စည်းလုံးညီညွတ်မှုဖြင့် ခရီးဆက်ရမည်

ရခိုင်လူမျိုးတို့၏ ဂုဏ်ယူစရာ အကောင်းဆုံးအချက်တစ်ခုမှာ အမျိုးကိုချစ်ခြင်းပင်ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာမှာ စည်းလုံးမှု အားမကောင်းခြင်းဖြစ်ဖြစ်သည်။ ထို့ကြောင့်ပင် အဖွဲ့အစည်းများ ပြိုပျက်စီးပြီး မိမိတို့ရည်မှန်းထားသလောက် ခရီးမရောက်ခဲ့သည်များကို ယနေ့ မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မည်။

By အယ်ဒီတာ 15 Jun 2019

ရခိုင်တို့၏ အတိတ်စာမျက်နှာကို လှန်ကြည့်လျှင် စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့သောကြောင့် ပြိုကွဲပျက်စီးခဲ့သည်ကို တွေ့မြင်ရပါလိမ့်မည်။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလများတွင် စည်းလုံးမှုသည် အရေးကြီးသည်။ စည်းလုံးမှုရှိမှသာလျှင် အောင်မြင်မှုကို ရရှိမည်ဖြစ်သည်။

ရခိုင်လူမျိုးတို့၏ ဂုဏ်ယူစရာ အကောင်းဆုံးအချက်တစ်ခုမှာ အမျိုးကိုချစ်ခြင်းပင်ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာမှာ စည်းလုံးမှု အားမကောင်းခြင်းဖြစ်ဖြစ်သည်။ ထို့ကြောင့်ပင် အဖွဲ့အစည်းများ ပြိုပျက်စီးပြီး မိမိတို့ရည်မှန်းထားသလောက် ခရီးမရောက်ခဲ့သည်များကို ယနေ့ မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မည်။

အထင်ရှားဆုံး ဖြစ်ရပ်များမှာ ရဟန်း၊ သံဃာ၊ လူပုဂ္ဂိုလ်များ၏ တောင်းဆိုချက်အရ ရခိုင်နှစ်ပါတီကို ပေါင်းစည်းခဲ့ကြခြင်းဖြစ်သည်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ၂၀၁၄ ခုနှစ်က ပေါင်းစည်းလိုက်ပြီး ရခိုင်အမျိုးသားပါတီကို တည်ထောင်လိုက်ကြသည်။ အောင်မြင်မှုအသီးအပွင့်များကို ပြည်သူလူထုလည်း ထပ်တူထပ်မျှပင် အထိုက်အလျောက် ခံစားခဲ့ရသည်။

ထို့ကြောင့် ပြည်သူများ ဝမ်းမြောက်ဝမ်းသာ  ဖြစ်ခဲ့ရသော်လည်း ကာလအတန်ကြာသော် ပါတီတွင်း စည်းလုံးမှုပြိုကွဲသွားပြီး သီးခြားစီ ပါတီသစ်ထောင်သည့် အနေအထားများသို့ ထပ်မံရောက်ရှိခဲ့ရသည်။

ယခုလတ်တလော အခြေအနေတွင်လည်း မြန်မာပြည်နိုင်ငံရေး၏ ထင်ရှားသည့် အမျိုးသမီးတစ်ဦးဖြစ်သူ စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်အမျိုးသမီးအစည်းအရုံးတွင် အဖွဲ့အစည်းအတွင်း ပြိုကွဲမှုများ ဖြစ်ပေါ်နေသည်။ ထိုသို့ စည်းလုံးမှုညီညွတ်မှု အားနည်းခြင်းများ ပေါ်ပေါက်နေသောကြောင့် ပြည်တွင်း၊ ပြည်ပက ရခိုင်လူမျိုးတို့မှာ စိတ်မသက်သာကြပေ။

