ANP မှာ ခေါင်းဆောင်တွေကို အပြောင်းအလဲလုပ်သင့်ပြီလား

မူဝါဒမတည်ငြိမ်မှုပြဿနာတွေ၊ စည်းကမ်းလိုက်နာမှု၊ ကျင့်ဝတ်လိုက်နာမှုတွေကအစ အလွန်အားနည်းခဲ့တာကိုတွေ့ရပြီး အမျိုးသားပါတီဟာ အမျိုးသားနိုင်ငံရေးအရ တည်ဆောက်ရမယ့် ကဏ္ဍတွေ ပျောက်ဆုံးနေခဲ့ပြီး အချင်းချင်းကြားက ပြဿနာများနဲ့သာ လုံးပမ်းရင်း ရခိုင်လူထုလိုလားတဲ့ တစ်ပါတီတည်းမူကို လုပ်ဆောင်ရာကနေ ငါးနှစ်တာကာလအတွင်း ပါတီသုံးခုထိ ပြိုကွဲသွားခဲ့ပါတယ်။

By မင်းထီး 25 May 2021

ရခိုင်အမျိုးသားပါတီနိုင်ငံရေး ဘာလဲဘယ်လဲ (၃)

DMG ၊ မေ ၂၅

(အတွေးအမြင်ဆောင်းပါး)

ရခိုင်အမျိုးသားပါတီက (၅/၅/၂၀၂၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ လက်ရှိ ပါတီဥက္ကဌ ဦးသာထွန်းလှမှ ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲမှာ ANP ပါတီအနေနဲ့ စစ်ကောင်စီနဲ့ ဆက်စပ်လုပ်ဆောင်နေမှုကို ရပ်နားကြောင်း ထုတ်ပြန်ချက်ကို တရားမဝင်ကြောင်းနဲ့ ပါတီမူဝါဒနဲ့ ကိုက်ညီမှုမရှိကြောင်း ပါတီရဲ့မူဝါဒရေးရာ ဦးဆောင် ကော်မတီတစ်ဦးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာကို တွေ့ရပါတယ်။ စစ်ကောင်စီနဲ့ ဆက်လက် လက်တွဲမယ် မတွဲဘူးဆိုတာကို ပါတီ CEC က ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်းနဲ့ CC အစည်းအဝေး ကသာ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ရခိုင်အမျိုးသားပါတီဟာ စစ်ကောင်စီက ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်မှုကို ကြိုဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့တာကိုတွေ့ရပြီး ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒီပူးပေါင်းပါဝင်လိုက်ခြင်းကြောင့် ပါတီတွင်းသဘောထား အကြီးအကျယ်ကွဲလွဲခဲ့ပြီး ပါတီဝင်တစ်ချို့ နှုတ်ထွက်ခဲ့ကြတာပါ။ ရခိုင်အမျိုးသားပါတီဟာ ရခိုင်လူထု အများဆုံး ထောက်ခံမှုကိုရထားပေမယ့် ပါတီတွင်းမတည်ငြိမ်မှု၊ လူသိရှင်ကြား သဘောထားကွဲလွဲမှုတွေကို ပါတီစတင်ပေါက်ဖွားလာကတည်းက တွေ့နေရပါတယ်။ အဲဒါအပြင် ရခိုင်ပြည်သူလူထု ဒါဆိုရင် ရခိုင်အမျိုးသားပါတီမှာ ဘာတွေကိုပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါသလဲဆိုတာ မဖြစ်မနေ သုံးသပ်ရပါမယ်။

