ပေါက်တော စခန်းမှူး ဒုရဲမှူး ကျော်ဇံနဲ့ အင်တာဗျူး

“ကျနော်တို့မှာက ရေကြောင်းကိုပဲ ဦးစားပေးသွားရတဲ့အခါမှာ သဘာဝအခက်အခဲတွေ ကြုံရတယ်။ အဲ့လိုအခြေအနေမှာဆိုရင် ခရီးကနှောင့်နှေးပြီးတော့ အချိန်မှီမရောက်နိုင်တာတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။”

ပေါက်တောမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူရတဲ့ အခြေအနေနဲ့ ရဲလမ်းခရီးများပြီး မော်တော်ဘုတ်တွေ မရှိတာကြောင့် တရားခံတွေကို အချိန် မဖမ်းဆီးနိုင်ဆိုတဲ့ အခက်အခဲတွေကို ပေါက်တောမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူးကျော်ဇံ ကို DMG သတင်းထောက် ဇော်ဇော် (မြောက်ဦး) က သွားရောက်မေးမြန်းထားပါတယ်။

20 Jul 2017

“ကျနော်တို့မှာက ရေကြောင်းကိုပဲ ဦးစားပေးသွားရတဲ့အခါမှာ သဘာဝအခက်အခဲတွေ ကြုံရတယ်။ အဲ့လိုအခြေအနေမှာဆိုရင် ခရီးကနှောင့်နှေးပြီးတော့ အချိန်မှီမရောက်နိုင်တာတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။”

ပေါက်တောမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူရတဲ့ အခြေအနေနဲ့ ရဲလမ်းခရီးများပြီး မော်တော်ဘုတ်တွေ မရှိတာကြောင့် တရားခံတွေကို အချိန် မဖမ်းဆီးနိုင်ဆိုတဲ့ အခက်အခဲတွေကို ပေါက်တောမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူးကျော်ဇံ ကို DMG သတင်းထောက် ဇော်ဇော် (မြောက်ဦး) က သွားရောက်မေးမြန်းထားပါတယ်။

(ပေါက်တောမြို့မရဲစခန်း။ ဓါတ်ပုံ - ဇော်ဇော် (မြောက်ဦး)/DMG)

မေး - ၂၀၁၆ - ၁၇  အတွင်းမှာ အမှုစုစုပေါင်းက ဘယ်လောက်ရှိပါသလဲ။

ဒုရဲမှူး ကျော်ဇံ - အမှုကတော့  ၂၀၁၆ ပထမလေးလတာ ကာလမှာပေါ့နော် အမှုကြီးက ၂ မှု၊ တခြားအမှုက ၃၉ မှု၊ ကြိုတင်ကာကွယ်မှုက ၅ မှု၊ အားလုံးစုစုပေါင်း ၄၆ မှု ဖြစ်ခဲ့တယ်။ အခု ၂၀၁၇ ပထမလေးလတာ ကာလမှာတော့ အမှုကြီးက ၅ မှုဖြစ်သွားတယ်။ တခြားအမှုက အမှု ၄၀၊ ကြိုတင်ကာကွယ်မှုက ၁၀ မှု စုစုပေါင်း ၅၅ မှု ဖြစ်သွားပါတယ်။ ဆိုတော့ ပထမလေးလတာ ကာလကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ်မှာ ၂၀၁၆ ခုနှစ်ထက် အမှုတိုးလာတယ်။ ၉ မှု တိုးသွားတယ်ပေါ့။ အခု ၂၀၁၇ ခုနှစ်မှာ ၉ မှုတိုးပြီးဖြစ်တဲ့ အနေအထားကတော့ ပထမလေးလတာကာလမှာ ပေါက်တောမြို့နယ် အနေအထားအခြေအနေအရ သွားရေးလာရေးခက်ခဲတဲ့ နေရာတွေက များတယ်ပေါ့။ အမှုအခင်းဖြစ်တာကလည်း တောနယ်တွေက ပိုများတယ်။ နယ်ဖက်တွေမှာက နည်းနည်း တရားဥပဒေစိုးမိုးမှု  အားနည်းတယ်ပေါ့။ အဲ့ဒါက ပထမလေးလတာ ကာလပေါ့။

