ပွဲစားလိုအပ်နေပြီလား

ယခင်အစိုးရအဆက်ဆက် ဝါဒဖြန့်နိုင်ငံရေး မှိုင်းတိုက်မှုကြောင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်ထောင်စု ပြိုကွဲမည်၊ ခွဲထွက်မည့်စနစ်ဟု အထင်မှားခဲ့ကြ၍လည်း မြန်မာနိုင်ငံ၌ ပြည်တွင်းစစ် ကြာရှည်နေရခြင်းဖြစ်သည်။

By အောင်ကြည်မိုး (သင်းပုန်းတန်း) 07 Dec 2019

{{ ယခင်အစိုးရအဆက်ဆက် ဝါဒဖြန့်နိုင်ငံရေး မှိုင်းတိုက်မှုကြောင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်ထောင်စု ပြိုကွဲမည်၊ ခွဲထွက်မည့်စနစ်ဟု အထင်မှားခဲ့ကြ၍လည်း မြန်မာနိုင်ငံ၌ ပြည်တွင်းစစ် ကြာရှည်နေရခြင်းဖြစ်သည်။ }}

အောင်ကြည်မိုး(သင်းပုန်းတန်း) | DMG

မြန်မာနိုင်ငံ၌ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း အေးအတူပူအမျှ အတူတကွ နေထိုင်နိုင်ဖို့ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်စီရှိနေကြဖို့ လိုအပ်ပါသည်။ တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရင်း တစ်ဆက်တည်းမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးကိုလည်း လုပ်ဆောင်ပါမှ တိုင်းရင်းသားဒေသများ၌ သေနတ်သံများ ဆိတ်သုဉ်းလာမည်ဖြစ် သည်။ သို့မဟုတ်ပါက ပြည်ထောင်စုရှိ တိုင်းရင်းသားများအားလုံး မျှော်မှန်းနေကြသည့် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေပါမည်။

မြန်မာနိုင်ငံ၌ ပြည်တွင်းစစ် ဖြစ်နေသည်မှာ နှစ်ပေါင်း (၇၀) ကျော် ရှိနေပြီး ကမ္ဘာပေါ်၌ အရှည်အကြာဆုံး စစ်အဖြစ် စံချိန်သစ်တင်ထားပါ၏။  ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်ပါတီ၊ ကွန်မြူနစ်ပါတီထဲက နိုင်ငံရေးအယူအဆ ကျဉ်းမြောင်းသူများ၏  အာဏာလွန်ဆွဲမှု ရှုပ်ထွေးလာပြီး အချင်းချင်းဂိုဏ်းဂဏကွဲ၍ ပြည်တွင်းစစ်သဏ္ဍာန်ရှိခဲ့ပါသော်လည်း လက် ရှိအချိန်တွင် တိုင်းရင်းသား ဒေသများ၌ ယမ်းမီးခိုးဝေနေသည်က တိုင်းရင်းသားများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် မရရှိ၍ ပြည်တွင်းစစ် ဖြစ်ပွားနေရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ သဘာဝအရင်းအမြစ် ပေါကြွယ်ဝသော်လည်း ပြည်တွင်းစစ်၏ ဆိုးကျိုးကြောင့် ကမ္ဘာပေါ်နှင့်လ ဒေသတွင်းနိုင်ငံများ တွင်ပါ တိုးတက်မှု များစွာနောက်ကျကျန်နေခဲ့ရသည်။

နိုင်ငံတစ်နိုင်ငံ၏ အခြေခံဥပဒေသည် အသက်သွေးကြောတမျှ အရေးကြီးသည်။ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိဖို့ ဥပဒေ၏ အကာအကွယ် စောင့်ရှောက်မှုရရှိဖို့၊ လုံခြုံစိတ်ချစွာ ရှင်သန်နေထိုင်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အဓိကကျသည့် အုတ်မြစ်တစ်ခု၊ လူများစု၏ အခွင့်အရေး ကို အာမခံသလို၊ လူနည်းစုများ၏ အခွင့်အရေးကို အာမခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းရင်းသားများ လိုလားတောင့်တနေသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်နိုင်မည် ဖြစ်သည်။