သမိုင်းက သင်ခန်းစာယူ

ဒီဆောင်းပါးရဲ့ အဆက် အပိုင်း (၁) နဲ့ အပိုင်း (၂) မှာတော့ ရခိုင်အမျိုးသားပါတီရဲ့ ဖြစ်ပေါ်လာပုံသမိုင်း ကြောင်းတွေကို အကျယ်တဝံ့ရှင်းပြခဲ့ပါပြီ။ ဒီအပိုင်းမှာတော့ အနည်းငယ်ပဲပြန်ကြည့်ကြရအောင်ပါ။ ဒီအချက်တွေကို ပြန်လည်မသုံးသပ်ဘဲ ရခိုင်အမျိုးသားပါတီရဲ့ ရှေ့ဆက်ခရီးဟာ ခိုင်မာတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်လာဖို့ ခက်ခဲပါလိမ့်မယ်။ ရခိုင်အမျိုးသားပါတီဖြစ်လာဖို့အတွက် ဒေါက်တာ အေးမောင်ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP- Rakhine Nationalities Development Party) နဲ့ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD- Arakan League for Democracy) တို့ဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ် သံတွဲမြို့မှာ နှစ်ဘက် ပေါင်းစည်းရေးညီလာခံ ကျင်းပပေါင်းစည်းခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခဲ့ပြီး ရခိုင်အမျိုးသားပါတီအဖြစ် ပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။

ဒီပေါင်းစည်းမှုမှာ နှစ်ဘက်ခေါင်းဆောင်တွေရဲ့သံသယ အစာမကြေမှုတွေရှိနေခဲ့တာကြောင့် ပေါင်းစည်း ရေးညီလာခံ မပြီးဆုံးခင်ကတည်းက နှစ်ဘက်ပေါင်းစည်းရေးခေါင်းဆောင်တွေအကြား သဘောမတူညီမှုတချို့ ရှိနေခဲ့တာကိုတွေ့ရပါတယ်။ စာရေးသူအနေဖြင့် ဒီဖြစ်ရပ်ကိုအကျယ်ချဲ့မပြောလိုသော်လည်း ANP ပါတီပေါင်းစည်းရေးဟာ သန္ဓေမှန်ခဲ့ ကြရဲ့လား။
၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးအထွေထွေရွေးကောက်ပွဲမှာ NLD က ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့ခွင့်ရတယ်။ ရခိုင်ပြည်မှာတော့ ANP က လွှတ်တော်ကိုယ်စားလှယ်နေရာ ၃၀ ကျော်အနိုင်ရရှိခဲ့ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်နေရာအများဆုံးကို ပိုင်ဆိုင်ထားတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရဖွဲ့ခွင့်ကို NLD ဆီမှာ ANP ဟာ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဘက်က ငြင်းဆန်ခဲ့တာကြောင့် ရခိုင်အမျိုးသားပါတီနဲ့ NLD ကြား စတင်သဘောထားကွဲလွဲခဲ့တော့တာပါပဲ။ အဲဒီနောက် ရခိုင်အမျိုးသားပါတီအတွင်း ပြည်ထောင်စု/ပြည်နယ် အစိုးရအဖွဲ့များအတွင်း ဝင်ရောက်နေရာ မယူရ (တစ်နည်းအားဖြင့် (NLD) အစိုးရကပေးအပ်လာနိုင်သည့် ဝန်ကြီးနေရာများတွင် ပါဝင်ခွင့်ကို ပိတ်ပင်တားဆီးသည့်)  မူဝါဒကို ချမှတ်ခဲ့ကြပါတယ်။ သို့သော်လည်း ALD ဘက်က ပါဝင်လာခဲ့တဲ့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးအေးသာအောင်ဟာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌနေရာကို ရယူခဲ့ပြီးသည့်နောက် ပါတီတွင်း နှစ်ဘက်ခေါင်းဆောင်များ ပိုမိုသဘောထားကွဲလွဲ လာခဲ့ကြပါတယ်။

