အမုန်းစကားပြောဆိုမှု ချက်ချင်းရပ်

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့အကြား စစ်ရှိန်မြင့်မားလာသည်နှင့်အပြိုင် တိုက်ပွဲများကို အကြောင်းပြုပြီး အင်တာနက် လူမှုကွန်ရက်များပေါ်တွင် ဗမာနှင့် ရခိုင်တို့အကြား ဆက်ဆံရေးတင်းမာလာမည့် အခြေအနေသို့ ရောက်အောင် အမုန်းစကားများ ဖန်တီးရေးသားနေသူတစ်ချို့ ရှိနေသည်။

By အယ်ဒီတာ 16 Feb 2019

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့အကြား စစ်ရှိန်မြင့်မားလာသည်နှင့်အပြိုင် တိုက်ပွဲများကို အကြောင်းပြုပြီး အင်တာနက် လူမှုကွန်ရက်များပေါ်တွင် ဗမာနှင့် ရခိုင်တို့အကြား ဆက်ဆံရေးတင်းမာလာမည့် အခြေအနေသို့ ရောက်အောင် အမုန်းစကားများ ဖန်တီးရေးသားနေသူတစ်ချို့ ရှိနေသည်။

အမုန်းစကားပြောဆိုမှုများသည် အင်တာနက်လူမှုကွန်ရက်ပေါ်မှာတင် မပြီးဆုံးသေးဘဲ ရန်ကုန်မြို့လယ်ထိတိုင် သယ်ဆောင်လာခဲ့သည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့က တပ်မတော်၏ လေးလကျော်ကြာ ပစ်ခတ်ရပ်စဲရေး ကြေငြာချက်ကြိုဆိုခြင်းနှင့် တိုင်းရင်းသားများမှ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ရေး ဆန္ဒဖော်ထုတ်ပွဲတွင် အမျိုးသားလွှတ်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ဒီဇင်ဘာလက စတင်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ ယင်းသို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ရက္ခိုင့်တပ်မတော်(AA) ကို ဦးလှဆွေက မကျေနပ်ပေ။ ထို့ကြောင့် သူ့ မကျေနပ်ချက်များကို ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ဖွင့်ဟပြောဆိုခဲ့သည်။ သို့သော် သူ့ပြောဆိုမှုများမှာ ရက္ခိုင့်တပ်မတော် တစ်ခုတည်းကိုသာ ဦးတည်ပြောကြားချက် မဟုတ်ခဲ့ဘဲ ရခိုင်တစ်မျိုးသားလုံးကို စော်ကားရာရောက်ခဲ့သည်။

ရခိုင်လူမျိုးများသည် ရှေးယခင်နှစ်ပေါင်းများစွာကပင် မိမိတို့ပြည်ကို အာရကန် (Arakan) ပြည်ဟု ဂုဏ်ယူဝင့်ကြွားစွာ ခေါ်ဆိုခဲ့ကြသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ဦးလှဆွေက ရခိုင်သည် အာရကန်မဟုတ်ကြောင်း၊ အာရကန်ဟုခေါ်သည်မှာ ဘင်္ဂါလီက ခေါ်သည်ဟု ပြောဆိုခဲ့သည်။ ယင်းကြောင့်   AA ဆိုသည့် အာရကန်အာမီသည် ရခိုင်အာမီ ဖြစ်နိုင်သလား၊ ဘင်္ဂါလီအာမီဖြစ်နိုင်သလားဟု မေးခွန်းထုတ်ခဲ့သည်။ ယင်းအပြင် အာရကန်အာမီသည် ဘင်္ဂါလီကို ကာကွယ်စောင့်ရှောက်မည့် အာမီဟု ပြောဆိုခဲ့သည်။

ရခိုင်လူမျိုးအားလုံးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိမိတို့ပြည်ကို အာရကန်ပြည်ဟု ခေါ်ဆိုနေခြင်းကို ယင်းစကားလုံးသည် ရခိုင်ကို ခေါ်ခြင်းမဟုတ်ဟု ပြောဆိုမှုမှာ စော်ကားမှုတစ်ရပ်၊ အမုန်းစကားပြောဆိုမှုဟု ရခိုင်လူမျိုးများက မှတ်ယူကြသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ထောင်နှင့်ချီသော ဗမာတိုင်းရင်းသားများ ပါဝင်ဆင်နွဲှနေကြသည်။ ဦးလှဆွေ၏ စကားကြောင့် ရခိုင်လူမျိုးများသည် မိမိတို့၏ ပြည်အမည်ကို ရခိုင်ဟု မခေါ်ဘဲ ဘင်္ဂါလီများ ခေါ်ဆိုသည့် စကားလုံးကို သုံးစွဲနေသည်ဟု တစ်ချို့သော ဗမာများက အထင်အမြင်လွဲှသွားနိုင်သည်။ ယင်း၏ အကျိုးဆက်အဖြစ် ရခိုင်များအပေါ် ဒေါသထွက် မုန်းတီးနိုင်သည်။

