မင်္ဂလာနှစ်သစ်မှသည်….

တိုက်ပွဲများဖြစ်ပွားသည့် အရပ်ဒေသများတွင် ပြည်သူများ မြေစာပင်ဖြစ်ရသည်။ နိုင်ငံရေးအယူအဆ မတူညီတိုင်း လက်နက်ကိုင်တပ်ဖွဲ့များက ဖမ်းဆီးတတ်ကြသဖြင့် ပြည်သူများမှာ ကျီးလန့်စားနေထိုင်နေရသည်။ မည်သို့ပင်ဆိုစေ ယခုကဲ့သို့ လက်ရှိအာဏာရပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လွှတ်ပေးလိုက်သောကြောင့် အစိုးရ ၊ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှု အထမြောက်အောင်မြင်လာနိုင်ပြီး ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူဖြစ်စေလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။

By အယ်ဒီတာ့အာဘော် 03 Jan 2021

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူးတော့ပြီ။ ၂၀၂၀ ပြည့်နှစ်သည် ရခိုင်ပြည်နယ်အတွက် အလွန်ဆိုးရွားသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး စစ်ပွဲ၊ ကပ်ဘေးများကြောင့် ပြည်သူများ ဒုက္ခဆင်းရဲရောက်ခဲ့ရသည်။ ကုန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၏ သေနတ်သံတညံညံဖြင့် ပြည်သူများ အိုးအိမ်ကိုစွန့်ခွာထွက်ပြေးရ၊ ပြည်သူများ သေကြေဒဏ်ရာရသော အခြေအနေဖြင့် နှစ်သစ်ကိုစတင်ခဲ့ရပေသည်။ သို့သော် ယခု ၂၀၂၁ ဇန် နဝါရီလ ၁ ရက်နေ့ နှစ်သစ်အခါသမယသည် ကုန်လွန်ခဲ့သည့် နှစ်သစ်များနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်နှက်နေပေသည်။

နှစ်နှစ်ကျော်ကြာ ဖြစ်ပွားနေသော တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲသည် ရပ်တန့်နေသလို အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၏ တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို နှစ်သစ်တွင် AA က လွှတ်ပေးခဲ့သည်။

၎င်းတို့သုံးဦးကို အောက်တိုဘာလ ၁၄ ရက်နေ့ က တောင်ကုတ်မြို့နယ်၊ ဖောင်းကားကျေးရွာတွင် မဲဆွယ်စည်းရုံးရန်လာရောက်စဉ် AA က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှစ်လကျော်ကြာအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် ဖမ်းဆီးခံနေရသည့် ရခိုင်နိုင်ငံရေးသမားများ၊ အရပ်သားများကို ပြန်လွှတ်ပေးမှသာလျှင် လွှတ်ပေးမည်ဟု မာထန်သည့် ထုတ်ပြန်ချက်များကို ထုတ်ခဲ့ရာမှ ယခုကဲ့သို့ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။  

ထိုနည်းတူ NLD အစိုးရလက်ထက်တွင် အမှန်တကယ် ပြစ်မှုကျုးလွန်ခြင်းမရှိဘဲ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထိန်းသိမ်းခံနေရသော ရခိုင့်နိုင်ငံရေးသမား ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်၊ စစ်ပွဲဆန့်ကျင်ရပ်တန့်ရေး  ဆန္ဒပြကျောင်းသားများ အပါအဝင်  တခြား AA နှင့် ဆက်နွယ်ပတ်သက်မှု ရှိသည်ဟု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော အပြစ်မဲ့ပြည်သူများကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကိုရှေးရှု၍ အမြန်ဆုံး ပြန်လွှတ်ပေးသင့်ပေသည်။ ထို့နောက် AA/ULA ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းကို အစိုးရမှ အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးသင့်ပြီး အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန်လည်း အရေးကြီးပေသည်။

တိုက်ပွဲများဖြစ်ပွားသည့် အရပ်ဒေသများတွင် ပြည်သူများ မြေစာပင်ဖြစ်ရသည်။ နိုင်ငံရေးအယူအဆ မတူညီတိုင်း လက်နက်ကိုင်တပ်ဖွဲ့များက ဖမ်းဆီးတတ်ကြသဖြင့် ပြည်သူများမှာ ကျီးလန့်စားနေထိုင်နေရသည်။ မည်သို့ပင်ဆိုစေ ယခုကဲ့သို့ လက်ရှိအာဏာရပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လွှတ်ပေးလိုက်သောကြောင့် အစိုးရ ၊ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှု အထမြောက်အောင်မြင်လာနိုင်ပြီး ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူဖြစ်စေလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။

