ဒေါက်တာအေးမောင်တို့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရမှုအပေါ် ဒေါက်တာညိုညိုသင်း၏ သဘောထားအမြင်

“အထူးသဖြင့် ဗမာခေါင်းဆောင် ပေါ့။ ရခိုင်တိုင်းရင်းသားတစ်ယောက်ကို အရေးယူတာလို့ တရားစွဲတာလို့ ထောင်ချတယ်ဆိုတာက စဉ်းစဉ်းစားစားလုပ်ရမယ့် အလုပ်လည်း ဖြစ်တယ်။ နိုင်ငံရေးမှာ အာဏာရှိတဲ့သူက ပိုပြီး ခွင့်လွှတ်မှု သည်းခံမှုတွေကို ပြရမယ်။ အဲဒီလို အားရှိတဲ့ သူက သည်းခံမှုတွေ ခွင့်လွှတ်မှုတွေကို မပြဘူးဆိုရင် ဒီနိုင်ငံက ဘယ်တော့မှ ငြိမ်းချမ်းတဲ့ နိုင်ငံဖြစ်လာမှာမဟုတ်ဘူး”

By သက်နိုင် 23 Mar 2019

နိုင်ငံတော်အကြည်ညိုပျက်စေမှု နှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတို့ဖြင့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀)ချမှတ်လိုက်သည်။ စာပေဟောပြောခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေးသမားနှင့် စာရေးဆရာတို့အား နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းကို လူထုကြား ဝေဖန်မှုမြင့်တက်နေသည်။ ၎င်းတို့ကို ထောင်ဒဏ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ Yangon Watch အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်း  ၏ သဘောထား အမြင်များကို DMG သတင်းထောက် သက်နိုင်က ဆက်သွယ် မေးမြန်းထား သည်။

မေး။    ။ ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ်(၂၀)ချမှတ်လိုက်တာ နဲ့ပတ်သက်ပြီး     ဘယ်လိုမြင်လဲ။

ဖြေ။     ။အဓိကတော့ ဒီလို ထောင်ဒဏ် ချမှတ်တဲ့ ကိစ္စမှာ တရားစီရင်ရေးက လုပ်တာဖြစ်ပေမယ့် အမှု ကို တရားစွဲတာ အုပ်ချုပ်ရေးက စွဲတာလေ။ နောက်ပြီးတော့ ဒေါက်တာအေးမောင်က လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို တရားစွဲဖို့အတွက်ကို ပြည်သူ့လွတ် တော် ဥက္ကဌက ခွင့်ပြုမှ စွဲလို့ရတာ။

အဲ့တော့ ပြည်သူ့လွှတ်တော် ဥက္ကဌကခွင့်ပြုခဲ့လို့သာလျှင် တရားစွဲနိုင်ခဲ့ခြင်းဖြစ်တယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌက ဘယ်သူလဲဆိုတာကို အားလုံးသိတယ်လေ။ အဲဒီတော့ အန်တီပြောချင်တာက ဒေါက်တာအေးမောင် ပြောတယ် ဆိုတဲ့ ကိစ္စကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးစကားပြောတာပဲ။ အဲ့တော့ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု သက်သက်ပဲဖြစ်တယ်။

အဲတော့ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု အမြင်မတူမှုကို နိုင်ငံရေးနည်းအရ ဖြေရှင်းသင့်တာပေါ့။ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ နိုင်ငံရေးအယူအဆ ကွဲလွဲတယ် ဆိုလို့ရှိရင် တစ်ခြားနိုင်ငံရေးနည်းလမ်းတွေနဲ့ အာဏာရတဲ့ ခေါင်းဆောင်တွေနဲ့ ဖြေရှင်းနိုင်တယ်။ တပ်မတော် ခေါင်းဆောင်တွေကပဲ ဖြစ်ဖြစ်ပေါ့နော်။ အစိုးရခေါင်းဆောင်တွေကပဲ ဖြစ်ဖြစ်ပေါ့နော်။ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး ဖြေရှင်းလို့ရတဲ့ ကိစ္စဖြစ်တယ်။ 

