မြန်မာ့နွေဦးနှင့်အတူ

မိမိတို့ DMG သည် အဖိနှိမ်ခံ ပြည်သူများနှင့်အတူ ရပ်တည်လျှက်ရှိပြီး အရေးတော်ပုံအတွင်း သေဆုံးသွားသူများ၏ မိသားစုဝင်များကဲ့သို့ ဝမ်းနည်းကြေကွဲရပါသည်။ အလားတူကိစ္စမျိုးသည် ပြီးခဲ့သည့်နှစ်များက ရခိုင်ပြည်အတွင်း များစွာဖြစ်ပေါ်ခဲ့သည်။  ထို့ကြောင့်လည်း DMG သည် မိဘပြည်သူများ၏ ခံစားချက်များကို နားလည်သဘောပေါက်ပြီး ကိုယ်ချင်းစာပါကြောင်း ထပ်လောင်းပြောလိုပါသည်။

By အယ်ဒီတာ့အာဘော် 08 Apr 2021

(အယ်ဒီတာ့အာဘော်)

ဥသြငှက်၏ တွန်သံနှင့်အတူ နွေဦးရောက်ရှိခဲ့ပြီဖြစ်သည်။ ကံ့ကော်၊ ပိတောက်၊ ငုပန်းများ ပွင့်လန်းဝေဆာလျှက် မြန်မာတို့၏ နှစ်သစ်ကို မကြာမီဖြတ်ကျော်ကြရမည်ဖြစ်သည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့်သန့်စင်ပြီး နှစ်သစ်ကို ကျန်းမာရွှင်လန်းစွာ ဖြတ်သန်းကြသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အစဉ်အလာတရပ်ပင်ဖြစ်သည်။

သို့သော် ယခုနှစ်နွေဦးသည်ကား ယခင်နှစ်များကဲ့သို့ လာခြင်းကောင်းသည့် နွေဦးမဟုတ်ပေ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုများနှင့်အတူ လူပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရမှုများလည်းရှိနေ သည်။ ထို့နောက် လူပေါင်းများစွာ ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ပုဒ်မများဖြင့် အမှုဖွင့်လှစ်ခံရသူများလည်း များစွာရှိနေပေသည်။ ယင်းအပြင် မီဒီယာတချို့ကိုလည်း လိုင်စင်ပိတ်သိမ်းသည်များလည်း ရှိလာသည်။

မိမိတို့ DMG သည် အဖိနှိမ်ခံ ပြည်သူများနှင့်အတူ ရပ်တည်လျှက်ရှိပြီး အရေးတော်ပုံအတွင်း သေဆုံးသွားသူများ၏ မိသားစုဝင်များကဲ့သို့ ဝမ်းနည်းကြေကွဲရပါသည်။ အလားတူကိစ္စမျိုးသည် ပြီးခဲ့သည့်နှစ်များက ရခိုင်ပြည်အတွင်း များစွာဖြစ်ပေါ်ခဲ့သည်။  ထို့ကြောင့်လည်း DMG သည် မိဘပြည်သူများ၏ ခံစားချက်များကို နားလည်သဘောပေါက်ပြီး ကိုယ်ချင်းစာပါကြောင်း ထပ်လောင်းပြောလိုပါသည်။

၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများကြောင့် ဖမ်းဆီး နှိပ်စက်ခံရမှု၊ သတ်ဖြတ်ခံရမှုပေါင်းများစွာရှိခဲ့သည်။ ရခိုင်ပြည်သူနှစ်သိန်းကျော်မှာလည်း မိမိတို့ကျေးရွာ အိုးအိမ်များကိုစွန့်ခွာပြီး စစ်ဘေးဒုက္ခသည်များဖြစ်ခဲ့ရပြီး ယနေ့အချိန်အထိ သူ့တို့ဘဝအသက်ရှင်ရပ်တည်ရေးနှင့် တခြားပညာရေး၊ ကျန်းမာရေးကိစ္စများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် နိုဝင်ဘာလမှစ၍ တိုက်ပွဲများရပ်တန့်နေသည့်အတွက် တချို့စစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်သွားကြသော်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် စားဝတ်နေရေးအခက်အခဲ့အပါအဝင် သူတို့ကျေးရွာ အနီးပတ်ဝန်းကျင်များတွင် မြေမြှပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများပေါက်ကွဲမှုများကြောင့် ပြည်သူများအနေဖြင့် အသက်အန္တရာယ်နှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးများနှင့် ရင်ဆိုင်နေကြရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တခြားတိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းလက်နက်ကိုင်တပ်များ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာသည့်အတွက်  အထူးသဖြင့် ကချင်နှင့် ကရင်ဒေသများတွင် စစ်ဘေးဒုက္ခသည် များစွာရှိနေပြီး အရပ်သားပြည်သူများ သေးဆုံးဒဏ်ရာရရှိများလည်း ရှိနေသည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးအခြေနေအရပ်ရပ်အား ထိန်းသိမ်းရာတွင် အကြမ်းဖက်မှု လုပ်ရပ်များကို DMG အနေဖြင့် လုံးဝကန့်ကွက်ပြီး အထက်ဖော်ပြပါ အလားတူဖြစ်စဉ်မျိုး ဆက်လက်မဖြစ်ပွားစေရေးအတွက် သက်ဆိုင်သူများအနေဖြင့်လည်း ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်စေလိုကြောင်းကို တိုက်တွန်းသည်။

DMG သည် အဖိနှိပ်ခံပြည်သူများ၏ အခွင့်အရေးနှင့် ဒီမိုကရေစီပြန်လည်ရှင်လန်လာရေးအတွက် မိမိတို့ မီဒီယာ ပလက်ဖောင်းပေါ်မှ အမြဲရပ်တည်လျှက်ရှိပြီး သတင်းမီဒီယာများအား လိုင်စင်ပိတ်သိမ်းခြင်း၊ မြေပြင် သတင်းရယူနေသည့် သတင်း၊ မီဒီယာသမားများအား ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများသည် ဒီမိုကရေစီ ရှင်သန်ရေးအတွက် များစွာ အဟန့်အတားဖြစ်စေပြီး၊ လူ့အခွင့်ရေးချိုးဖောက်မှုများကို အားပေးအားမြှောက် ပြုလုပ်ရာရောက်သည့်အတွက် အလားတူကိစ္စရပ်များအား ရှုတ်ချသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်နေကြသည့် တိုင်းရင်းသားညီကိုမောင်နှမများအနေဖြင့် နှစ်သစ်အခါသမယကို အေးချမ်းတည်ငြိမ်စွာ ကျော်ဖြတ်နိုင်စေကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်မှု အခြေအနေ အရပ်ရပ်ကိုလည်း အမြန်ဆုံး အဆုံးသတ်စေရေး၊ ဒီမိုကရေစီပြန်လည် ရှင်သန်ရေးအတွက် သတင်းမီဒီယာလုပ်ငန်းကို သတင်းကျင့်ဝတ်နှင့်အညီ ကြိုးစားလုပ်ဆောင်ကာ အခက်အခဲများကို ပြည်သူများနှင့်အတူ ရပ်တည်သွားမှာ ဖြစ်ကြောင်းနှင့် နှစ်သစ်ကူးအခါသမယမှာ ပြည်သူများအားလုံးကျန်းမာပါစေကြေင်း DMG မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ဗီဒီယိုများ