုပ်သင့်တယ်။

 နယ်နမိတ်ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ တော်တော်လည်း စဉ်းစားပြီးတော့ လုပ်သင့်တယ်။ ဒေသခံတွေရဲ့ ခံစားမှုတွေကို ထည့်တွက်သင့်သလို နိုင်ငံတကာအခြေအနေကိုလည်း ထည့်တွက်ရမယ်။

လူအခွင့်အရေးတို့ ဒီမိုကရေစီတို့ အခြေခံခိုင်မခိုင် အဲဒါတွေကိုပါ ထည့်တွက်ပြီးမှ သေချာပြင်ဆင်ပြီးတော့ ထဲထဲဝင်ဝင်နက်နက်နဲနဲ လုပ်သင့်တယ်လို့ ထင်တယ်။ အဲလိုမျိုးသာ ဖြစ်မယ်ဆိုလို့ရှိရင် အခုဖြစ်နေတဲ့ ရခိုင်ကပြဿနာ တော်တော်လည်း ပြေလည်သွားမှာလို့ထင်တယ်။။ ။

 

ဗီဒီယိုများ