ANP ပါတီဟာ ဒီပြဿနာကို ပါတီတွင်းအဖြေရှာဖို့ မကြိုးစားကြတော့ဘဲ ALD ပါဝင်နေတဲ့ UNA မဟာ မိတ်အုပ်စုနဲ့ဆက်ဆံမှုကို ရပ်တန့်ဖို့ဆုံးဖြတ်ချက်ကို ALD ပါတီဘက်ကပါဝင်လာတဲ့ ခေါင်းဆောင်တွေ မကျေမနပ်ဖြစ်ကြပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းဟာ ပါတီစည်းကမ်းကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ RNDP အုပ်စုဦးဆောင်ကာ ALD ပါတီဘက်က ပါဝင်လာတဲ့ ခေါင်းဆောင်ခြောက်ဦးကို ညီလာခံကျင်းပြီး ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။ ဆိုတော့ ANP ပါတီတွင်းမှာ အုပ်စုဖွဲ့ ဂိုဏ်းဃဏဆန်မှုဟာ ကြီးစိုးနေပါတယ်။ အဲဒီ အုပ်စုဖွဲ့ ဂိုဏ်းဃဏဆန်မှုကို ချစ်ခင်မြတ်နိုးတာကြောင့် ဒေါက်တာအေးမောင်လဲ နုတ်ထွက်ခဲ့ရပါတယ်။ ပြဿနာတွေကို အဖြေရှာဖို့မကြိုးစားဘဲ ပုဂ္ဂိုလ်ရေးဩဇာကြီးထွားမှုနဲ့ အုပ်စုဖွဲ့ ဂိုဏ်းဃဏဆန်မှုကို ဆက်လက်ဆုတ်ကိုင်ထားမယ်ဆိုရင် ANP ရဲ့ နိုင်ငံရေးဟာ ဒီနေ့မနက်ဖြန်ဆိုသလို ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သမိုင်းက အမှားတွေကို သင်ခန်းစာယူဖို့ လိုအပ်ပါတယ်။

မူဝါဒမတည်ငြိမ်မှုပြဿနာတွေ၊ စည်းကမ်းလိုက်နာမှု၊ ကျင့်ဝတ်လိုက်နာမှုတွေကအစ အလွန်အားနည်းခဲ့တာကိုတွေ့ရပြီး အမျိုးသားပါတီဟာ အမျိုးသားနိုင်ငံရေးအရ တည်ဆောက်ရမယ့် ကဏ္ဍတွေ ပျောက်ဆုံးနေခဲ့ပြီး အချင်းချင်းကြားက ပြဿနာများနဲ့သာ လုံးပမ်းရင်း ရခိုင်လူထုလိုလားတဲ့ တစ်ပါတီတည်းမူကို လုပ်ဆောင်ရာကနေ ငါးနှစ်တာကာလအတွင်း ပါတီသုံးခုထိ ပြိုကွဲသွားခဲ့ပါတယ်။

ဘာကြောင့် ရခိုင်အမျိုးသားပါတီ လိုအပ်သလဲ

သာမန်အားဖြင့် ရခိုင်လူထုဟာ မြန်မာနိုင်ငံအတွင်း တစ်ခြားလူမျိုးများနဲ့မတူဘဲ ကွဲပြားခြားနားတဲ့ ရပ်တည် ချက်နဲ့၊ အမျိုးသားရေးလို့ခေါ်တဲ့ မိမိလူမျိုး၊ ယဉ်ကျေးမှုစံကို တန်ဖိုးထားမှုမြင့်မားတဲ့ လူမျိုးဖြစ်သလို နိုင်ငံရေးခံယူချက်ကလည်း မြန်မာနိုင်ငံအတွင်း ထူးခြားတဲ့သဘောထားရှိတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်ရွေးကောက်ပွဲတွေကို ပြန်ကြည့်ရင် ပြည်မပါတီတွေ နိုင်လေ့နိုင်ထမရှိခဲ့ပါဘူး။ ဒါဟာ ရခိုင်လူမျိုးတွေရဲ့ အားသာချက်ဖြစ်သလို ဒီမိုကရေစီရဲ့ စံတန်ဖိုးလည်း ဖြစ်ပါတယ်။