ဒုတိယလေးလတာ ကာလမှာတော့ ၂၀၁၆ ခုနှစ်အတွင်းမှာ အမှုကြီးက ၄ မှုဖြစ်သွားတယ်။ တခြားအမှုက ၃၆ မှု၊ ကြိုတင်ကာကွယ်မှုက ၅၅ မှု ၊ အားလုံးစုစုပေါင်း ၉၅ မှုဖြစ်သွားတယ်။ ၂၀၁၇ ဒုတိယလေးလတာ ကာလအတွင်းမှာဆိုရင် အမှုကြီး ၁ မှု ၊ တခြားအမှု ၂၆ မှု၊ ကြိုတင်ကာကွယ်မှု ၆ မှု၊ စုစုပေါင်း ၃၃ မှုဖြစ်သွားတယ်။ ဆိုတော့ နှိုင်းယှဉ်ကြည့်တဲ့အခါ ၂၀၁၇ ဒုတိယလေးလတာကာလမှာ ဒီနေ့အထိပေါ့ ၃၃ မှု ဖြစ်နေတယ်။ လကုန်ဖို့ကလည်း ဘယ်လောက်မှ မရှိတော့ပါဘူး။ နောက်ထပ် အမှုထပ်ဖြစ်နိုင်မယ့် အလားအလာကလည်း နည်းပါးနေတယ်။ ဒုတိယလေးလတာ ကာလမှာ ကျနော်တို့က မှုခင်းကျဆင်းရေးအတွက် လုံခြုံရေးကိုလည်း လှည့်ကင်းတွေစိုမိုးပြီးတော့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ပိုပြီး ဆောင်ရွက်နိုင်ခဲ့တယ်။ လူထုနဲ့ထိတွေ့ပြီးတော့ မှုခင်းကျဆင်းရေးပညာပေးမှုတွေကို ပြုလုပ်ခဲ့တဲ့အတွက် မှုခင်းဖြစ်မှုနည်းသွားတယ်ပေါ့။ အခု လာမယ့် တတိယလေးလတာကာလကိုလည်း ကျနော်တို့က အမှုအနည်းဆုံးဖြစ်အောင်၊ ဖြစ်နိုင်လို့ရှိရင် လုံးဝမဖြစ်အောင်အတွက် ကျနော်တို့တပ်ဖွဲ့အနေနဲ့ပေါ့ လှည့်ကင်းတို့၊ မှုခင်းကျဆင်းရေးပညာပေးဟောပြောမှုလုပ်ငန်းတွေကို ပိုအားစိုက်ပြီးတော့ ဒုတိယလေးလတာကာလမှာထက် အမှုနည်းအောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။

မေး - ဟောပြောပွဲတွေကိုကော ဘယ်လိုအခြေအနေ၊ ပုံစံမျိုးတွေနဲ့ လုပ်ဖြစ်တာပါလဲ။ အမြဲရှိလားပေါ့။

ဒုရဲမှူး ကျော်ဇံ  - ရှိပါတယ်။ ကျနော်တို့ရဲတပ်ဖွဲ့ရဲ့ အစဉ်အဆက်ပေါ့။ ရဲတပ်ဖွဲ့ရဲ့ မှုခင်းကျဆင်းရေးလုပ်ငန်းစဉ်ထဲမှာတော့ အဓိက ပြည်သူကို ပူးပေါင်းပညာပေး ဟောပြောပွဲလုပ်ပြီးတော့ မှုခင်းကိုကျဆင်းအောင် ပိုပြီးတော့ ထိရောက်တဲ့လုပ်ငန်းတွေကို လုပ်နိုင်အောင် မှုခင်းကျဆင်းရေး ပညာပေးဟောပြောမှုတွေ ၊ နောက်ပြီးတော့ လှည့်ကင်းတွေလှည့်တယ်။ အဓိကအားဖြင့် မှုခင်းဖြစ်တဲ့လူတွေကတော့ နည်းနည်းအရက်သေစာ သောက်စားမှုတွေကလည်း ဖြစ်တဲ့သဘောရှိတယ် ဒေသအနေအထားအရေပေါ့နော်။ အရက်သောက်တယ် မဖြစ်သင့်တဲ့ကိစ္စလေးတွေနဲ့လည်း ဖြစ်တယ်။ အရက်မူးလာတဲ့အခါ ဆင်ခြင်တုံတရားအားနည်းကြတယ်။ ဒီအရက်တွေကိုလည်း ကျနော်တို့ သတင်းရတဲ့နေရာတွေကို လိုက်လံဖမ်းဆီးတာတွေ၊ အခုဆိုလို့ရှိရင် နယ်တော်တော်များများမှာလည်း ရပ်ရွာလူကြီးတွေက အရက်သေစာရောင်းချ၊ သောက်စားမှုတွေကို လက်မခံကြတော့ပါဘူး။ ခိုးဝှက်ပြီးတော့ ရောင်းချတာတွေတော့ ရှိတယ်။ သူတို့သတင်းရရင် ကျနော်တို့ကို လာသတင်းပေးတယ်။ ဒီကနေ ဆင်းဖမ်းဆီးပြီး အရေးယူဆောင်ရွက်မှုတွေလည်း ရှိပါတယ်။

