“မီး”မလောင်ခင် တားဆီးပါ

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်မှစတင်ပြီး မွတ်ဆလင်နှင့်ရခိုင်တို့ကြား လူမျိုးရေးနှင့်ဘာသာရေးအသွင် ပြဿနာများ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ပြဿနာလုံးဝရှုပ်ငြိမ်းသွာပြီဟု ပြော၍မရသေးပေ။ သို့သော် နှစ်ဖက်အသိုင်းအဝိုင်းတို့အကြား သဟဇာတဖြစ်စွာနေထိုင်နေပြီဟု ဆိုရပေမည်။

21 Feb 2020

အယ်ဒီတာ့အာဘော် | DMG

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်မှစတင်ပြီး မွတ်ဆလင်နှင့်ရခိုင်တို့ကြား လူမျိုးရေးနှင့်ဘာသာရေးအသွင် ပြဿနာများ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ပြဿနာလုံးဝရှုပ်ငြိမ်းသွာပြီဟု ပြော၍မရသေးပေ။ သို့သော် နှစ်ဖက်အသိုင်းအဝိုင်းတို့အကြား သဟဇာတဖြစ်စွာနေထိုင်နေပြီဟု ဆိုရပေမည်။

ယင်းကြားထဲတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့လည်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ လက်ရှိအချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။ နှစ်ဖက်တိုက်ပွဲများကြောင့် ကလေးသူငယ်၊ ကျောင်းသား/သူ၊ သက်ကြီးရွယ်အိုများ အသက်ဆုံးရှုံးနေကြရပြီး စစ်ဘေးရှောင်ပြည်သူများလည်း တစ်သိန်းကျော်အထိ ရှိလာပေသည်။ ဤသို့ရှုပ်ထွေးလှသည့် ပြဿနာများနှင့် တစ်နှစ်ကျော်ကြာလာသည့် စစ်ပွဲအခြေအနေ တင်းမာနေမှုများကြောင့် ရခိုင်ပြည်နယ်သည် နိုင်ငံတကာ၏အာရုံစိုက်မှုကို ခံနေရသည်။

လက်ရှိအချိန်တွင် မွတ်ဆလင်နှင့် ရခိုင်တို့၏ဆက်ဆံရေးသည် ယခင်ကထက် ကောင်းလာသည်ဟု ဆိုနိုင်သော်လည်း ယခုလအတွင်းတွင်ပင် ပြဿနာနှစ်ခုပေါ်ပေါက်ခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က မင်းပြားမြို့နယ်၊ လက်မရွာလမ်းက ဖြတ်သွားသည့် ရခိုင်လူငယ်သုံးဦးကို သောက်စားမူးယစ်နေသည့် မွတ်ဆလင်လူအုပ်စုတစ်ခုက ရိုက်နှက်ခဲ့ကြသောကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြသည်။

သို့သော် ထိုပြဿနာ ဆက်မကြီးထွားအောင် နှစ်ဖက်အသိုင်းအသိုင်းခေါင်းဆောင်များက ထိန်းနိုင်ခဲ့သည်။ အခင်းဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင် ရွာသားများကို မွတ်ဆလင်နှင့်ရခိုင်တို့ကြား ပြဿနာဖြစ်ပွားလို့မရကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရမည် ဖြစ်ကြောင်းများကို ယင်းကျေးရွာများကြား အစည်းအဝေးများခေါ်ယူပြီး ညှနှိုင်းပြောဆိုခဲ့ကြသဖြင့် ယခုအခါ ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ် ဖြစ်သွားခဲ့ပေသည်။

သို့သော် ထိုပြဿနာတည်ငြိမ်သွားပြီးနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသားနှစ်ဦးကို ရခိုင်လေးဦးခန့်က ရွာအဝင်တွင် ရိုက်နှက်ခဲ့သဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးမှာထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထိုပြဿနာကို မကျေနပ်သော အနီးအနားမှ မွတ်ဆလင် ရွာသားများသည် နောက်တစ်ရက်တွင် လမ်းသွားလမ်းလာ ရခိုင်အချို့ကို ရိုက်နှက်တိုက်ခိုက်ခဲ့သဖြင့် ဒဏ်ရာများရရှိသွားကြသည်။

ယခင်ဖြစ်ပွားခဲ့သော ခါးသီးလှသည့် လူမျိုးရေးနှင့် ဘာသာရေးအသွင် ပဋိပက္ခများကြောင့် လက်ရှိအချိန်တွင် နှစ်ဖက်အသိုင်းအဝိုင်းများအကြား မည်သို့မျှ ပြဿနာမဖြစ်ပွားလိုဘဲ ဒေသတွင်းတည်တည်ငြိမ်ငြိမ်ဖြင့် နေထိုင်ချင်ကြသည်။၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော ပဋိပက္ခ၏ အကျိုးဆက်များကို သင်ခန်းစာယူပြီး ရေရှည်တွင် ယခုထက် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တည်ဆောက်ချင်ကြသည်ကို တွေ့ရသည်။

