တည်ငြိမ်နေသယောင်နှင့် ရှုပ်ထွေးလာနိုင်သည့် ရခိုင်ပြည်အရေး

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ဘာသာရေးပွဲလမ်းသဘင်တွေအပြင် စစ်ကောင်စီထောက်ခံပွဲမျိုးတွေကို ရခိုင်ပြည်တွင်းက မြို့နယ်အချို့မှာ အင်အားအများအပြားနဲ့ ပြုလုပ်နိုင်ခဲ့သလို ကျေးလက်ဒေသတွေအထိပါ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မပြုလုပ်ဖို့ သတိပေးတာမျိုးတွေ ပြုလုပ်လာနေပါတယ်။ ရက္ခိုင့်တပ်တော်အေအေကို ထောက်ခံတာတွေကိုလည်း ရပ်တန့်ကြဖို့ သတိပေးတာမျိုးတွေကိုလည်း တချိန်တည်းမှာ လုပ်ဆောင်လာနေပါတယ်။

08 Feb 2022

DMG ၊ ဖေဖော်ဝါရီလ

(အယ်ဒီတာ့အာဘော်)

မြန်မာတစ်နိုင်ငံလုံးမှာ ပွက်လောရိုက်ပြီး ပြည်တွင်းစစ်ကြီး မီးတောက်နေတဲ့အချိန်မှာ ရခိုင်ဒေသဟာ တိုက်ပွဲတွေမရှိဘဲ ငြိမ်သက်နေတယ်လို့ ထင်မြင်ယူဆလို့ ရကောင်းရနိုင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း ရခိုင်ပြည်မှာ စစ်မီးတောက်နေချိန် တစ်နိုင်ငံလုံးမှာ စစ်ပွဲတွေ ရပ်စဲနေခဲ့တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ နိုင်ငံတကာကပါ ရခိုင်ပြည်အရေးကို အထူးကိစ္စရပ်တစ်ခုအနေနဲ့ စောင့်ကြည့်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်အတွင်းမှာ တစတစနဲ့ အင်အားယူတည်ဆောက်လာနေတဲ့ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကတော့ အပြိုင်အဆိုင်ဆိုသလို ပွဲလမ်းသဘင်တွေကို ကျင်းပနေကြပေမဲ့လည်း စစ်ရေးအရတော့ အခြေအနေတစ်ခုထိ တင်းမာနေဆဲလို့ ဆိုရပါမယ်။
ရခိုင်ပြည်အတွင်းက နယ်မြို့တွေမှာပြုလုပ်တဲ့ ဇတ်ပွဲတွေ ဂီတဖျော်ဖြေပွဲတွေကို ရက္ခိုင့်တပ်တော်က ကြပ်မတ်ဆောင်ရွက်နေသလို ခေါင်းစဉ်အမျိုးမျိုးနဲ့ ပြုလုပ်နေတဲ့ မြို့ပေါ်က ပွဲလမ်းသဘင်တွေကိုတော့ စစ်ကောင်စီက စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ဘာသာရေးပွဲလမ်းသဘင်တွေအပြင် စစ်ကောင်စီထောက်ခံပွဲမျိုးတွေကို ရခိုင်ပြည်တွင်းက မြို့နယ်အချို့မှာ အင်အားအများအပြားနဲ့ ပြုလုပ်နိုင်ခဲ့သလို ကျေးလက်ဒေသတွေအထိပါ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မပြုလုပ်ဖို့ သတိပေးတာမျိုးတွေ ပြုလုပ်လာနေပါတယ်။ ရက္ခိုင့်တပ်တော်အေအေကို ထောက်ခံတာတွေကိုလည်း ရပ်တန့်ကြဖို့ သတိပေးတာမျိုးတွေကိုလည်း တချိန်တည်းမှာ လုပ်ဆောင်လာနေပါတယ်။