မေး - လက်ရှိမှာ ဘယ်လိုအမှုတွေက အဖြစ်များပါလဲ ဆရာ။

ဒုရဲမှူး ကျော်ဇံ - လက်ရှိမှာတော့ မျးသောအားဖြင့် ခိုက်ရန်ဖြစ်ပွားတဲ့အမှုတွေက များပါတယ်။ ခိုက်ရန်ဖြစ်ပွားတဲ့အမှုဆိုတာက သာမန်အမှုလေးတွေပေါ့။ ဖြစ်တဲ့အနေအထားက ရွာတွေမှာပေါ့ အိမ်နီးနားချင်းတွေ အဆင်မပြေမှုတွေကြောင့် ဖြစ်တာတွေ များပါတယ်။ အခုလတ်တလော မကြာခဏဖြစ်ကြတယ်။ အိမ်နီးနားချင်းတွေ မြေပိုင်ဆိုင်မှုတွေကနေဖြစ်တယ်။ စီးပွားရေးအခြေအနေအရ ငွေကြေးအချေးအငှား ကိစ္စတွေကနေ ဖြစ်တာတွေရှိတယ်။ အမှုကြီးတွေကတော့ သိပ်မရှိသလောက်ပါပဲ။

မေး - ဆရာတို့ရဲတပ်ဖွဲ့ကနေ တစ်မြို့နယ်လုံးကို လုံခြုံရေးယူရတဲ့အပိုင်းမှာ ဘယ်လိုမျိုးအခက်အခဲတွေ ရှိပါသလဲ။ ဥပမာ လမ်းပန်းဆက်သွယ်ရေးလား။ ပြီးတော့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအခြေအနေတွေပေါ့။

ဒုရဲမှူး ကျော်ဇံ  - ပြည်သူတွေကလည်း အခု ကျနော်တို့ နယ်တွေကိုဆင်းပြီးတော့ မှုခင်းအသိပညာပေးမှုတွေ လုပ်လာတဲ့ အကြိမ်ပေါင်းများလာတော့ ပြည်သူနဲ့ထိတွေ့မှုတွေကလည်း ပိုများလာတယ်လို့ ပြောရမယ်။ မြို့ပေါ်မှာရော နယ်တွေမှာပါ။ ဒေသခံပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေကလည်း ပိုပြီးများလာတယ်လို့ သုံးသပ်လို့ ရပါတယ်။ များလာတယ်လို့ ဘာကြောင့်ပြောနိုင်လဲဆိုရင် အချိန်မီသတင်းရတယ်။ ကျနော်တို့ကို ဘယ်နေရာကပဲဖြစ်ဖြစ် တခုခုအကြောင်းအရာတစ်ခုဖြစ်လို့ရှိရင် ကျနော်တို့ဆီကို ဖုန်းနဲ့ဆက်သွယ်လို့သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း အမြန်ဆုံးသတင်းပေးကြတယ်။ အရင်ကထက်စာရင် အခုက အဲ့လို သတင်းပေးတာတွေ များလာပါတယ်။ သူတို့ဆီက သတင်းရရချင်း ကျနော်တို့ရဲတပ်ဖွဲ့ကလည်း အခင်းဖြစ်တဲ့နေရာတွေကို ကြိုတင်ပြီး မြန်မြန်ဆန်ဆန်သွားပြီးတော့ ထိန်းသိမ်းဆောင်ရွက်နိုင်တယ်။ စကားများနေရုံလောက်ဆိုရင် ကျနော်တို့သွားထိန်းလိုက်ရင် နောက်ထပ်ခိုက်ရန်ဖြစ်ပွားမှုတွေ မဖြစ်တော့ဘူးပေါ့။