တစ်ဖက်တွင်လည်း အစိုးရက ဖမ်းဆီးတရားစွဲဆိုထားသော ရခိုင်နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်သားများ များစွာရှိနေသည်။ ရခိုင်နိုင်ငံရေးခေါင်ဆောင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို စာပေဟောပြောရုံဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားသည်။ ထိုကဲ့သို့ နိုင်ငံရေးသမားများ၊ အရပ်သားများ ဖမ်းဆီးခံနေရသောကြောင့် အစိုးရကို ရခိုင်လူထုများက ပြစ်တင်ဝေဖန်ကြသည်။ ငါးနှစ်တာကာလတွင် အစိုးရနှင့် ရခိုင်လူထု၏ ဆက်ဆံရေးသည်လည်း ပြေလည်မှုမရှိခဲ့ဘဲ  အမျိုးသားရင်ကြားစေ့ရေးအခန်းကဏ္ဍ ပျောက်ဆုံးနေခဲ့သည်။

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ NLD က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများဆုံး အနိုင်ရရှိခဲ့သောကြောင့် လာမည့်အစိုးရကိုလည် းဖွဲ့စည်းခွင့်ရရှိတော့မည်ဖြစ်သည်။ NLD အစိုးရအနေဖြင့်လည်း ရခိုင်လူထုများနှင့် အမျိုးသားရင်ကြားစေ့ရေး အခန်းကဏ္ဍကို တိုးမြှင့်လုပ်ဆောင်ရန် အရေးကြီးသည်။ သို့မှသာလျှင် ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး စသည့် လုပ်ငန်း များဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့မည်ဖြစ်သည်။

“ကျွန်မတို့ ပြည်ထောင်စုသားများအကြား မတူညီတဲ့ အယူအဆ၊ သဘောထားအမြင်များကြောင့် မေတ္တာဆိတ်သုဉ်း၊ ဒေါသပွားရာမှ စစ်မီးတွေတောက်ကာ ငြိမ်းချမ်းမှု လောင်ကျွမ်းတဲ့ သံသရာဆိုးကြီးက လွတ်မြောက်စေနိုင်မယ့် အပြန်အလှန် နားလည်လေးစားယုံကြည်မှုများ များစွာခိုင်မြဲဖို့ဖြစ်ပါတယ်” ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနေ့တွင် ပြောကြားခဲ့သည်။

ထို့ကြောင့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လွှတ်ပေးခဲ့သည့်နည်းတူ ဖမ်းဆီးခံနေရသည့် ရခိုင်နိုင်ငံ ရေးသမားများ၊သံသယဖြင့် ဖမ်းဆီးခံနေရသည့် အရပ်သားပြည်သူများကိုလည်း မေတ္တာတရားရင်မှာပွားပြီး အမြန်ဆုံး လွှတ်ပေးသင့်ပေသည်။ သို့မှသာလျှင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးကို လက်တွေ့အကောင်အထည်ဖော်ရာလည်း ရောက်မည်ဖြစ်ပြီး လာခြင်းကောင်းသော မင်္ဂလာနှစ်သစ်ဖြစ်ကြောင်း ပြသရာလည်း ရောက်ပေမည်။

၂၀၂၁ ၏ နှစ်အစသည် လာခြင်းကောင်းခဲ့လေပြီ။ အစမှသည် အဆုံးလည်း ချောချောမွေ့မွေ့ ဖြစ်ရန် အထူးအရေးပါသည်။ ထိုကဲ့သို့ဖြစ်လာစေရန်အတွက်လည်း  ရခိုင်ပြည်နယ်၏ ဇာတ်ကောင်များဖြစ်သည့်  အစိုးရ၊ တပ်မတော်၊ ရက္ခိုင့်တပ်တော်(AA)နှင့် ရခိုင်နိုင်ငံရေးအင်အားစုတို့က တစ်ညီတစ်ညွှတ်တည်း လုပ်ဆောင်ရန်အရေးကြီးပါကြောင်း မိမိတို့ DMG က တိုက်တွန်းလိုက်ရပေသည်။

ဗီဒီယိုများ