ဒီကြားထဲမှာလည်းပဲ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ဟာ မောင်တောမြို့နယ်အတွင်းမှာ ထိတွေမှု တစ်ကြိမ်ထပ်ပိုးပြီး ရှိလာနေပါတယ်။ ဒါဟာ ရခိုင်ပြည်အတွက် နောက်တစ်ကြိမ် တိုက်ပွဲခေါ်သံ ဖြစ်လာမှာကိုလည်း ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီကတော့ ရခိုင်ဒေသဟာ တည်ငြိမ်အေးချမ်းနေပြီး သူတို့အနေနဲ့ ကောင်းကောင်း စီမံခန့်ခွဲထားနိုင်တယ်ဆိုတာကို ပြသချင်တဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ တံတားဆောက် လမ်းဖောက်တဲ့ ကိစ္စမျိုးတွေကို အဖြစ်သဘောလုပ်ပြနေတာတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့လည်း တစ်ဖက်မှာတော့ ခရီးသွားလာသူတွေအပေါ်မှာ အရင်ကထက် ပိုပြီး ကြပ်မတ်စစ်ဆေးတာတွေကို လုပ်ဆောင်နေပါတယ်။ အဓိကတော့ အမ်းကနေ စစ်တွေမြို့အဝင်အထိ စစ်ဆေးရေးဂိတ်တွေမှာ တင်းကြပ်လာတာဖြစ်ပြီး ကုန်ပစ္စည်းတချို့ကိုလည်း သယ်ယူခွင့် ကန့်သတ်ခံထားရပါတယ်။ ဆေးဝါးနဲ့ ငါးခြောက်တို့လို ရိက္ခာခြောက်တွေကို လုံခြုံရေးနှင့်နယ်စပ်ရေးရေးရာဝန်ကြီးရဲ့ ခွင့်ပြုချက်ပါမှ သယ်ဆောင်ခွင့်ပြုတာမျိုးလုပ်နေကြပေမဲ့ ဘယ်ပစ္စည်းတွေကိုတော့ ကန့်သတ်ထားပါတယ်လို့ စစ်ဆေးရေးဂိတ်တွေမှာ တရားဝင် စာကပ်ထားတာမျိုးတော့ မတွေ့ရပါဘူး။ လိုအပ်လို့ စစ်ဆေးတာပါဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ခရီးသွားပြည်သူတွေ ခံနေကြရတာပါ။

နောက်တချက်က ဒေသဖွံ့ဖြိုးမှုလုပ်ငန်းတွေကို အကြောင်းပြပြီး စီမံကိန်းလုပ်ငန်းကြီးတွေကို ပြန်လည်စတင်ဖို့ လုပ်ဆောင်လာနေတဲ့အချက်ကလည်း ရှိနေပါသေးတယ်။ ဒီအပေါ်မှလည်း မရှင်းလင်းရသေးတဲ့ မြေယာလျော်ကြေးကိစ္စတွေကလည်း ရှိနေဆဲဖြစ်ပါတယ်။ မြေရှင်တွေအနေနဲ့လည်း သင့်တော်တဲ့လျော်ကြေးကိုသာ မရရှိဘူးဆိုရင် ဆန္ဒထုတ်ဖော်တာမျိုးတွေ ပြုလုပ်လာနိုင်ပါသေးတယ်။

စစ်ပွဲကာလအတွင်းက မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေက စစ်ဘေးရှောင် တချို့ဟာလည်း နေရပ်မပြန်နိုင်ကြသေးသလို မိမိနေရပ်ကို ပြန်ချင်နေကြတဲ့ ကျေးရွာသားတွေဟာဆိုရင်လည်း မရှင်းလင်းရသေးတဲ့ မိုင်းနဲ့စစ်ကျန်လက်နက် အန္တရာယ်တွေကြောင့်ဆိုပြီး စစ်ကောင်စီက ပြန်ခွင့်မပြုလို့ စစ်ဘေးရှောင်စခန်းတွေမှာ သောင်တင်နေကြဆဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်မှာ မရှင်းလင်းနိုင်သေးတဲ့ ပြဿနာတွေ တစ်ပုံတစ်ပင် ရှိနေဆဲပဲဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့တော့ ရခိုင်ဒေသဖက်ကို စစ်မျက်နှာဖွင့်ချင်ပုံမရပေမဲ့လည်း အောက်ခြေချင်း ထိတွေ့မှုနေတဆင့် အချိန်မရွေး စစ်ပွဲကြီးတွေ ပြန်ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ စစ်အစိုးရ အဆက်ဆက်မှာ နိုင်ငံရေးအရရှုပ်ထွေးမှုရှိလာတိုင်း အဓိကရုဏ်းတွေ ပဋိပက္ခတွေကို ဖန်တီးပြီး ရှောင်ထွက်ခဲ့တဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ မကြာသေးခင်က ရခိုင်ပြည်အတွင်းမှာ ဖြစ်သွားခဲ့တဲ့ မှုခင်းတွေကို ပြန်လည်ဆန်းစစ်ကြည့်ရင် လူမျိုးရေးပဋိပက္ခကို မီးမွှေးချင်တဲ့ လူတစ်စုတော့ ရှိနေတယ်လို့ သုံးသပ်လို့ ရနိုင်ပါလိမ့်မယ်။