အထူးသတိထားလုပ်ဆောင်ရမည့်အချက်မှာ နှစ်ဖက်အသိုင်းအဝိုင်းတို့ကြား ရေရှည်ဆက်ဆံရေး ပြေပြစ်မှုနှင့် သဟဇာတကျစွာ နေထိုင်နိုင်ရေးတို့အတွက် မိမိတို့ဒေသခံများအချင်းချင်း စိတ်ခံစားချက်များကို ရှေ့တန်းတင်ပြီး ပြဿနာများ ပြန်လည်ကြီးထွားလာအောင် မည်သို့မျှ မလုပ်ဆောင်သင့်ပေ။

ယခုအခါ အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွင် တစ်ချို့ပုဂ္ဂိုလ်များက လူမျိုးရေးနှင့် ဘာသာရေးအမုန်းစကားများ ဖြန့်ဝေနေပြီး ထိုသူများ၏ စကားများကို နားမယောင်သင့်ဘဲ မိမိတို့ နှစ်ဖက်အသိုင်းအဝိုင်းများကြား ပြဿနာမကြီးထွားအောင် စဉ်းစားဆင်ခြင်သင့်ပြီး ယခင်ကထက် ပေါင်းသင်းဆက်ဆံရေး ပြေပြစ်လာအောင် ကြိုးစားလုပ်ဆောင်သင့်ပေသည်။

ထု့ိကြောင့် အစိုးရအနေဖြင့် နှစ်ဖက်အသိုင်းအဝိုင်းတို့ကြား ပြဿနာထပ်မံ မဖြစ်ပွားအောင် ထိန်းချုပ်ရန်လိုအပ်ပြီး ဆက်ဆံရေး ပိုမိုအဆင်ပြေလာအောင်လည်း ဆောင်ရွက်ပေးရန် လိုအပ်ပေသည်။ ယင်းအပြင် အင်တာနက် လူမှုကွန်ရက်တွင် အမုန်းစကားများ ဖြန့်ဝေနေသူများကိုလည်း လေ့လာစောင့်ကြည့်ပြီး အရေးယူသင့်လျှင် ယူရမည်ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း မိမိတို့လူမျိုးနှင့် အသိုင်းအဝိုင်းတို့အပေါ် သြဇာညောင်းသည့် ပုဂ္ဂိုလ်များကလည်း တစ်ဖက်နှင့်တစ်ဖက် ပြဿနာ မဖြစ်ပွားကြရန်နှင့် သဟာဇာတကျစွာနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်မှုများလိုအပ်ပြီး အမုန်းစကားများ အလွယ်တကူပြန့်ပွားနိုင်သည့် အင်တာနက်လူမှုကွန်ရက်နှင့် မြေပြင်အခြေအနေများကို လေ့လာသုံးသပ်ပြီး မလိုလားအပ်သည့် ဘာသာရေးနှင့် လူမျိုးရေးအသွင် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရအောင် အချိန်မီတားဆီးမှုများလည်း လိုအပ်ပေသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် နှစ်ဘက်အသိုင်းအဝိုင်းများအကြား ယုံကြည်မှုပိုရှိလာမည်ဖြစ်ပြီး ရေရှည်ဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာအစိုးရသည် ၂၀၁၇ ခုနှစ်က မောင်တောဒေသက မွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်များဖြင့် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲဆိုထားမှုနှင့်ပတ်သက်ပြီး အမှုရင်ဆိုင်နေရသည်။ ထိုကဲ့သို့ အချိန်မျိုးတွင် နှစ်ဖက်အသိုင်းများအကြား ဆက်ဆံရေးတင်းမာနေမည်ဆိုပါက ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်လာနိုင်ပြီး အစိုးရအတွက် နိုင်ငံရေးအရ စိန်ခေါ်မှုအသစ်တစ်ခု ထပ်မံဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် မွတ်ဆလင်နှင့်ရခိုင်တို့ကြား ပြဿနာများထပ်မံ မဖြစ်ပွားအောင်နှင့် ဆက်ဆံရေးပိုကောင်းလာစေရန် အစီအမံများကို ယခုထက်ပိုမိုလုပ်ဆောင်သင့်ကြောင်း ကျွနု်ပ်တို့ DMG က တိုက်တွန်း အကြံပြုလိုက်ရပါသည်။

ဗီဒီယိုများ