အဓိကတော့ ကျနော်တို့ပေါက်တောမြို့နယ်ကတော့ မောင်တောမြို့နယ်သဘောသဘာဝအရ ပထဝီအနေအထားအရတော့ ရေကြောင်းကိုပဲ အဓိကအားထားပြီး တစ်နေရာတစ်နေရာ ၊ တစ်ရွာနဲ့တစ်ရွာ၊ တစ်အုပ်စုနဲ့တစ်အုပ်စုသွားနေရတယ်။ ကုန်းမြေအနေအထားကတော့ နည်းပါးတယ်။ ကုန်းကြောင်းခရီးသွားရတာက နည်းတယ်။ ရေကြောင်းကဆိုတော့ ကျနော်တို့မှာ သွားရေးလာရေးအတွက် ကိုယ်ပိုင်ဘုတ်မရှိတဲ့ အခက်အခဲတွေရှိတယ်။ ကျနော်တို့မှာ တစ်နေရာက တစ်နေရာသွားမယ်ဆိုရင် အနည်းဆုံးတော့ ဘုတ်ငှားရတယ်။ တန်ရာတန်ကြေးပေးရတယ်။ ပြီးရင် ရေကြောင်းကိုဦးစားပေးပြီး သွားရတဲ့နေရာတွေများတဲ့အတွက် သဘာဝဘေးအန္တရာယ်ဖြစ်မှာကိုလည်း စိုးရိမ်ရတယ်။ အဲ့လိုအခြေအနေလေးတွေ ရှိပါတယ်။ ကုန်းကြောင်းသွားလို့ရတဲ့ အနေအထားကတော့ ကားလမ်းပေါက်တဲ့နေရာကို ကား၊ ဆိုင်ကယ်လမ်းပေါက်တဲ့နေရာကို ဆိုင်ကယ်၊ ဆိုင်ကယ်လမ်းမပေါက်တဲ့ရောဆိုရင် ခြေလျင်ပေါ့။ အဓိကအားဖြင့်တော့ မြို့နယ်အနေအထားအရ ရေလမ်းကိုပဲ ဦးစားပေးသွားရတဲ့နေရာတွေ များပါတယ်။ နွေရာသီလောက်ဆိုရင်တော့ နည်းနည်းအဆင်ပြေပါတယ်။ မိုးရာသီဆိုရင်တော့ ရာသီဥတုအခြေအနေတွေကြောင့် သိပ်အဆင်မပြေဘူး။

ကျနော်တို့မှာက ရေကြောင်းကိုပဲ ဦးစားပေးသွားရတဲ့အခါမှာ သဘာဝအခက်အခဲတွေ ကြုံရတယ်။ အဲ့လိုအခြေအနေမှာဆိုရင် ခရီးကနှောင့်နှေးပြီးတော့ အချိန်မှီမရောက်နိုင်တာတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။

မေး - ဟုတ်ကဲ့ပါ။ အဲ့လိုဆိုရင် မှုခင်းတွေကို အချိန်မီ တားဆီးနိုင်ဖို့အတွက် သွားလာတဲ့အခါ အခက်အခဲရှိနေတာတွေအတွက် ဆိုင်ကယ်သော်လည်းကောင်း၊ ကားသော်လည်းကောင်း ပြည်နယ်က ချပေးတာတွေကော ရှိပါသလား။

ဒုရဲမှူး ကျော်ဇံ - ရှိပါတယ်။ အခု ကျနော်တို့မြို့နယ်မှာဆိုရင် တပ်ဖွဲ့ဝင်တွေအတွက် ကားနှစ်စီးထုတ်ပေးထားတာ ရှိပါတယ်။ ကားကြီးတစ်စီးနဲ့ ကားသေးတစ်စီးပေါ့။ ရေလမ်းကြောင်းအတွက်ကတော့ မော်တော်ကတော့ မရှိသေးပါဘူး။ ဟို ပြည်နယ်တပ်ဖွဲ့အနေနဲ့ကလည်း မော်တော်တွေဘာတွေ မရှိလို့လေ။ ဒါကြောင့် ထုတ်ပေးနိုင်တာတွေ မရှိသေးဘူးပေါ့။                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         

မေး - ပေါက်တောမြို့နယ်မှာ နယ်မြေရဲစခန်းနဲ့ဆိုရင် ရဲစခန်းဘယ်နခုလောက်ရှိပါသလဲ။

ဒုရဲမှူး ကျော်ဇံ  - ကျနော်တို့ပေါက်တောမြို့နယ်မှာ အခုလက်ရှိပေါ့လေ။ မြို့မရဲစခန်းတစ်ခုရယ် နယ်မြေရဲကောက်စခန်းနှစ်ခုရှိတယ်။ နောက်ပြီး ကျောက်တောင်ရဲကင်းစခန်းတစ်ခုရှိတယ်။ ဆင်တပ်မော်ရဲကင်းစခန်းရယ်။ နောက်ပြီး နယ်မြေလုံခြုံရေးရဲ့ကင်းကတော့ ၅ ခုလောက်ရှိတယ်။ ကျောက်ဆုရဲကင်း၊ ဆင်ပိုက်ရဲကင်း၊ ကြိမ်နွယ်ပြင်ရဲကင်း၊ အနောက်ရဲ ရဲကင်း၊ နောက် ပြိုင်းတောင်ရဲကင်းနဲ့ မင်းပြားမြို့နယ်နဲ့ ဆက်နွယ်တဲ့ သပြေကန်မှာ လှုပ်ရှားရဲကင်းတစ်ခုပါ။ မြို့မရဲစခန်းကနေ အားလုံးကို ထိန်းချုပ်ထားပါတယ်။