နိုင်ငံရေးအရ လွတ်လပ်တဲ့ ဒီမိုကရေစီခေတ်မှာ ရခိုင်အမျိုးသားနိုင်ငံရေး လွတ်လပ်ခွင့်ကိုရရှိဖို့ ရခိုင်ပြည်မှာ မဖြစ်မနေတည်ဆောက်ရန်လိုအပ်နေတဲ့ Nation Building ၊ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် Institution တွေ တည်ဆောက်နိုင်ဖို့ ရခိုင်မှာပါတီတစ်ခုတည်းသာ လိုအပ်တယ်လို့ လူထုလိုလားချက်ဟာ မှားတယ်လို့ပြောလို့မရပါဘူး။ နိုင်ငံရေးပါတီ ကွဲပြားနေခြင်းဟာ လူထုတွေကိုလည်း စိတ်ဝမ်းကွဲပြားစေပါတယ်။ သို့သော်လည်း ANP ပါတီတွင်း မူဝါဒချမှတ်မှုနဲ့ စည်းကမ်းလိုက်နာမှု အားနည်းချက်တွေကြောင့် လူထုကို ဦးဆောင်ပေးနိုင်ခဲ့မှု အလွန်အားနည်းနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တဲ့ စစ်ကောင်စီ မြန်မာစစ်တပ်နဲ့ ပူးပေါင်းရတဲ့အထိ ANP မှာ ပါတီခေါင်းဆောင် အချင်းချင်း စိတ်ဝမ်းကွဲပြားမှုဟာ ရှိနေကြဆဲ။ ဒါဟာ မူဝါဒအားနည်းချက်လား၊ မူဝါဒကို လိုက်နာဖို့ အားနည်းနေကြတာလားဆိုတာကို ပါတီတွင်း ပွင့်ပွင့်လင်း လင်းဆွေးနွေးအဖြေရှာရမယ့် ပြဿနာလည်းဖြစ်ပါတယ်။ ဘယ်လိုပဲဆိုဆို ရခိုင်ပြည်တည်ဆောက်ရေးနဲ့ ရခိုင်အမျိုးသားနိုင်ငံရေးအတွက် ရခိုင်အမျိုးသားပါတီမှာ တာဝန်အပြည့်ရှိတယ်ဆိုတာ ငြင်းမရပါဘူး။ ဘာကြောင့်လဲဆိုရင် “ရခိုင်တစ်မျိုးသားလုံးရဲ့ အမျိုးသားပါတီ”ဖြစ်နေလို့ပဲ။
ANP ဘာမှားခဲ့သလဲ

ပထမဆုံးပြောရမှာက မူဝါဒရေးရာဦးဆောင်ကော်မတီပါပဲ။ ပါတီတစ်ခုမှာ မူဝါဒရေးရာချမှတ်တဲ့ ပုဂ္ဂိုလ်တွေဟာ အရမ်းအရေးကြီးတဲ့ အစုအဖွဲ့ဖြစ်တယ်။ ရခိုင်အမျိုးသားပါတီမှာတော့ မူဝါဒရေးရာဦးဆောင်ကော်မတီဟာ မူဝါဒတွေရေးဆွဲပြီး ဗဟိုအလုပ်အမှုအဆောင်ကော်မတီ (CEC) သို့ တင်ပြကာ CEC ကပဲ လိုတိုးပိုလျော့စနစ်ဖြင့် ပါတီရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်တယ်လို့ သိရတယ်။ ဆိုတော့ စစ်ကောင်စီ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဖို့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တွေကိုယ်တိုင်က ထိပ်ဆုံးက ပါဝင်ပတ်သက်ခဲ့တယ်။ စစ်ကောင်စီ မြန်မာစစ်တပ်နဲ့ မပူးပေါင်းဖို့ ပါတီတွင်းမှာ CEC အဖွဲ့ဝင်တွေ၊ CC ရဲ့ ခေါင်းဆောင်တွေနဲ့ ပါတီရဲ့မျိုးဆက်သစ်တွေဖြစ်တဲ့ လူငယ်အင်အားစုတွေက ဝေဖန်ထောက်ပြပြောဆို တိုက်တွန်းခဲ့ကြပါတယ်။