အဲဒါကို နိုင်ငံရေးနည်းလမ်းနဲ့ မသွားပဲနဲ့ အုပ်ချုပ်ရေးနည်းလမ်းနဲ့ တရားစွဲဆိုတယ်။ အဲဒါအစိုးရရဲ့ ပထမဆုံးအမှား၊ အုပ်ချုပ်ရေးနည်းလမ်းနဲ့ တရားစွဲဆိုတဲ့ အတွက်ကြောင့် အခုဆိုရင် ရခိုင်တိုင်းရင်းသား တွေနဲ့ အစိုးရ ရဲ့ကြားထဲမှာ နာကျည်းချက်တွေ ကြီးထွားလာတယ်။ ရခိုင်ဒေသကို ပြန်ကြည့်လိုက်ရင်လည်း စစ်တလင်း ပြင်ဖြစ်နေတာလေ။ ရခိုင်တိုင်းရင်းသားနဲ့ ဗမာတိုင်းရင်းသားကြားထဲမှာ ဆက်ဆံရေးကလည်း မကောင်းတဲ့ အနေအထားဖြစ်နေတယ်။

အထူးသဖြင့် ဗမာခေါင်းဆောင် ပေါ့။ ရခိုင်တိုင်းရင်းသားတစ်ယောက်ကို အရေးယူတာလို့ တရားစွဲတာလို့ ထောင်ချတယ်ဆိုတာက စဉ်းစဉ်းစားစားလုပ်ရမယ့် အလုပ်လည်း ဖြစ်တယ်။ နိုင်ငံရေးမှာ အာဏာရှိတဲ့သူက ပိုပြီး ခွင့်လွှတ်မှု သည်းခံမှုတွေကို ပြရမယ်။ အဲဒီလို အားရှိတဲ့ သူက သည်းခံမှုတွေ ခွင့်လွှတ်မှုတွေကို မပြဘူးဆိုရင် ဒီနိုင်ငံက ဘယ်တော့မှ ငြိမ်းချမ်းတဲ့ နိုင်ငံဖြစ်လာမှာမဟုတ်ဘူး။

ဒါကြောင့်မလို့ အန်တီတို့ ဒီကိစ္စမှာ အမြင်မတူမှု နိုင်ငံရေးအရ အယူအဆ အမြင်မတူမှုပေါ်မှာမှုတည်ပြီးတော့ တရားစွဲမှုတွေ ဖြစ်လာတယ်။ အဲဒီတရားစွဲမှုတွေကနေ ကြီးလေးတဲ့ ပြစ်ဒဏ်ချမှုတွေ ဖြစ်လာတယ်။ နိုင်ငံတော်က သွားနေတဲ့ ငြိမ်းချမ်းရေး ခရီစဉ်အတွက်လည်း အနှောင့်အယှက်ဖြစ်တယ်။ အဲဒါကြောင့် ဒီကိစ္စကို သမ္မတကြီးက အမြန်ဆုံးပြန်လည် သုံးသပ်ပြီးတော့ ဒီကိစ္စကို ဆောင်ရွက်သင့်တယ်။

မေး။    ။ ဒီမိုကရေစီ ခရီးလမ်းကို လျှောက်လှမ်းနေတဲ့အခါ စာပေဟောပြောတာနဲ့ပတ်သက်ပြီး နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်တာကို  ဘယ်လိုမြင်လဲ။

ဖြေ။     ။ဟောပြောပွဲတစ်ခုဆိုတာဟာ  ဟောပြောတဲ့ သူတွေက လွတ်လွတ်လပ်လပ် သူတို့ရဲ့ အယူအဆ အမြင်တွေကို တင်ပြခွင့်ရှိတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ လုပ်တဲ့ ရခိုင်တိုင်းရင်းသား လူထုကြားထဲမှာ လုပ်တဲ့ ဟောပြောပွဲတစ်ခုဖြစ်တယ်။ ဒေါက်တာအေးမောင်ဟာ ရခိုင်တိုင်းရင်းသားတွေ ကြည်ညိုတဲ့ ရခိုင်နိုင် ငံ ရေး သမားတစ်ဦးလည်း ဖြစ်တယ်။

