အနောက်တံခါးကို ကာကွယ်ပါ

သမ္မတဦးဝင်းမြင့် ပြောသကဲ့သို့ ဆိုးဝါးလှသော သဘာဝဘေးဒဏ်များ ကင်းလွတ်ခဲ့သည်ဟု ပြောဆိုချက်မှာ မှန်ကန်မှုရှိသည်။ သို့သော် ယင်းနှင့်တစ်ဆက်တည်းပြောသော မောင်တောဒေသအတွင်းလည်း တည်ငြိမ်အေးချမ်းမှု အခြေအနေကောင်းများ ရရှိနေသည်ဟု ပြောဆိုမှုမှာ မှန်ကန်မှုမရှိပေ။ ၂၀၁၇ ခုနှစ်ကကဲ့သို့ ဆိုးဆိုးဝါးဝါး အကြမ်းဖက်မှုများ ဖြစ်ပွားမှုမရှိသော်လည်း မကြာခဏဆိုသလို ဒေသခံတိုင်းရင်းသားများမှာ တိုက်ခိုက်ခံရမှု၊ ပျောက်ဆုံးမှုများနှင့် ကြုံတွေ့နေရသည်။

31 Dec 2018

၂၀၁၈ ခုနှစ်အတွင်းတွင် ရခိုင်ပြည်နယ်၌ ဆိုးဝါးလှသော သဘာဝဘေးဒဏ်များလည်း ကင်းလွတ်ပြီး  မောင်တောဒေသအတွင်းတွင်လည်း တည်ငြိမ်အေးချမ်းမှု အခြေအနေကောင်းများ ရရှိနေသည့်အတွက် မင်္ဂလာရှိသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်ဟု နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားထားသည်။

သမ္မတဦးဝင်းမြင့် ပြောသကဲ့သို့ ဆိုးဝါးလှသော သဘာဝဘေးဒဏ်များ ကင်းလွတ်ခဲ့သည်ဟု ပြောဆိုချက်မှာ မှန်ကန်မှုရှိသည်။ သို့သော် ယင်းနှင့်တစ်ဆက်တည်းပြောသော မောင်တောဒေသအတွင်းလည်း တည်ငြိမ်အေးချမ်းမှု အခြေအနေကောင်းများ ရရှိနေသည်ဟု ပြောဆိုမှုမှာ မှန်ကန်မှုမရှိပေ။ ၂၀၁၇ ခုနှစ်ကကဲ့သို့ ဆိုးဆိုးဝါးဝါး အကြမ်းဖက်မှုများ ဖြစ်ပွားမှုမရှိသော်လည်း မကြာခဏဆိုသလို ဒေသခံတိုင်းရင်းသားများမှာ တိုက်ခိုက်ခံရမှု၊ ပျောက်ဆုံးမှုများနှင့် ကြုံတွေ့နေရသည်။

သမ္မတသဝဏ်လွှာပေးပို့ပြီး နှစ်ရက်အကြာ ဒီဇင်ဘာလ (၁၇)ရက်နေ့မှာလည်း မောင်တောမြို့နယ်က ရခိုင်မျိုးနွယ်စုဝင်(၂)ဦး ငါးရှာရန် သွားစဉ် ဘင်္ဂါလီ(၆) ဦးက ဓားဖြင့်ခုတ်ခဲ့သောကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။ ယင်းအပြင် ငါးရှာရန်သွားသော ရခိုင်လူမျိုးနှစ်ဦးမှာလည်း လည်လှီးအသတ်ခံရသည်။ သူတို့နှစ်ဦးကို သတ်သောသူများသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။ မည်သို့ပင်ဆိုစေ သမ္မတကြီး ပြောသကဲ့သို့ ၂၀၁၈ ခုနှစ်သည် မောင်တောဒေသ တည်ငြိမ်မှုရှိသော နှစ်တစ်နှစ်မဟုတ်သည်မှာ အထင်အရှားပင် ဖြစ်သည်။

လက်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ကြား တိုက်ပွဲပြင်းထန်မှု ရှိနေသည်။ မောင်တောဒေသသည် အထက်က ဖော်ပြထားသကဲ့ဖြစ်စဉ်များ ပေါ်ပေါက်နေသောကြောင့် တည်ငြိမ်အေးချမ်းနေသည့် အခြေအနေဟု ပြောဆို၍ မရသေးပေ။

ယင်းကြောင့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ မောင်တောဒေသတို့တွင် တိုက်ပွဲဖြစ်ပွားနေသည်ကို အခွင့်ကောင်းယူ၍ မောင်တောဒေသအတွင်းတွင် ၂၀၁၇ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့က အကြမ်းဖက်မှု ထပ်မံပြုလုပ်လာမည်ကို ဒေသခံများက စိုးရိမ်မှုများရှိနေကြသည်။

မောင်တောဒေသရှိ တိုင်းရင်းသားများအား လုပ်ကြံသတ်ဖြတ်သူများကို အမြန်ဆုံးဖော်ထုတ်ပြီး အရေးယူရန် အရေးကြီးသည်။ နောက်နောင်တွင် ယင်းဒေသတွင် ဒေသခံများသတ်ဖြတ်ခံရမှု ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် အစိုးရအနေနှင့် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ တိုက်ပွဲဖြစ်ပွားနေမှုကို အခွင့်ကောင်းယူ၍ ARSA  အဖွဲ့က တိုက်ခိုက်မှု မပြုလုပ်နိုင်ရန်  လုံခြုံရေးအစီအမံများ ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် ဒေသခံများ တည်ငြိမ်မှု၊ငြိမ်းချမ်းမှုရှိသော လူမှုဘဝကို ပိုင်ဆိုင်နိုင်ရန် အစိုးရအနေဖြင့် အနောက်တံခါးကို ကာကွယ်ပေးရန် ကျွန်ုပ်တို့ Development Media Group(DMG) က တိုက်တွန်းလိုက်ရသည်။

ဗီဒီယိုများ