သို့ပေမယ့် စစ်ကောင်စီ မြန်မာစစ်တပ်နဲ့ပူးပေါင်းဖို့ သဘောတူထားခဲ့တဲ့ ပုဂ္ဂိုလ်တွေကတော့ လက်ခံခဲ့ပုံမပေါ်ပါဘူး။ သုံးလကြာပြီးနောက်မှာတော့ ရခိုင်အမျိုးသားပါတီဟာ သူတို့တောင်းဆိုထားတဲ့ ပြည်နယ်ဥက္ကဌနဲ့ ဝန်ကြီးနေရာတွေကို မရရှိခဲ့လို့ စစ်ကောင်စီ မြန်မာစစ်တပ်နဲ့ ဆက်လက်မပူးပေါင်းတော့ဘူးလို့ CEC ကို မူဝါဒရေးရာဦးဆောင်ကော်မတီက သဘောထားပေးခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မူဝါဒရေးရာဦးဆောင်ကော်မတီဟာ မှန်ကန်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မချမှတ်နိုင်ခဲ့ဘူး။ ဗမာခေါင်းဆောင်တွေ ဦးဆောင်တဲ့ နိုင်ငံရေးမှာ ရခိုင်ပြည်သူလူထုအတွက် ဘယ်တုန်းက အကျိုးရှိခဲ့ဖူးသလဲဆိုတာ စဉ်းစားဆင်ခြင်သုံးသပ်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံရေးကို ကလေးကစားစရာလိုလုပ်ပြီး ရရင်ပေါင်းမယ် မရရင်မပေါင်းဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ရခိုင့်နိုင်ငံရေးကို ဦးဆောင်ချင်ရင်တော့ မူဝါဒကို မှန်မှန်ကန်ကန် မချနိုင်ရင်တော့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို မရဘဲ တစ်ချိန်မှာ ရခိုင်အမျိုးသားပါတီဟာ ပြိုလဲသွားနိုင်ပါတယ်။

ဒုတိယပြောရမှာက ဥက္ကဌ၊ အတွင်းရေးမှူးတွေပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ပါပဲ။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲနောက်ပိုင်း RNDP ပြီးရင် ANP ဟာ ရခိုင်ပြည်နယ်ထဲမှာ လွှတ်တော်ကိုယ်စားလှယ် အများဆုံးရရှိပြီး ရခိုင်ပြည်သူလူထုရဲ့ ထောက်ခံမှုအများဆုံးကို ရရှိထားတဲ့ ပါတီဖြစ်ပါတယ်။ ဒီထောက်ခံမှုကို အလွဲသုံးစားမလုပ်ဖို့ စဉ်းစားဆင်ခြင်ရပါမယ်။ ပါတီတစ်ခုဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေခံထားတာကို မေ့မသွားဖို့ပါ။ ပြီးခဲ့တဲ့ တိုက်ပွဲ ၂ နှစ်တာကာလအတွင်း မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကို ခါးသီးစွာ အခုအချိန်ထိ ရခိုင်လူထု ခံစားနေရတာကို မျက်ကွယ်ပြုပြီး စစ်ကောင်စီ မြန်မာစစ်တပ်နဲ့ ပူးပေါင်းတာဟာ ရခိုင့်နိုင်ငံရေးမှာ ခေါင်းဆောင်ကောင်းမဟုတ်ဘူးလို့ ပြောရမှာပါ။ အဲဒီလိုပူးပေါင်းဖို့ကိုလည်း CEC အားလုံးနဲ့ တိုင်ပင်ခဲ့တာမဟုတ်ဘဲ ဥက္ကဌအဖွဲ့နဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်လောက်သာ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ ဆုံးဖြတ်ချက်အမှားကြောင့် မြန်မာ့နိုင်ငံရေးသမိုင်း၊ ရခိုင့်နိုင်ငံရေးသမိုင်းထဲမှာ ဖျက်မရတဲ့ အမဲစက်စွန်းခဲ့လေပြီ။ စွန်းခဲ့တဲ့ အမဲစက်ကို ပြန်ဖျောက်ဖို့ကတော့ ကိုယ့်အမှားကိုယ်သိဖို့နဲ့ အမှားကို လူသိရှင်ကြားဝန်ခံကြဖို့ပါပဲ။

