သတင်းသုံးသပ်ချက် (NEWS ANALYSICS & WEEKLY REVIEW)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပိုင်းမှာပင် ရခိုင်မှာ လူထုတခဲနက်ထောက်ခံမှုရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ဟာ ပါတီထဲမှာရော၊ လူထုထဲမှာရော ပြောဆိုစရာဖြစ်လာခဲ့ပါတယ်။ ပါတီက နှုတ်ထွက်သူတွေလည်း ရှိလာခဲ့ပါတယ်။

By မောင်ဝင်းဦး 13 Oct 2021

ရခိုင်လူထုနှင့် ပါတီနိုင်ငံရေး

DMG ၊ အောက်တိုဘာ ၁၃

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်မှာ အင်အားကြီးပါတီတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပါတီဝင်တွေ နှုတ်ထွက်သွားတယ်ဆိုတဲ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပိုင်းမှာပင် ရခိုင်မှာ လူထုတခဲနက်ထောက်ခံမှုရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ဟာ ပါတီထဲမှာရော၊ လူထုထဲမှာရော ပြောဆိုစရာဖြစ်လာခဲ့ပါတယ်။ ပါတီက နှုတ်ထွက်သူတွေလည်း ရှိလာခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ကဖွဲ့စည်းတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ဒေါ်အေးနုစိန်ကို ကမ်းလှမ်းချက်ထွက်လာပါတယ်။ အဲဒီကမ်းလှမ်းချက်ကိုလည်း ကြိုဆိုလက်ခံတယ်လို့ ပါတီဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့တွေက စစ်အာဏာသိမ်းပြီးနောက် ၃ ရက်အကြာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သဘောထား ပေးပါတယ်။ ဒါ့အပြင် ပြည်နယ်ကောင်စီမှာ ဥက္ကဋ္ဌနေရာနဲ့ အဖွဲ့ဝင် ၂ နေရာကို တောင်းပါတယ်။ အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာတွေကို တောင်းပါတယ်။

ULA/AA ကို အကြမ်းဖက်အဖွဲ့က ရုပ်သိမ်းပေးဖို့၊ နိုင်ငံရေးအကျဉ်းသား တွေကိုပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုသူတွေကို အမှုရုပ်သိမ်းပြီးပြန်လွှတ်ဖို့ အချက်တွေကိုလည်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေးပါတီတွေက စစ်ကောင်စီကိုကန့်ကွက်နေချိန်မှာ ANP ရဲ့ ရပ်တည်ချက်ကို လူထုကမေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ပါတီထဲက ခေါင်းဆောင်တစ်ချို့တောင် ဒီဖြစ်ရပ်ကို ကန့်ကွက်ခဲ့ကြပါတယ်။

ဒါပေမယ့် ANP ပါတီက ခေါင်းဆောင် ဒေါ်အေးနုစိန်ကို နကစမှာ ကောင်စီအဖွဲ့ဝင်အနေနဲ့ ပါဝင်ခွင့်ပြုခဲ့ပေမယ့် ပြည်နယ်ကောင်စီ ဥက္ကဌ နေရာနဲ့ တစ်ခြားအဖွဲ့ဝင်ရာထူးတွေကို ANP ကို မပေးခဲ့ပါဘူး။

နောက်မတ်လ ၁၂ ရက်နေ့မှာ ရခိုင်ပြည်နယ်ကောင်စီမှာ ANP ပါဝင်ခွင့်ရဖို့ ၃ ကြိမ်မြောက် စာပို့တောင်းဆိုပါတယ်။

မတ်လ ၂၂ ရက်နေ့မှာ သဘောထားထုတ်ပြန်ကြေညာချက်အမှတ် ၁/၂၀၂၁ ကို ထုတ်ပြန်လာပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ရခိုင်အမျိုးသားအကျိုးစီးပွားကို အသိအမှတ်ပြုတန်ဖိုးထားတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်စပ်ညှိနှိုင်းဆောင်ရွက်သွားမယ်၊ ဘယ်အာဏာရှင်စနစ်မှ ရှင်သန်ခွင့်မရှိစေဖို့ တိုင်းရင်းသားပြည်သူတွေနဲ့ လက်တွဲကြိုးပမ်းသွားမယ်ဆိုတာနဲ့ ဒီမိုကရေစီအတွက် လွတ်လပ်စွာဆန္ဒထုတ်ဖော်တဲ့ အပြစ်မဲ့ပြည်သူတွေကို အဓိကရုဏ်းနှိမ်နှင်းရေးလုပ်ဆောင်ရာမှာ အသက်ဆုံးရှုံးကြရလို့ ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ဒီလိုအသက်ဆုံးရှုံးမှုတွေမဖြစ်အောင် တာဝန်ရှိသူတွေကို အလေးအနက်ထားတိုက်တွန်းတယ်ဆိုပြီး ရေးထားပါတယ်။

ANP ပါတီဟာ မေလ ၄ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှာ စစ်ကောင်စီနဲ့ ဆက်စပ်ဆောင်ရွက်တာတွေမလုပ်ဘူးလို့ ဆုံးဖြတ်ပြီး လမ်းခွဲခဲ့ပါတယ်။ ယင်းဆုံးဖြတ်ချက်ကို  ANP Youth Wing က ကြိုဆိုခဲ့ပြီး ရှင်းလင်းပြတ်သားတဲ့ မူတစ်ခုကို ခိုင်ခိုင်မာမာချမှတ်ပြီး အာဏာရှင်ကျဆုံးရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် တစိုက်မတ်မတ်ကြိုးပမ်းကြဖို့ သြဂုတ် ၁၂ ၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ သဘောထားထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ANP ပါတီရဲ့ရပ်တည်ချက်၊ မူဝါဒတွေကို မကြိုက်တဲ့သူတွေ နှုတ်ထွက်ပါတယ်။ နှုတ်ထွက်သူတွေထဲမှာ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် တစ်ဦး၊ ဗဟိုကော်မတီဝင်နှစ်ဦးနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သူ ၂ ဦး ပါဝင်ပါတယ်။

