Facebook တွင် စောင့်ကြည့်နေသူများရှိသည်

ရခိုင်ပြည်နယ်သည် စစ်ရေးပဋိပက္ခ၊ မွတ်ဆလင်အရေးကိစ္စတို့ကြောင့် ရှုတ်ထွေးမှုများစွာရှိသည်။ ထိုအခြေအနေများတွင် လူထုအပေါ် သြဇာလွှမ်းမိုးမှုရှိသော လူပုဂ္ဂိုလ်တို့သည် Facebook ပေါ်တွင် Post တစ်ခုတင်ခြင်း၊ မှတ်ချက်တစ်ခုပေးခြင်းသည် သာမန်လူတို့ထက် စိတ်ဝင်စားမှုခံစားရသည်။

18 Dec 2019

အယ်ဒီတာ့အာဘော် | DMG

သတင်းများကို အချိန်နှင့်တပြေးညီ သိရှိရခြင်း၊ မိမိရေးသားလိုသည့် ထင်မြင်ယူချက်များကို ချက်ချင်းရေးတင်နိုင်ခြင်းတို့ကြောင့်Facebook ကို လူတိုင်းကြိုက်နှစ်သက်ကြသည်။ ထို့အပြင် မိမိဖတ်ရှုလိုသည့် သုတ၊ ရသစာပေများကို ဖတ်ရှုတ်နိုင်ခြင်းတို့ကြောင့်လည်း စွဲမက်စရာတစ်ခုဖြစ်လာသည်။ တစ်ဖက်မှာ Facebook ပေါ်တွင် သတင်းတု၊ သတင်းမှားများလည်း စက္ကန့်နှင့်အမျှ မြင်တွေ့နေရသည်မှာ စိတ်ပျက်စရာပင်။

ထိုသို့ အကောင်း၊ အဆိုး ပြည့်နှက်နေသော Facebook တွင် သံုံးစွဲသူများ၏ ဆင်ခြင်တုံတရားသည် အဓိကကျသည်။ Post တစ်ခုမတင်မီ တင်သင့်၊ မတင်သင့် အကြိမ်ကြိမ်စဉ်းစားခြင်း၊ သတင်း(သို့မဟုတ်)အကြောင်းအရာတစ်ခုကို ဖတ်ရှုလိုက်ရလျှင် မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးရန်လည်း လိုအပ်သည်။ Facebook တွင် တင်သမျှသည် မှန်ကန်သည်ဟု မယူဆသင့်ပေ။

တစ်ချို့ အဖွဲ့အစည်း(သို့မဟုတ်) တစ်ချို့ပုဂ္ဂိုလ်များသည် Facebook သုံးစွဲသူများကို စောင့်ကြည့်နေကြသည်။ နိုင်ငံရေးလောကတွင်သြဇာရှိသော ပုဂ္ဂိုလ်များ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များ စသည့် ထင်ရှားကျော်ကြားသူများတင်နေသည့် Post များကို အမြဲစောင့်ကြည့်နေကြသည်။

ရခိုင်ပြည်နယ်သည် စစ်ရေးပဋိပက္ခ၊ မွတ်ဆလင်အရေးကိစ္စတို့ကြောင့် ရှုတ်ထွေးမှုများစွာရှိသည်။ ထိုအခြေအနေများတွင် လူထုအပေါ် သြဇာလွှမ်းမိုးမှုရှိသော လူပုဂ္ဂိုလ်တို့သည် Facebook ပေါ်တွင် Post တစ်ခုတင်ခြင်း၊ မှတ်ချက်တစ်ခုပေးခြင်းသည် သာမန်လူတို့ထက် စိတ်ဝင်စားမှုခံစားရသည်။ ၎င်းတင်လိုက်သော အကြောင်းအရာသည် မိမိအဖွဲ့အစည်း၏ သဘောထား မဟုတ်သော်လည်း အဖွဲ့အစည်းသဘောထားဟု စောင့်ကြည့်ဖတ်ရှုသူများက မှတ်ယူကြသည်။

ယခုအခါ ပါတီ၊ အဖွဲ့အစည်းများက ပုဂ္ဂိုလ်များသည် မိမိ၏ Facebook တွင် အကြောင်းအရာများစွာ စိတ်ကြိုက်တင်နေသည်ကို တွေ့ရသည်။ တစ်ချို့ပုဂ္ဂိုလ်များ ရေးသားမှုများမှာ အစွန်းရောက်ခြင်း၊ အမုန်းတရားပွားများ စေမည့် အကြောင်းအရာဖြစ်နေခြင်း၊ ယုတ္တိမရှိသည့် အရေးအသားများကို တွေ့ရှိရသည်။ ထိုသို့ ရေးသားခြင်းမှာ မိမိ၏ထင်မြင်ချက်သာ ဖြစ်သည်ဟု တုန့်ပြန်၍မရတော့ပေ။ ၎င်းအဖွဲ့အစည်း၏ မူဝါဒ(သို့မဟုတ်) သဘောထားဟု မှတ်ယူကြပါလိမ့်မည်။

ထိုအကြောင်းအရာများသည် စောင့်ကြည့်သူများထံတွင် မည်သည့်အခါမှ ပျောက်ပျက်သွားမည် မဟုတ်ပေ။ လိုအပ်သည့် တစ်ချိန်ချိန်တွင်  ထိုအချက်များကို ထုတ်သုံးကြလိမ့်မည်။ လတ်တလောတွင် ထိုအကြောင်းအရာများကြောင့် မိမိနှင့် မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျဆင်းစေနိုင်သည်။

Facebook ပေါ်တွင် လွတ်လပ်စွာရေးသားခွင့်ရှိသော်လည်း မိမိအဖွဲ့အစည်းအတွက်၊ မိမိအတွက် သက်ရောက်မှု မည်သည့်အထိရှိသည်ကို ချိန်ဆ၍ သတိပြုရေးသားရန် လိုအပ်ပါကြောင်း မိမိတို့ DMG က အကြံပြုရေးသား လိုက်ရပေသည်။

ဗီဒီယိုများ