တပ်ဖွဲ့ဝင်အင်အားကတော့ တစ်မြို့နယ်လုံးလက်ရှိအင်အားဆိုရင် ၁၀၀ ကျော်ရှိတယ်။ ပေါက်တောမြို့နယ်မှာ လူဦးရေအားဖြင့်တော့ တစ်သိန်းရှစ်သောင်းကျော်လောက်ရှိတယ်။ ရဲနဲ့ပြည်သူ အချိုးချကြည့်မယ်ဆိုရင်တော့ တစ်အချိုး တစ်ထောင့်ငါးရာနဲ့ ရှစ်ဆယ့်ရှစ်လောက်ရှိတယ်။ ထိန်းသိမ်းရတဲ့အနေအထားပေါ့။ ပြောရမယ်ဆိုရင်တော့ ရဲအင်အားလိုအပ်နေသေးတယ်ပေါ့။ ရဲအင်အားကောင်းလာမယ်ဆိုရင် ပြည်သူတွေကို အခုထက်ပိုပြီး ထိန်းသိမ်းကူညီဆောင်ရွက်ပေးနိုင်မယ့် အနေအထားရှိပါတယ်။

မေး - အခုလိုမျိုး ရဲတပ်ဖွဲ့ဝင်အင်အားတွေ နည်းနေတာကို ဆရာ့အနေနဲ့ ဘယ်လိုမျိုးသုံးသပ်မိပါသလဲ။

ဒုရဲမှူး ကျော်ဇံ  - နည်းရတယ်ဆိုတာက ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြည်နယ်အတိုင်းအတာနဲ့ပေါ့။ ရခိုင်ပြည်နယ်အတိုင်းအတာအရ ရခိုင်ပြည်နယ်မှာ အဓိကအရေးကြီးတဲ့နေရာတွေကို ဦးစားပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချထားရတဲ့အနေအထားတွေရှိတာကြောင့် မလုံမလောက်တဲ့သဘောပါပဲ။ အဲ့ဒီလိုမျိုး သုံးသပ်ရပါမယ်။ ပြီးရင် ရဲတပ်ဖွဲ့ဝင်အားအားက စုဆောင်းရတာကလည်း ခက်ခဲတယ်။ ရဲတပ်ဖွဲ့ကို ဝင်လိုတဲ့ဆန္ဒရှိတဲ့သူက နည်းပါတယ်။ ရဲတပ်ဖွဲ့ဝင်အင်အား ထပ်ဖြည့်ဖို့အတွက် ကျနော်တို့ ဒေသခံလူငယ်လေးတွေအနေနဲ့ ကိုယ့်နေရာကိုယ့်ဒေသမှာ ရဲတပ်ဖွဲ့ဝင်တာဝန်ထမ်းဆောင်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာကို လုံခြုံရေးဆောင်ရွက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒေသခံတွေဟာ အဓိက ရဲတပ်ဖွဲ့ကို ဝင်လိုတဲ့ဆန္ဒအားနည်းနေတဲ့အခါ လုပ်ဆောင်ရတာ ခက်ခဲတာတွေ ရှိပါတယ်။ အသက်ကြီးလာတဲ့ တပ်ဖွဲ့ဝင်တွေဆိုရင်လည်း အငြိမ်းစားယူသွားတယ်။ တချို့ ကျန်းမာရေးမကောင်းလို့ အငြိမ်းစားယူသွားတယ်။  အဲ့ဒီမှာ အင်အားတွေ လျော့နည်းသွားတယ်ပေါ့။ အဲ့ဒီအင်အားကို ထပ်ဖြည့်ဖို့အတွက် တပ်ဖွဲ့ဝင်အသစ်တွေ စုဆောင်းရတာက နည်းနည်းခက်တယ်။