နောက်ရခိုင်လူထုခေါင်းဆောင်လို့ပြောဆိုကြတဲ့ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)ပါတီထဲမှာလည်း သဘောထားကွဲလွဲမှုတွေကြောင့် နှုတ်ထွက်သူတွေရှိနေပါတယ်။ ဒေါက်တာအေးမောင်ကို ဝိုင်းရံတဲ့အထဲမှာ အမာခံလိုဖြစ်တဲ့သူတောင် နှုတ်ထွက်သွားတာပါ။

ဒါ့အပြင် ကျွန်ုပ်နှင့် ပါတီနိုင်ငံရေးကောက်ကြောင်းများဆိုပြီး ဒေါက်တာအေးမောင် ရေးသားချက်တွေဟာလည်း ANP ပါတီကို ထိုးနှက်ချက်တွေသာဖြစ်ပြီး ပြည်သူက သိပ်ပြီးအာရုံထား ဝေဖန်မှုတွေမရှိပါဘူး။

ဒီလိုပါတီထဲမှာ သဘောထားကွဲလွဲမှုတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေဟာ လက်ရှိရခိုင့်နိုင်ငံရေးအတွက် ဘာမှ အကျိုးမရှိဘူးလို့ ရခိုင်လူထုကယူဆလာပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမိုင်းမှာတော့ သင်ခန်းစာတွေအဖြစ် ထင်ကျန်ရစ်ခဲ့မှာပါ။ ရခိုင်လူထုဟာ ပါတီအကွဲအပြဲတွေကို စိတ်ကုန်နေတာလည်း ပါပါတယ်။ ရှေ့မှာခေါင်းဆောင်တွေ မညီညွတ်တာတွေကြောင့် ပါတီတွေကွဲ၊ ပါတီသစ်တွေ ပေါ်ပေါက်၊ လူထုက ဘယ်ကိုအားထားရမလဲဆိုတာကို ဝေခွဲမရဘဲ ရှိနေခဲ့တာပါ။

ပါတီနိုင်ငံရေး အကွဲအပြဲဖြစ်နေချိန်မှာပဲ ရခိုင်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ လကျော် ကတည်းက တိုက်ပွဲရပ်နားခဲ့ချိန်မှာ ရက္ခိုင့်တပ်တော်ရဲ့ သြဇာဟာလည်း ထင်ရှားလာပါတယ်။ ဒီလိုကာလမှာ ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးတွေကိုပါ AA က လုပ်ဆောင်နေပါပြီ။ AA အပေါ်ထားရှိတဲ့ လူထုယုံကြည်မှုလည်း အရင်ထက်ပိုလာတယ်လို့ ပြောလို့ရပါတယ်။

စစ်အာဏာသိမ်းလိုက်ပြီဖြစ်တဲ့အတွက် ပါတီနိုင်ငံရေးဟာ အလုပ်မဖြစ်တော့ဘူးလို့ ANP ပါတီက ထုတ်ခွာသွားပြီဖြစ်တဲ့ ပါတီထိပ်ပိုင်းခေါင်းတစ်ဦးဖြစ်သူ ဦးဖေသန်းကပြောဆိုပါတယ်။

ဒီအချိန်မှာ ပါတီနိုင်ငံရေးကိစ္စကို လူထုစိတ်မဝင်စားကြတော့ပါဘူး။ ဒါပေမယ့် နိုင်ငံရေးသမားတွေရဲ့ကဏ္ဍ မရှိတော့တာတော့ မဟုတ်ပါဘူး။ အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဝိုင်းကူကြရပါမယ်။ မတရားဖမ်းဆီးခံနေရတဲ့ ရခိုင်ပြည်သူတွေ လွတ်မြောက်ရေးအတွက် မပြတ်တိုက်ပွဲဝင်နေရပါမယ်။ နောက် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို မပြတ်စောင့်ကြည့်ဝေဖန်နေရမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်တာ၊ အချင်းချင်းအပုတ်ချနေကြတာဟာ အရုပ်ဆိုးလှပါတယ်။ ဒါတွေကြောင့်လည်း ပါတီနိုင်ငံရေးဟာ ရခိုင်လူထုကို မဦးဆောင်နိုင်တော့ဘူးလို့ ယုံကြည်လာတာလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ ရခိုင်လူထုဟာ သူတို့ရှေ့ကမားမားကြီးရပ်ပြီး လူထုတစ်ရပ်လုံးကို ဦးဆောင်ပေးမယ့် အဖွဲ့အစည်းရှိနေပြီလို့ ယုံကြည်နေပါပြီ။ ဒါဟာ ရက္ခိုင့်တပ်တော်/ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(AA/ULA)ပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ရက္ခိုင့်တပ်တော်ရဲ့ သြဇာကြီးထွားမှုအောက်မှာ ရခိုင်ပါတီနိုင်ငံရေးရဲ့အရှိန်ဟာ မှေးမှိန်သွားတယ်လို့ ဆိုရမှာပါ။

မောင်ဝင်းဦးရဲ့ ရခိုင့်နိုင်ငံရေး သုံးသပ်ချက်

ဗီဒီယိုများ