တစ်ဖက်တွင်လည်း ရက္ခိုင့်တပ်မတော်ကို ရခိုင်လူမျိုးအများစုက ထောက်ခံကြသည်။ ဦးလှဆွေပြောကြားချက်တွင် ရက္ခိုင့်တပ်မတော်သည် ဘင်္ဂါလီကို ကာကွယ်စောင့်ရှောက်မည့် အာမီဟု ပြောကြားခဲ့ခြင်းကြောင့်လည်း ရခိုင်လူမျိုးများအပေါ် မုန်းတီးနိုင်ပေသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့          တိုက်ပွဲစတင်ဖြစ်ပွားစဉ်ကပင် ရခိုင်များအပေါ် တစ်ချို့သော ဗမာများက မုန်းတီးမှု၊ ဒေါသထွက်ခြင်း၊ ဆဲမှုများ ရှိနေသည်။ ယင်းသို့အခြေအနေ ရှိနေချိန်မှာ ပိုမိုရှုပ်ထွေးသည့် အလားအလာသို့ ရောက်ရှိနိုင်သည့် စကားကိုပြောဆိုခြင်းသည် ကောင်းမွန်သည့်လက္ခဏာ တစ်ရပ်တော့ မဟုတ်ပေ။

ရခိုင်နှင့်ဗမာတို့သည် သီးခြားကမ္ဘာတွင် ရှိနေခြင်းမဟုတ်ပါ။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် အတူတကွ ယှဉ်တွဲနေထိုင်နေကြခြင်း ဖြစ်သည်။ ရခိုင်ပြည်ထဲတွင်လည်း ဗမာလူမျိုးများစွာ နေထိုင်၊ အလုပ်လုပ်ကိုင်လျက် ရှိကြသည်။ ယင်းကဲ့သို့ပင် ရန်ကုန်၊ မန္တလေး စသည့် နေရာများတွင်လည်း ရခိုင်လူမျိုးများ နေထိုင်၊ အလုပ်လုပ်ကိုင်လျက် ရှိကြသည်။

ယင်းကြောင့် ဗမာ-ရခိုင် တစ်စုံတစ်ရာ ပြဿနာဖြစ်ပေါ်လာပါက နှစ်ဘက်အသိုင်းအဝိုင်းကြား ရိုက်ခတ်မှု ကြီးမားမည်ဖြစ်သည်။ လူမျိုးစုနှစ်ခုကြား ပြဿနာဖြစ်ပေါ်လျှင် နေ့ချင်း၊ ရက်ချင်း ပြေလည်သည် မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း ပြေလည်ချင်မှ ပြေလည်မည်။ ထို့ကြောင့် ဗမာ-ရခိုင် တို့ကြား ဆက်ဆံရေးတင်းမာမှု၊ ပြဿနာဖြစ်စေမည့် အလားအလာသို့ မရောက်အောင် တားဆီးကြရမည်ဖြစ်သည်။

လူမျိုးစုနှစ်ခုကြား ပြဿနာဖြစ်ပွားမည့် စကား(သို့မဟုတ်)အမူအရာကို ရှောင်ကြဉ်ခြင်းဖြင့် ပြဿနာဖြစ်ပွားမည့် အခြေအနေက ကင်းလွတ်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း လူမှုကွန်ရက်တွင် ဖြစ်စေ၊ လူမှုပတ်ဝန်းကျင်တွင် ဖြစ်စေ လူမျိုးစုအချင်းချင်းကြား ပြဿနာဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ  လုပ်ကြံသူများ၊ အမုန်းစကား ဖြန့်ဝေသူများကို အစိုးရနှင့် သက်ဆိုင်ရာ လူမျိုးများက တားဆီးရမည်ဖြစ်သည်။ ယင်းကဲ့သို့ ပြုလုပ်သော်လည်း အခြေအနေ ဆိုးလာပါက အစိုးရအနေဖြင့် ထိရောက်စွာ အရေးယူရမည်ဖြစ်သည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိလာမည်ဖြစ်သည်။ 

ယင်းကြောင့် လူမျိုးတစ်ခုနှင့် တစ်ခုကြား အေးဆေးတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် အမုန်းစကားပြောဆိုမှု ချက်ချင်းရပ်တန့်ကြရန် မိမိတို့ Development Media Group(DMG)  က တိုက်တွန်းလိုက်ရသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထွက်ရှိသော Development News Journal အမှတ် (၁၀၃) မှ အယ်ဒီတာ့အာဘော်ကို ဖော်ပြခြင်းဖြစ်သည်။

 

 

ဗီဒီယိုများ