ရခိုင်ပြည်ဟာ နယ်နိမိတ်အားဖြင့် သီးခြားပုံစံဆန်နေပေမဲ့လည်း လူမျိုးပေါင်းစုံနေထိုင်ရာ ဒေသတစ်ခုဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားမဟုတ်တဲ့ မွတ်ဆလင်၊ ချင်းလူမျိုးတွေနဲ့ ဗမာလူမျိုးတွေပါ ရောနှောနေထိုင်နေကြတဲ့ ဒေသတစ်ခု ဖြစ်တာကြောင့် ရခိုင်ပြည်အတွင်း နေထိုင်သူတွေအနေနဲ့ လူမျိုးရေးပဋိပက္ခကို မီးမွှေးချင်တဲ့သူတွေရဲ့ ထောင်ချောက်တွေကို အထူးသတိထားဖို့ လိုအပ်ပါတယ်။

အချိန်မရွေး ထပေါက်ကွဲနိုင်တဲ့ စစ်ကျန်လက်နက်ဗုံးသီးတစ်လုံးနဲ့ အလားသဏ္ဌာန်တူတဲ့ ရခိုင်ဒေသမှာ ကိုယ့်ဘဝ ခါးလှရုံလောက်နဲ့ စနက်တံကို မီးရှို့ပေးမယ့်သူတွေလည်း ရှိနေနိုင်ပါတယ်။ ရခိုင်ဒေသမှာ နေထိုင်သူတွေအနေနဲ့လည်း ဒီအခြေအနေကို အထူးသတိထားဖို့ လိုအပ်ပါလိမ့်မယ်။
ဒီလောက်ထိ တအုံအုံတနွေးနွေးနဲ့ ကြိမ်လုံးကို မီးအုံးထားသလို ဖြစ်နေတဲ့အခြေအနေမှာ နိုင်ငံတကာမှာ မျက်နှာရဖို့အတွက်တစ်ခုတည်းနဲ့ တစ်ဖက်ဘင်္ဂလားဒေ့ရှ်ကနေ ပြန်ဝင်လာမည့် မွတ်ဆလင်တွေကို လက်ခံမည့်အစီအစဉ်ကို စစ်ကောင်စီက အကောင်အထည်ဖော်လာနေပြန်ပါတယ်။ ဒီလောက်ရှုပ်ထွေးနေတဲ့ အနေအထားမှာ ဒီပြန်လည်လက်ခံရေး အစီအစဉ်ကို အကောင်အထည်ဖော်လာတာဟာ စစ်ကောင်စီရဲ့ တကယ့်စေတနာအမှန်ကော ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားစရာပါ။ ပြည်တွင်းက စစ်ဘေးရှောင်အရေးကိုတောင် စနစ်တကျ မဖြေရှင်းနိုင်သေးတဲ့ အခြေအနေမှာ ပြန်လည်လက်ခံရေးအစီအစဉ်ကို အကောင်အထည် ဖော်လာတာဟာ ရှုပ်နေတာကို ရှင်းအောင်လုပ်ရာမကျဘဲ ရှင်းရမယ့်ကိစ္စကို ပိုမို ရှုပ်ထွေးအောင် လုပ်ဆောင်နေတာနဲ့သာ တူနေပါတယ်။

မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ဟာ နှစ်ဖက်နာလည်မှုနဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းထားတာ ၁ နှစ်ကျော်ကြာလာတဲ့အချိန်မှာတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ တစ်ကြိမ်နဲ့ ဒီလ ဖေဖေါ်ဝါရီ ၄ ရက်နဲ့ မနေ့ကအထိ ပစ်ခတ်မှုတွေရှိလာနေပြီး ထိခိုက်ကျဆုံးမှုတွေပါ ရှိလာနေတာလည်း ဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်အတွင်းမှာ နောက်ထပ်တစ်ကြိမ် တိုက်ပွဲတွေပြင်းထန်လာဖို့ အစပျိုးတာမျိုး မဖြစ်လာစေဖို့ နှစ်ဖက်တာဝန်ရှိသူတွေအနေနဲ့ ညှိနှိုင်းဖြေရှင်းနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။

တကယ်လို့သာ ညှိနှိုင်းဖြေရှင်းတာမျိုးမလုပ်နိုင်ဘဲ စစ်ပွဲတွေသာ ဆက်လက်ဖြစ်ပွားလာမယ်ဆိုရင် ရခိုင်ပြည်အရေးဟာ ပိုမိုရှုပ်ထွေးလာနိုင်ပြီး ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ခုလို ဖြစ်သွားနိုင်တဲ့အတွက် နှစ်ဖက်လက်နက်ကိုင်တွေ အနေနဲ့ရော ရခိုင်ပြည်အတွင်းနေထိုင်ကြသူတွေအနေနဲ့ရော ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ DMG က တိုက်တွန်း ရေးသားလိုက်ရပါတယ်။

ဗီဒီယိုများ