မေး - ဟုတ်ကဲ့ပါ။ ရဲတပ်ဖွဲ့ကို ဝင်မယ်ဆိုရင် ဘယ်လိုအချက်အလက်တွေ လိုပါသလဲ။

ဒုရဲမှူး ကျော်ဇံ  - တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့အတွက်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။ အဓိကတော့ခါ ကိုယ်လက်အင်္ဂါစုံရမယ်။ ခန္ဓာကိုယ်မှာ ဆေးမှင်ကြောင်တွေ မရှိရဘူး။ အသက်အားဖြင့်ဆိုရင် ၁၈ ကနေ ၃၀ ကြား၊ အရပ်က အနည်းဆုံး ၅ ပေ ၂ လက်မ ရှိရမယ်။ ပြစ်မှုပြစ်ဒဏ် ကင်းရှင်းရမယ်။ ပညာအရည်အချင်းက အနည်းဆုံး လေးတန်းအောင်ကနေပြီး ဘွဲ့ရအထိ။ အခု လေးတန်းအောင်တွေ ဘာတွေကတော့ စုဆောင်းရတာ အဆင်မပြေဘူး။ ပညာအရည်အချင်းအားနည်းမှုတွေ ရှိနေလို့။ အခု ၈ တန်းအောင်ကနေ ဘွဲ့ရအထိ ကျနော်တို့ ထပ်ပြီးစုဆောင်းနေပါတယ်။ တတ်နိုင်လို့ရှိရင် ညီလေးတို့မီဒီယာတွေကလည်း ပညာအရည်အချင်း ၈ တန်းအောင် လူငယ်လေးတွေရှိတယ်ဆိုလို့ရှိရင် ကျနော်တို့ရဲတပ်ဖွဲ့ကိုဝင်ပြီး တာဝန်ထမ်းဆောင်ဖို့ တဖက်တလမ်းကနေပြီး တိုက်တွန်းပေးဖို့ တောင်းဆိုချင်ပါတယ်။

မေး - အခုလက်ရှိမှာပေါ့နော် ။ ပေါက်တောမှာ ဆရာတို့ရဲတပ်ဖွဲ့ကနေပြီးတော့ တပ်ဖွဲ့ဝင်အင်အား တိုးလာဖို့အတွက် လှုပ်ရှားမှုတွေ ရှိပါသလား။

ဒုရဲမှူး ကျော်ဇံ - ရှိပါတယ်။ ကျနော်တို့နဲ့ ပြည်သူလူထုတွေ ထိတွေ့တဲ့ အချိန်တိုင်းပေါ့နော်။ မြို့ပေါ်မှာဆိုလည်း အဲ့လိုပေါ့။ ရပ်ကွက်လူကြီးတွေ၊ မိဘပြည်သူတွေနဲ့ တွေ့ဆုံတဲ့အချိန်တွေမှာရော၊ ပညာပေးဟောပြောတဲ့ အခါတွေမှာလည်း တပ်သားသစ်အဖြစ်နဲ့ ဝင်ရောက်တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိသူတွေကို ကျနော်တို့ရဲတပ်ဖွဲ့ကနေ လက်ကမ်းကြိုနေတယ်။ ဝင်ရောက်လိုရင်လည်း ဝင်ရောက်လာဖို့ အဲ့လို စည်းရုံးမှုတွေတော့ ရှိပါတယ်။

မေး - ပေါက်တောမြို့နယ်ရဲ့ လက်ရှိ တရားဥပဒေစိုးမိုးမှုပိုင်းနဲ့ တည်ငြိမ်မှုပိုင်းကကော ဘယ်လိုမျိုးရှိပါသလဲ။

ဒုရဲမှူး ကျော်ဇံ - ကျနော်တို့ ပေါက်တောမြို့နယ် အနေအထားကတော့ တရားဥပဒေစိုးမိုးမှု အနေအထားကတော့ ကောင်းပါတယ်။ ဒီအနေအထားအတိုင်း ဆိုလို့ရှိရင် ကျနော်တို့ ထိန်းချုပ်လို့ရပါတယ်။ အခုလည်း မှုခင်းတွေက ကျလာတာတွေ ရှိနေတော့လေ။ ကျနော်တို့ကလည်း မှုခင်းကျဆင်းပြီးတော့ နယ်မြေတည်ငြိမ်အေးချမ်းဖို့ကို ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ လုံခြုံရေးကတော့ စိုးရိမ်စရာမရှိပါဘူး။

မေး - ဆရာတို့ ပေါက်တောမြို့နယ်မှာလည်း ဘင်္ဂလီကျေးရွာတွေ ရှိနေတော့လေ ရခိုင်နဲ့ ဘင်္ဂလီ တွေကြားထဲမှာ တရားဥပဒေစိုးမိုးမှုပိုင်း ဆောင်ရွက်တဲ့အခါမှာကော အခက်အခဲတွေ ရှိပါသလား။