ခေါင်းဆောင်တွေကို အပြောင်းအလဲလုပ်သင့်ပြီလား

NLD လက်ထက်မှာတောင် ရခိုင်ပြည်နယ်လွှတ်တော်ကို သပိတ်မှောက်ခဲ့ကြတာပဲ။ ရခိုင်အမျိုးသားပါတီဟာ အခု အဲဒီလိုမဟုတ်ဘဲ နိုင်ငံရေးရပ်တည်ချက်တွေ ခိုင်မာမှုမရှိ ပျော့ပျောင်းလာတယ်။ အဲဒါ လက်ရှိ ခေါင်းဆောင်တွေမှာ တာဝန်အပြည့်အဝရှိပါတယ်။ နိုင်ငံရေးဆိုတာ ငိုရမယ့်အချိန်မှာ ငိုရတယ်။ ရယ်ရတဲ့အချိန်မှာ ရယ်ရတယ်တာကိုတော့ စာရေးသူအနေနဲ့ သိထားပါတယ်။ ဒါပေမယ့် ရယ်ရမယ့်အချိန်မှာ ငိုတာကတော့ မျောက်ပြပြီး ဆန်တောင်း နေသလို ဖြစ်နေပါတယ်။ နိုင်ငံရေးပါတီဆိုတာ လူမှုအသင်းအဖွဲ့အစည်းလို ရပ်တည်နေတာမဟုတ်ဘဲ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားအပေါ်သွားနေတဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ရပ်တည်နေတာကို လက်ရှိခေါင်းဆောင်တွေ သိထားဖို့လိုအပ်ပါတယ်။ ခေါင်းဆောင်တွေဆိုတာ မှန်ကန်တဲ့လမ်း၊ မှန်ကန်တဲ့ဆုံးဖြတ် ချနိုင်တဲ့သူဖြစ်ရပါမယ်။ ခေါင်းဆောင်တွေ ညံ့ဖျင်းနေရင်တော့ ရခိုင်လူထုမျှော်မှန်းတဲ့ နိုင်ငံရေးသို့ မရောက်ရှိနိုင်ပါဘူး။

စစ်ကောင်စီ မြန်မာစစ်တပ်နဲ့ ပူးပေါင်းလိုက်တဲ့အတွက် အမျိုးသားရေး၊ နိုင်ငံရေးအခြေခံရှိတဲ့ စီမံအုပ်ချုပ်မှုနားလည်တဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေ ထွက်သွားကြတယ်။ နိုင်ငံရေးပါတီတစ်ခုမှာ မျိုးဆက်သစ်လူငယ်က အရမ်းအရေးကြီးတဲ့အတွက် အဲဒီလို အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေ ထွက်သွားတာဟာ ပြည်သူလူထုကို ဦးဆောင်နေတဲ့ နိုင်ငံရေးပါတီတစ်ခုအတွက် နောက်တစ်ခါမရတဲ့ အခွင့်အရေးတစ်ခုကို ဆုံးရှုံးသွားသလိုပါပဲ။ အဲဒီလူငယ်တွေဟာ တစ်ချိန်မှာ ရခိုင်အမျိုးသားပါတီကို ဦးစီးဦးဆောင်တဲ့သူတွေ ဖြစ်လာနိုင်တယ်။ ရှေးကဆောင်းပါးတွေမှာ ပြောထားသလို အရည်အချင်းနည်းတဲ့ သူတွေကို စွမ်းရည်မြှင့်တင်ပေးရမယ့်အပြင် အရည်အချင်းပြည့်ဝနေတဲ့ သူတွေကိုလည်း ဆွဲခေါ်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ လက်ရှိခေါင်းဆောင်တွေက ပုဂ္ဂိုလ်ရေးဆန်ဆန်၊ ဂိုဏ်းဃဏဆန်ဆန်၊ ရပ်တည်ချက်မခိုင်မာတဲ့ နည်းလမ်းနဲ့ ရခိုင်လူထုကို ဦးဆောင်ချင်ရင်တော့ ရခိုင်အမျိုးသားပါတီရဲ့ လက်ရှိ ခေါင်းဆောင်တွေကို မူဝါဒကောင်းကောင်း၊ ဆုံးဖြတ်မှန်မှန်၊ နိုင်ငံရေးရပ်တည်ခိုင်မာပြီး လူထုအတွက် အကျိုးရှိစေမယ့် ပုဂ္ဂိုလ်တွေ သို့မဟုတ် လူငယ်တွေနဲ့ အစားထိုးသင့်ပါတယ်။ လိုအပ်ရင် ရခိုင်အမျိုးသားပါတီတစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းသင့်တယ်လို့ အကြံပြုပါရစေ။

