တစ်ပူပေါ်နှစ်ပူဆင့် ရခိုင်ပြည်နယ် ဘေးဒုက္ခသည်များအရေး အချိန်မီကူညီပေးရန်လို

စစ်ရှောင်စခန်းများ၏ လိုအပ်ချက်များကို ကူညီအထောက်အကူပြုပေးမည့် နိုင်ငံတကာအလှူရှင် အဖွဲ့အစည်းများနှင့် အင်တာနက်လိုင်းများကို အစိုးရမှ ပိတ်ပင်ထားသောကြောင့် စစ်ဘေးရှောင်များအနေဖြင့် သူတို့၏ စားဝတ်နေရေးအပါအဝင် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် တခြားလူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။

By အယ်ဒီတာ 14 Jul 2019

ဇူလိုင် ၁၄ | DMG

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများဖြစ်ပွားမှုမှာ (၇) လကျော် မြင့်လာပြီဖြစ်သည်။ ထိုကာလအတွင်း စစ်ပွဲကြောင့် အတိဒုက္ခရောက်ရှိခဲ့သော ပြည်သူ (၅) သောင်းကျော်မှာ စစ်ဘေးရှောင်စခန်းများ၌ ဆင်းရဲဒုက္ခကြီးစွာဖြင့် နေထိုင်လျက်ရှိကြသည်။ နှစ်ဖက်တိုက်ပွဲများအတွင်း တပ်မတော်မှ ဖမ်ဆီးစစ်ဆေးစဉ် အရပ်သူသေဆုံးမှုမှာ အနည်းဆုံး ၁၅ ဦးထက် မနည်းရှိလာပြီး လက်သည်မပေါ်သည့် လုပ်ကြံသတ်ဖြတ် သေဆုံးမှုမှာလည်း အနည်းဆုံး ၁၀ ဦးထက်မနည်းရှိလာပြီ ဖြစ်သည်။ ယင်းအပြင် မတရားအသင်းဆက်သွယ်မှုပုဒ်မများဖြင့် ဖမ်းဆီးတရား စွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရသည့် ဒေသခံပြည်သူ ဒါဇင်ပေါင်းများစွာလည်း ရှိနေသေးသည်။

စစ်ပွဲ၏ဒဏ်ကို အဓိကခံရသောမြို့နယ်များမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊  ကျောက်တော်၊  မြောက်ဦး၊ မင်းပြား မြို့နယ်များ ဖြစ်သည်။ နှစ်ဘက်တိုက်ပွဲများကြောင့် ဒေသခံ ရခိုင်ပြည်သူများအနေဖြင့် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားနေကြရပြီး တစ်ချို့ကျေးရွာများ မီးရှို့ခံရသည့်အပြင်  ကျေးလက်ဒေသမှ တောင်သူများ၏ ကျွဲနွားများအတွက် အသက်သွေးကြောဖြစ်သော မိုးရာသီအစာရေစာအဖြစ် အသုံးပြုသည့် ကောက်ရိုးပုံများလည်း မီးချို့ခံနေရသည်။ ထို့ပြင်  တောင်သူများအနေဖြင့် သူတို့၏ လယ်ယာမြေများအား မိုးရာသီအတွင်း ထွန်ယက်စိုက်ပျိုးမှုကိုလည်း ပိတ်ပိုင်ခံနေရသည့်အတွက် လာမည့်နှစ်တွင် ရခိုင်ပြည်မြောက်ပိုင်းမှ ပြည်သူများအတွက်သာမက ရခိုင်တပြည်လုံးမှ ပြည်သူများအတွက်ပါ စားနပ်ရိက္ခာဖူလုံမှုပိုင်းတွင် အခက်အခဲ ရှိလာနိုင်သည်။

ဤသို့ ရခိုင်ပြည်မြောက်ပိုင်းမှ ပြည်သူများ စစ်ဘေးဒဏ်ကို အလူးအလဲခံစားနေချိန် ဇူလိုင်လ ပထမပတ်မှစ၍ ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်လွန်လာသလို ကုလားတန်မြစ်ရေမှာလည်း စိုးရိမ်ရေမှတ်ကျော်လွန်လာခဲ့သည့်အတွက်  မြောက်ဦး၊ မင်းပြား၊ ကျော်တော်မြို့နယ်များတွင် မြို့နယ်ရပ်ကွက်အချို့နှင့်  ကျေးရွာတစ်ချို့ကို ရေကျော်ဝင်ရောက်လျက်ရှိသည်။

