ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကို ရှေးရှုလျှင် AA ကို ပင်လုံသို့ဖိတ်သင့်သည်

လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး တခြားဒေသများတွင်တော့ ကြီးကြီးမားမားတိုက်ပွဲဖြစ်ပွားခြင် းမရှိပေ။ တပ်မတော်နှင့် AA တို့သည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ကုန်ပိုင်းကပင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

13 Aug 2020

အယ်ဒီတာ့အာဘော် | DMG

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပမည်ဖြစ်သည်။ ယခင် ၂၁ ရာစုပင်လုံညီလာခံများတွင် ရက္ခိုင့်တပ်တော်(AA) အပါ အဝင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ကြားခဲ့သော်လည်း ယခုကျင်းပမည့် ညီလာခံတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာခံခြင်းထားရသည့် AA ကို ဖိတ်တော့မည်မဟုတ်ဟု အစိုးရဘက်က ပြောဆိုထားသည်။

လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး တခြားဒေသများတွင်တော့ ကြီးကြီးမားမားတိုက်ပွဲဖြစ်ပွားခြင် းမရှိပေ။ တပ်မတော်နှင့် AA တို့သည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ကုန်ပိုင်းကပင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

တိုက်ပွဲကြောင့် ပြည်သူလူထု နှစ်သိန်းခန့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှု အရေအတွက်သည် တစ်နေ့တစ်ခြား ပိုများလာနေသည်။ ထိုအခြေအနေတွင် ရက္ခိုင့်တပ်တော် (AA) ကို ၂၁ ရာစု ပင်လုံညီလာခံသို့ မဖိတ်ခေါ်ခြင်းမှာ ငြိမ်းချမ်းရေးကို မျှော်လင့်နေသည့် ပြည်သူများအတွက် ဝမ်းနည်းစရာတစ်ခုဖြစ်သွားသည်။

အစိုးရနှင့် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်များသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြခဏပြုလုပ်ခဲ့သော်လည်း သေချာသည့်ရလာဒ်များမထွက်ပေါ်နိုင်ခဲ့ဘဲ ရခိုင်ပြည်နယ်တွင် တစ်နေ့ထက်တစ်နေ့ တိုက်ပွဲများသာ ပိုများလာသည်။

သို့သော် ယခုကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံကို AA ကို ဖိတ်ကြားပါက ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းနိုင်ပြီး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခွင့် မရသည့်တိုင်အောင် နှစ်ဦးနှစ်ဘက် ဆက်ဆံရေး ကောင်းမွန်စေမည်ဖြစ်ပြီး အပြုသဘောဆောင်သည့် လက္ခာဏာဟု မှတ်ယူစရာဖြစ်သည်။

AA ကို မဖိတ်လျှင် ၎င်း၏ နိုင်ငံရေး၊ စစ်ရေးမဟာမိတ်ဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA)တို့လည်း ဆွေးနွေးပွဲကို တက်ရောက်ရန်မသေချာသလို နှစ်ဦးနှစ်ဘက် ဆက်ဆံရေးတွင်လည်း အဖုအထစ်များ ပိုများလာနိုင်သည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ဆိုလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပမည် ဖြစ်ပြီး ပါတီများလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းထုတ်ပြန်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းစာ ရင်း အမည်စာရင်းတင်သွင်းခြင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးများအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြပြီ ဖြစ်သည်။ သို့ရာတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသောကြောင့် နေရာအားလုံး ရွေးကောက်ပွဲ မကျင်းပမည်ကို နိုင်ငံရေးပါတီများနှင့် ဒေသခံများ စိုးရိမ်နေကြသည်။

အမှန်ဆိုလျှင် ရွေးကောက်ပွဲကာလတွင် တိုက်ပွဲများကို ရပ်တန့်သင့်ပြီး တစ်နှစ်ကျော်ကြာ ပိတ်ပင်ထားသည့် အင်တာနက်လိုင်းများကိုလည်းအပြည့်အဝ ပြန်လည်ဖွင့်ပေးကာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ အကယ်၍ တိုက်ပွဲများဖြစ်ပေါ်နေပါက လွှတ်တော်ကိုယ်စားလှယ်လောင်းများသည်လည်း လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ရရှိမည် မဟုတ်ဘဲ မဲဆန္ဒရှင်ပြည်သူများလည်း စိတ်အေးချမ်းသာစွာဖြင့် လုံခြုံစိတ်ချစွာမဲပေးနိုင်မည် မဟုတ်ပေ။ ကြောက်လန့်မှု၊ စိုးရိမ်မှုများဖြင့် အိမ်ထဲမှအိမ်ပြင်သို့ ထွက်ရန်ပင် မဝံ့မရဲ ဖြစ်နေကြပေမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအနေဖြင့် အစိုးရသက်တမ်းမကုန်ဆုံးမီတွင် ရခိုင်ပြည်နယ်အတွင်း တောက်လောင်နေသော စစ်မီးများကို ငြိမ်းသတ်ခဲ့သင့်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံသို့ AA ကို ဖိတ်ခေါ်ပြီး တိုက်ပွဲများ ရပ်တန့်ရေးအတွက် လမ်းကြောင်းရှာ ဆောင်ရွက်သင့်ပေသည်။ သို့မှသာလျှင် ပြည်သူများ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရာရောက်မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက်လည်း အထောက်အပံ့ဖြစ်စေမည် ဖြစ်ကြောင်း မိမိတို့ DMG က ရှုမြင်သည်။

ဗီဒီယိုများ