ဒုရဲမှူး ကျော်ဇံ  - သိပ်ပြီးတော့ အခက်အခဲမရှိပါဘူး။ ဘာလို့ဆိုရင် ဘင်္ဂလီတွေရှိတဲ့ နေရာတွေမှာလည်း ကျနော်တို့ရဲတပ်ဖွဲ့က ရဲကင်းတွေဖွင့်လှစ်ပြီးတော့ ဘင်္ဂလီနဲ့ ကျနော်တို့တိုင်းရင်းသားလူမျိုးတွေကြားထဲမှာ မလိုလားအပ်တဲ့ မှုခင်းတွေမဖြစ်အောင် အမြဲတမ်း ၂၄ နာရီ ကာကွယ်ဆောင်ရွက်မှုတွေ ရှိပါတယ်။ လက်ရှိအနေအထားမှာတော့ စိုးရိမ်စရာတော့ မရှိပါဘူး။

မေး - ဆရာ စောစောတုန်းက ပြောခဲ့တဲ့အမှုတွေထဲမှာ ဘင်္ဂလီနဲ့ပတ်သက်တဲ့ အမှုတွေကော ပါပါသလား။

ဒုရဲမှူး ကျော်ဇံ  - ဘင်္ဂလီအမှုကတော့ မရှိသလောက်တော့ နည်းပါတယ်။ အခုလက်ရှိအနေအထားအရပေါ့။ ဟိုးအရင်အရင်တုန်းကတော့ ရှိခဲ့ပါတယ်။ လက်ရှိ ၂၀၁၇ အတိုင်းအတာအရတော့ မရှိပါဘူး။

မေး - ကျနော်တို့ ကြားသိရသလောက် ပေါက်တောမှာ ကျွဲ၊ နွားပျောက်ဆုံးမှုတွေ များနေတယ်လို့ သိရပါတယ်။ အဲ့ဒီအပေါ်မှာကော ဆရာတို့ရဲတပ်ဖွဲ့က ဘယ်လိုမျိုးဆောင်ရွက်မှုတွေ ရှိပါသလဲ။

ဒုရဲမှူး ကျော်ဇံ - ကျွဲ၊ နွားပျောက်ဆုံးမှုကတော့ အခုအချိန်ထိ ကျနော်တို့ဆီမှာ လာရောက်ပြီး အမှုဖွင့်တိုင်တန်းတာကတော့ မရှိသေးဘူး။ ၂၀၁၇ အတွင်းမှာပေါ့။ တခါတလေကတော့ သတင်းကြားပါတယ်။ ဟို စားကျက်လွန်တာတွေပေါ့။ ဒီမှာက မိုးဦးကျကာလဆိုလို့ရှိရင် ကျွဲ၊ နွားတွေရဲ့ သဘာဝအရပေါ့။ စားရင်းစားရင်းနဲ့ စားကျက်လွန်သွားတယ်။ လယ်သမားတွေကလည်း လွှတ်ကျောင်းတဲ့စနစ်ဖြစ်နေတော့လေ။ နောက်ကနေပြီး ကျွဲ၊ နွားတွေကို ထိန်းကျောင်းတဲ့သူက တပါတည်းမရှိဘူး။ ဆိုတော့ ညကျရင် ချည်တဲ့နေရာကို ရောက်မလာဘူး။ အဲ့ဒီအခါ စားကျက်နေရာကို သွားကြည့်တော့ စားကျက်လွန်နေတာကြောင့် နေရာမှာ မရှိတာတွေလည်း ရှိတယ်။ အဲ့ဒီအရာတွေကို သတင်းစကား အကြောင်းကြားတဲ့အခါတွေတော့ ရှိတယ်။ ဥပမာ ကျနော့်မှာ ကျွဲသုံးကောင်းရှာမရဘူးပေါ့။ ချည်တဲ့နေရာကို မရောက်ပေါ့။ စားကျက်နေရာမှာ မတွေ့။ ဆိုတော့ သူတို့က ရှာကြည့်လို့ ပြန်တွေ့တဲ့အခါ ကျနော်တို့ကျွဲကတော့ ပြန်ရပြီပေါ့။ စားကျက်လွဲနေလို့ ဟိုနေရာက ရှာတွေ့တယ်ပေါ့။ အဲ့လိုပုံစံမျိုးနဲ့ ပြန်ပြီးအကြောင်းကြားတာတွေတော့ ရှိတယ်။ လုံးဝပျောက်သွားတယ်၊ ခိုးယူခံရတယ်လို့တော့ အခုချိန်ထိ သတင်းမရှိသေးပါဘူး။

မေး - နောက်တစ်ခုက လူငယ်ပိုင်းမှာပေါ့နော်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ဆရာတို့မှာ လှုပ်ရှားမှုတွေ ရှိပါသလား။ အသိပညာပေးမှုတွေ၊ နောက်ပြီး မှုခင်းတွေကော ရှိပါသလား။