ပါတီကို ကျစ်လစ်ခိုင်မာအောင်တည်ဆောက်ဖို့လို

ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ ပါတီတွင်း သဘောထားကွဲလွဲမှုတွေ အုပ်စုဖွဲ့မှုတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် ပါတီညီလာခံကို မဖြစ်မနေပြုလုပ်ရပါလိမ့်မယ်။ ညီလာခံကနေပြီး ဗဟိုကော်မတီ(CC) ရဲ့လုပ်ပိုင်ခွင့်၊ ဗဟိုအလုပ်မှုဆောင်ကော်မတီ (CEC) ရဲ့ လုပ်ပိုင်ခွင့်၊ အတွင်းရေးမှူးအဖွဲ့၏လုပ်ပိုင်ခွင့်၊ ဥက္ကဌအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ရှင်းလင်းပြတ်သားစွာ လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ စစ်ကောင်စီ မြန်မာစစ်တပ်နဲ့ ဆက်လက် လက်တွဲမယ် မတွဲဘူးဆိုတာကို ပါတီ CEC ကဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်းနဲ့ CC အစည်းအဝေးကသာ ဆုံးဖြတ်ရမှာဖြစ်တယ်ဆိုတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ရှေးရိုးစွဲအယူအဆတွေဖြစ်တဲ့ အကြီးအကဲဆိုသူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်သွားနေလို့ကတော့ နိုင်ငံရေးပါတီတစ်ခုမဆန်ဘဲ မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုပုံစံမျိုးသာ ဖြစ်နေပါလိမ့်မယ်။

လက်ရှိ ANP ပါတီကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ALD အုပ်စုကလည်း မူလပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ပါတီတစ်ခု ပေါ်ထွက်လာခဲ့သလို၊ ပါတီဥက္ကဌကနေထွက်ခွာပြီး နောက်ထပ်ပါတီတစ်ခုကို မျိုးစေ့ချခဲ့တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြွေးကြော်ခဲ့ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) အဖြစ် နောက်ထပ်နိုင်ငံရေးပါတီတစ်ခု ထပ်မံပေါ်ပေါက်လာရခြင်းဟာလည်း ရခိုင်အမျိုးသား ပါတီခေါင်းဆောင်တွေအားလုံးမှာ တာဝန်အပြည့်အဝရှိကြောင်း လူထုသို့ဝန်ခံခြင်း မပြုလုပ်သေးသမျှ ရခိုင် အမျိုးသားပါတီခေါင်းဆောင်များဟာ ရခိုင်လူထုကို ဦးဆောင်နိုင်ဖို့လမ်းစသို့ မရောက်နိုင်သေးဘူးလို့ မြင်ပါတယ်။

ANP ပါတီဟာ ခုချိန်ထိပြိုကွဲနေဆဲဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရခိုင်အမျိုးသားနိုင်ငံရေးတည်ဆောက်မှု (Nation Building) ယန္တရားတည်ဆောက်ခြင်း (State Building) နှစ်ခုလုံးကို ULA/AA က ဦးဆောင်နေတာကို တွေ့ရပါတယ်။ သို့သော်လည်း ၂၀၀၈ ခြေဥအောက်က အမျိုးသားနိုင်ငံရေး တည်ဆောက်ဖို့ လိုအပ်ချက်များအတွက်တော့ ရခိုင်အမျိုးသားပါတီဟာ ဝေဝါးတဲ့လမ်းမကို ဆက်လျှောက်နေမယ်၊  ပါတီခေါင်းဆောင်တွေအနေနဲ့ တစ်မျိုးသားလုံးကိုဦးတည်တဲ့ နိုင်ငံရေးယန္တရားကို အချိန်မီပြန်လည် မတည်ဆောက်ကြရင်တော့ ငါးရာ့ငါးဆယ် နိပါတ်တော်ထဲက ခိုးသားငါးရာဇာတ်လို ဇာတ်သိမ်းသွား နိုင်တယ်လို့ အကြံပြုလိုက်ပါရစေ။
ရခိုင်အမျိုးသားနိုင်ငံရေးသို့ ဦးတည်နိုင်ကြပါစေ။

မင်းထီး ရေးသားသည်

ဗီဒီယိုများ