အဖွဲ့အစည်းများ၊ အသင်းအဖွဲ့အစည်းများ စည်းလုံးမှုပျက်ပြားခြင်း၊ ကွဲပြဲခြင်းများကိုကြည့်လျှင် အချင်းချင်း စည်းလုံးမှုမရှိခြင်း၊ နေရာလုခြင်း တစ်နည်းအားဖြင့်ဆိုလျှင် ရာထူး၊ အာဏာမက်မောခြင်း၊ ညှိနှိုင်းလုပ်ဆောင်မှု မရှိဘဲ မိမိသည်သာ ဆရာအဖြစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေခြင်းတို့ကြောင့် ဖြစ်သည်။ မိမိတို့လုပ်ဆောင်ချက်သည်သာလျှင် အမှန်ဖြစ်ခြင်း၊ ဗဟိုချုပ်ကိုင်မှုများခြင်းကြောင့်လည်း စည်းလုံးညီညွှတ်မှု ပျက်ပြားခြင်းများရှိသည်။

ရခိုင့်အမျိုးသားနိုင်ငံရေး တလျှောက်လုံးတွင်လည်း အတိတ်သင်ခန်းစာများကိုကြည့်လျှင် ဂိုဏ်းဂဏဆန်ခြင်း၊ အချင်းချင်း အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ အသိမှတ်ပြုမှု အားနည်းခြင်းနှင့် ခေါင်းဆောင်အချင်းချင်း တစ်ဦးအပေါ်တစ်ဦး သံသယစိတ်ပွားများမှုတို့ကြောင့် အဖွဲ့အစည်းနှင့် ပါတီတွင်း ပဋိပက္ခများကို ဖြေရှင်းကြရာတွင် မိတ်ဖက်နှင့် ရန်ဖက်၊ အတွင်းနှင့်အပြင်၊ အဓိကနှင့်သာမညကို ကွဲကွဲပြားပြား ခွဲခြားမှုမရှိဘဲ ပုဂ္ဂိုလ်ရေးဆန်ဆန် အရောရော အနှောနှော စိတ်လိုက်မာန်ပါ ဖြေရှင်းခဲ့ကြသည်။ ထို့ကြောင့် မိမိတို့ရဲဘော်ရဲဘက်နှင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်ဝမ်းကွဲပြားမှုနှင့် စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ရာမှ နောက်ဆုံး ပါတီ၊ အဖွဲ့အစည်းများ အကွဲအပြဲဖြစ်ခဲ့ရသည့် အဆင့်အထိ ရောက်ခဲ့ရပေသည်။

ယနေ့ ရခိုင်လူ့အဖွဲ့အစည်းတွင် အများအကျိုး လုပ်ဆောင်ရန်အတွက်ဟု ရည်ရွယ်ကာ အသင်းအဖွဲ့၊ ကွန်ရက်၊ ဖောင်ဒေးရှင်း စသည်ဖြင့် ဖွဲ့စည်းတည်ထောင်ကြသည်။ တချို့အဖွဲ့အစည်းများမှာ အောင်မြင်မှုရှိသော်လည်း တချို့အဖွဲ့အစည်းများမှာ  ပြိုကွဲယိမ်းယိုင်သွားသည်။

ရခိုင်ဘုရင့်နိုင်ငံတော်အဆင့်မှ နိဂုံးချုပ်သွားသည့် ယနေ့ရခိုင်ပြည်နယ်၏ အခြေအနေသည် စီးပွားရေး၊ ပညာရေး စသည့် အဘက်ဘက်မှာ နိမ့်ကျနေသည်။ ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်လူမျိုးတိုင်းက တတ်နိုင်သည့်ဘက်မှ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်ရမည် ဖြစ်သည်။

အတိတ်က စည်းလုံးမှုပြိုကွဲခဲ့သောကြောင့် တိုင်းပြည်ကျရှုံးခဲ့ရသည့် အခြေအနေများကို သင်ခန်းစာယူကာ လက်ရှိပစ္စုပ္ပန်ကာလတွင် အချင်းချင်း ညှိနှိုင်းလုပ်ဆောင်မှုများနှင့် စည်းလုံးမှုအပြည့်ဖြင့် ခရီးဆက်ရန် လိုအပ်ပါကြောင်း ကျွန်ုပ်တို့ Development Media Group (DMG) က ရေးသားလိုက်ရပါသည်။

ဗီဒီယိုများ