ဒုရဲမှူး ကျော်ဇံ - အခု ကျနော်တို့ပေါက်တောမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ သတင်းတွေတော့ မရှိပါဘူး။ လူငယ်တွေကြားထဲမှာရော၊ လူလတ်၊ လူကြီးတွေကြားထဲမှာပါ မူးယစ်ဆေးဝါးကို သုံးစွဲနေတယ် သတင်းတော့ မရှိသေးပါဘူး။ ကျနော်တို့ကလည်း အမြဲတမ်းလေ့လာ စောင့်ကြည့်နေပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ မှုခင်းတွေ မဖြစ်အောင်၊ အချိန်မီ သတင်းရအောင်၊ အမာခံသတင်းပေးတွေနဲ့ရော ကိုယ့်တပ်ဖွဲ့ဝင်တွေကပါ နေ့စဉ်နဲ့အမျှ ကွင်းဆင်းပြီးတော့ လေ့လာစုံစမ်းနေပါတယ်။ အခုအချိန်ထိတော့ ပေါက်တောမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးဖြန့်ဖြူး သုံးစွဲနေတဲ့ သတင်းတော့ မရသေးပါဘူး။

မေး - ဆိုတော့ တလောက ဖြစ်သွားခဲ့တဲ့ နတ်ရှင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောစရာတွေများ ရှိပါသလား။ ဘာလို့လဲဆို ပြည်သူတွေ ကြားထဲမှာလည်း ဆရာတို့ရဲတပ်ဖွဲ့အပေါ် အထင်အမြင်လွဲနေတာတွေလည်း ရှိနေတော့လေ။

ဒုရဲမှူး ကျော်ဇံ - နတ်ရှင်ကျေးရွာကိစ္စကတော့ ကျနော်ဒီမှာ တာဝန်နဲ့ မရှိချိန်တုန်းက ဖြစ်သွားတာပါ။ ကျနော်က ရောက်ပြီးမှ သိရတာပါ။ အခုလည်း အဲ့ဒီကိစ္စကို တာဝန်ရှိတဲ့သူတွေက စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးနေပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ဆင့်ကဲဆင့်ကဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်အထိ တင်ထားတယ်လို့ သိရပါတယ်။ အကြောင်းတစုံတရာတော့ ရောက်မလာသေးဘူး။

ကျနော်မရှိချိန်တုန်းက ဖြစ်သွားတာဖြစ်တဲ့အတွက် အသေးစိတ်ကိုတော့ ကျနော်လည်း မပြောလိုပါဘူး။

မေး - လူကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီးတော့ကော ဆရာတို့ သတင်းရရှိထားတာတွေ ရှိပါသလား။

ဒုရဲမှူး ကျော်ဇံ  - ကျနော်တို့ မြို့နယ်မှာတော့ မကြားမိသေးပါဘူး။ ကျနော်တို့ပြုလုပ်တဲ့ မှုခင်းပညာပေးမှုတိုင်းမှာတော့ မှုခင်းနဲ့ပတ်သက်တဲ့ ကိစ္စအဝဝအားလုံးကို ထည့်သွင်းဆွေးနွေးဟောပြောမှုတွေ ရှိပါတယ်။ ပေါက်တောမြို့နယ်မှာ အရင်တုန်းကလည်း လူကုန်ကူးမှုဖြစ်စဉ်တွေ ရှိသံလည်း မကြားမိပါဘူး။

မေး - ဟုတ်ကဲ့ပါဆရာ။ ဆရာ့အနေနဲ့ နောက်ထပ်ဖြည့်စွက် ပြောဆိုချင်တာတွေများ ရှိပါသေးလား။

ဒုရဲမှူး ကျော်ဇံ  - ထွေထွေထူးထူးတော့ သိပ်မရှိတော့ပါဘူး။ အဓိက ကျနော်တို့ရဲတပ်ဖွဲ့က မြို့နယ်အတွင်းမှာ ၂၄ နာရီလုံး ကြိုးစားပြီးတော့ လုံခြုံရေးတာဝန်ယူဆောင်ရွက်ပြီး ကိုယ့်မြို့နယ် အေးချမ်းသာယာရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ အခုလို ကျနော်တို့ ရဲတပ်ဖွဲ့ရဲ့ အခက်အခဲတွေ၊ လုပ်ဆောင်နေတာတွေကို ဖြေကြားခွင့် ရတဲ့အတွက် အင်မတန်မှ ကျေးဇူးတင်ပါတယ်။

 

ဗီဒီယိုများ