ယင်းသို့ ရေကျော်ဝင်ရောက်မှုကြောင့် ရန်ကုန် - စစ်တွေကားလမ်းမကြီးရှိ လမ်းပိုင်းများ၊ စစ်ဘေးရှောင်စခန်းများကိုပါ ရေကျော်ဝင်ရောက်သဖြင့် ကုန်လမ်းခရီးသွားယာဉ်လိုင်းတစ်ချို့ ရပ်နားထားရသလို၊ စစ်ဘေးရှောင်ပြည်သူများနှင့် ရေကျော်ဝင်ရောက်သည့် ကျေးရွာသားများမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွေ့ခိုလှုံနေကြရသည်။

မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ရှောင်စခန်း၊ စင်းဘောကိုင်း ဒုက္ခသည်စခန်းတို့မှာ အဆိုးရွားဆုံး အခြေအနေဖြစ်လာနိုင်ပြီး ၎င်းစခန်းများသည် စစ်ဘေးရှောင်လူဦးရေ အများဆုံးနေထိုင်သည့် စခန်းများလည်းဖြစ်သည်။ မိုးဆက်လက်ရွာသွန်းမည်ဆိုပါက တစ်ခြားသော စစ်ဘေးရှောင်စခန်းများမှာလည်း  ရေဘေးအန္တရာယ်နှင့် ကြုံတွေ့လာရနိုင်သည်။

စစ်ရှောင်စခန်းများ၏ လိုအပ်ချက်များကို ကူညီအထောက်အကူပြုပေးမည့် နိုင်ငံတကာအလှူရှင် အဖွဲ့အစည်းများနှင့် အင်တာနက်လိုင်းများကို အစိုးရမှ ပိတ်ပင်ထားသောကြောင့် စစ်ဘေးရှောင်များအနေဖြင့် သူတို့၏ စားဝတ်နေရေးအပါအဝင် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် တခြားလူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။

ပို၍ဆိုးဝါးသည်မှာ မူလစစ်ရှောင်စခန်းများတွင် အစားအစာ၊ ဆေးဝါးနှင့် အစစအရာရာ ချို့တဲ့စွာနေထိုင်နေကြရသော စစ်ဘေးရှောင်ပြည်သူများမှာ ယခုတဖန် ရေဘေးကြောင့် တခြားနေရာများသို့ တိမ်းရှောင်လာကြရပြန်သည်။ ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာနိုင်သော မြောက်ဦးနှင့် မင်းပြားမြို့နယ်များမှ စစ်ဘေးရှောင်စခန်းများကို ဘေးလွတ်ရာသို့ အချိန်မီ ပို့ဆောင်ပေးရေးမှာ အဓိကအချက်ဖြစ်လာသည်။ စစ်ဘေးရှောင်များအတွက်  ရေဘေးကြောင့် ဖြစ်ပေါ်လာသည့်  နောက်ဆက်တွဲဆိုးကျိုးများနှင့် သူတို့၏စားနပ်ရိက္ခာ ဖူလုံရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံကာအလှူရှင်အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပလူမှုအဖွဲ့အစည်းများ၊ စီပွားရေးလုပ်ငန်းရှင်များနှင့် အချိန်မီပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာပေသည်။

စစ်ရှောင်အများစုတွင် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများ ပါဝင်နေသည့်အတွက် ရေဘေးအန္တရာယ်ရှိနိုင်သည့် စစ်ရှောင်စခန်းများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနိုင်ရေးအတွက် အစီအမံများကို ကြိုတင်ပြင်ဆင်စီစဉ်ထားရန် အရေးတကြီး လိုအပ်လာပါသည်။

စစ်ဘေးကြောင့် အခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူများမှာ ရေဘေးကြောင့်တဖန် အခက်အခဲဖြစ်လာခြင်းသည် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို အခက်အခဲ အကြပ်အတည်းများနှင့် ကြုံတွေ့လာရခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နေဖြင့် စစ်ဘေး၊ ရေဘေးသင့်နေသည့် ပြည်သူများကို အချိန်မီ အကူအညီပေးအပ်ရန် လိုအပ်ကြောင်း DMG မှ တိုက်တွန်းလိုက်ရပေသည်။

ဗီဒီယိုများ