အဲ့တော့ ရခိုင်တိုင်းရင်းသားတွေရဲ့ အသည်းနှလုံးကြိုက် သည်းခြေ ကြိုက် စကားတွေကို ပြောကောင်း ပြောနိုင်တယ်။ အဲဒီအပေါ်မှာ ဒီလိုစကားပြောရလားဆိုပြီး  ပွေယူလို့မရဘူး။ အဲတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆိုတာက အထူးသဖြင့် နိုင်ငံရေးသမားတွေကို ပိုပြီးတော့ ပေးရ မယ်။ အဲဒါကိုမှ အန်တီတို့က မပေးဘူးဆိုရင် အန်တီတို့ နိုင်ငံရဲ့ ဒီမိုကရေစီ အခြေအနေကို အများပြည်သူက မေးခွန်းထုတ် လာနိုင်တယ်။ အဲတော့ ဒါဟာသမိုင်းမှတ်တမ်းဝင်သွားမယ့် ကိစ္စတစ်ခုလည်း ဖြစ်လာလိမ့်မယ်။

မေး။    ။ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ အခုလို အမိန့်ချလိုက်တော့ ဘာတွေ သက်ရောက်မှုရှိလာနိုင်လဲ။

ဖြေ။     ။ရခိုင်တိုင်းသားတွေ ကြားထဲမှာ ကြီးမားတဲ့ အခဲမကျေမှုတွေ ကိုမီးမွှေးပေးလိုက်သလို ဖြစ်သွားတယ်။ မြင့်တင်ပေးလိုက်သလို ဖြစ်သွားနိုင်တယ်။ ရခိုင်တိုင်းရင်းသားတွေ ကျေလည်အောင် ရခိုင်တိုင်းရင်းသားတွေ ကျေနပ်မှုရအောင် အုပ်ချုပ်ရေး အာဏာပိုင်တွေက အထူးသဖြင့် နိုင်ငံတော် သမ္မတကြီးက ဒီအမိန့်နဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ အမြန်ဆုံးလုပ်ပေးစေချင်တယ်။

မေး။    ။ သူတို့ကို အမိန့်ချလိုက်မှုကြောင့် ရခိုင်တွေနဲ့ NLD အစိုးရကြားမှာ ဆက်ဆံရေး တင်းမာမှု ရှိလာမယ့် အလား အလာတွေကို ရှိလာနိုင်လား။

ဖြေ။     ။ဒီကိစ္စဟာ အထူးသဖြင့် အခုလိုမျိုးပေါ့နော်။ ရခိုင်မှာ AAလက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်နဲ့ လည်းမပြေလည် ဖြစ်နေတဲ့ အချိန် အစိုးရနဲ့ဒေသခံနိုင်ငံရေးပါတီတွေ ကြားထဲမှာလည်း အဆင်မပြေမှုတွေ ဖြစ်နေတဲ့ အချိန် အဲလိုအခြေအနေမျိုးမှာ ဒီလိုအမိန့်ချလိုက်ခြင်းအားဖြင့်ပေါ့နော်။ ရခိုင်ဒေသအတွက်  ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွက် အထာက်အကူပြုတဲ့ ဆုံးဖြတ်ချက်တစ်ခုတော့မဟုတ်ဘူးပေါ့။ ရေရှည်မှာ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားအတွက်  နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် ထိခိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်ပေါ့နော်။

မေး။   ။ ရခိုင်တွေရဲ့ အနေအထားက အခုအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်နေတဲ့ အခြေအနေလို့ ပြောလို့ရပါ တယ်။ အခုလို အမိန့်ချလိုက်မှုကြောင့် ဒီလို အမျိုးသားရေးပြင်းထန်မှုကနေ ဘယ်လိုမျိုးတွေ ဖြစ်ပေါ်လာနိုင် တယ်လို့ ထင်လဲ။

ဖြေ။     ။ရခိုင်တိုင်းရင်းသားတွေရဲ့ နာကျည်းစရာတွေ ပေါ့နော်။ဗမာလူမျိုးတွေအပေါ်မှာ အထူးသဖြင့် ခေါင်းဆောင်တွေအပေါ်မှာ နာကျည်းစရာတွေ မွေးဖွားပေးလိုက်၊နာကျည်းစရာတွေကို ဘယ်လိုပြောမလဲ အဲလိုမျိုး တိုးမြင့်ပေးလိုက်တယ်ပေါ့နော်။အားဖြည့်လိုက်သလို ဖြစ်သွားတယ်။ အဲဒီလိုဖြစ်သွားတဲ့ အတွက်ကြောင့် အထက်တရားရုံးတွေက ပြန်လည် စိစစ်ရမယ်။

 

ဗီဒီယိုများ