ယခင်အစိုးရအဆက်ဆက် ဝါဒဖြန့်နိုင်ငံရေး မှိုင်းတိုက်မှုကြောင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်ထောင်စု ပြိုကွဲမည်၊ ခွဲထွက်မည့်စနစ်ဟု အထင်မှားခဲ့ကြ၍လည်း မြန်မာနိုင်ငံ၌ ပြည်တွင်းစစ် ကြာရှည်နေရခြင်းဖြစ်သည်။ မျိုးဆက်သစ်လူငယ်များ ကြောက်မက်ဖွယ်ဖြစ်အောင် ကျောင်းသင်ခန်းစာများ၌ ဖက်ဒရက်စနစ်၏ ဆိုးကျိုးများကို ပြဌာန်းသင်ကြားပေးလိုက်ခြင်းက ဗမာလူမျိုးနှင့် အခြားတိုင်းရင်းသားများ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်အပေါ် ဝိဝါဒ ကွဲပြားလာခြင်းကြောင့်လည်း ပြည်တွင်းစစ်ဖြစ်နေရခြင်း အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေသည်။ ဖက်ဒရက်ဟူသော  အာဏာခွဲဝေ၍ တိုင်းရင်းသား ဒေသများ၌ နေထိုင်အုပ်ချုပ်ကြသော စနစ်တစ်ခု မြန်မာနိုင်ငံ၌် ပီပြင်စွာဖြစ်ပေါ်လာသည့်တစ်နေ့ မြန်မာ့ပြည်တွင်းစစ် ချုပ်ငြိမ်းသွားမည်မှာ ဧကန်မလွဲပါပဲ။

မြန်မာ့ပြည်တွင်းစစ် ဖြစ်ပွား နေရခြင်း အဓိကအကြောင်းရင်းများစွာထဲက လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ရှမ်းစော်ဘွားများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအား ပဒေသရာဇ်စနစ် ဆန့်ကျင့်ရေး ပြုပြင်ပြောင်းလဲမှုအဖြစ် လုပ်ဆောင်လာခဲ့သည်။ ယခင်အစိုးရအဆက်ဆက် ရခိုင်နှင့်မွန်တို့ မင်းဆက်ဖြင့် နေခဲ့ကြသည့် အတိတ်ကာလ ကြီးကျယ်ခမ်းနားခဲ့မှုကို ဖုံးကွယ်ရန် ကြိုးစားခဲ့ကြသည်။ ကရင် တစ်ကျပ် ဗမာတစ်ကျပ် ဖြစ်မလာသည်ကလည်း ပြည်တွင်းစစ် ရှည်ကြာနေရ ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်။

ယနေ့အချိန် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ မြန်မာ့တပ်မတော်နှင့် AA တို့  နှစ်ဘက်တိုက်ပွဲ စစ်ရေးအရှိန် တဖြေးဖြေး မြင့်တက်လာနေ၍ တိုက်ပွဲရှောင်ပြည်သူ များသထက်များလာပြီး ယခုဆိုလျှင် တိုက်ပွဲရှောင်ပြည်သူ ရှစ်သောင်းကျော် ရှိလာနေမည် ဖြစ် သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၌ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် အတိဒုက္ခရောက်နေကြရသည်က မြေစာ ပင် ပြည်သူများသာဖြစ်သည်။ “ယာလည်း မညက် ကြက်လည်းမပန်း” ၍ မြေစာပင်ဖြစ်နေရသည့် ပြည်သူများ အိုးပစ်အိမ်ပစ် တောင်ယာစပါး ကောက်ပဲသီးနှံများ စိုက်ခဲ့သလောက် မရိတ်သိမ်းရ ဖြစ်နေကြရသည်။

စစ်ဘေးရှောင် ဒုက္ခသည်စခန်းများရှိ ကျောင်းသူ၊ ကျောင်းသားများ သည်လည်း ပညာဆက်လက်ဆည်းပူးရာတွင် အခက်ခဲများစွာ ရှိနေကြရသည်။ ကျန်းမာရေးအပိုင်းတွင်လည်း အထူးကု ဆရာဝန်ကြီးများ ရှိနေသည့် စစ်တွေမြို့သို့တက်ပြီး ဆေးကုသဖို့ လက်ထဲ၌စုဆောင်းထားငွေမရှိ၍  မသေသင့်ဘဲ သေဆုံးနေရသည်များလည်း ရှိနေကြရသည်။

တိုက်ပွဲရှောင်စခန်း၌ နေထိုင်ကြရသော အရွယ်ကောင်း လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်း မရှိ၍ မလေးရှား၊ ထိုင်း၊ ဖားကန့်နှင့် တရုတ်နယ်စပ်များသို့ မိဘများနှင့်ခွဲခွာ ပြီး မိဝေးဖဝေး အလုပ်လုပ်ဖို့ သွားရောက်နေကြရသည်။ တစ်ချို့ အရွယ်ကောင်း အမျိုးသမီးငယ်များ တရုတ်နယ်စပ်သို့ အလုပ်လုပ်ဖို့သွားကြရင်း ပွဲစားများရဲ့ မစားရဝခမန်း စကားများကြောင့် အယုံလွယ်ကာ တရုတ်မယား ဖြစ်သွားကြရ သည်များကို စိတ်မကောင်းဖွယ် ကြားနေရသည်။  တိုက်ပွဲရှောင်စခန်း မရောက် ကြသေးသူများလည်း ငါတို့လည်း ဘယ် နေ့၊ ဘယ်ချိန် နေရပ်စွန့်ခွာပြီး တိုက်ပွဲရှောင်စခန်းကို ရောက်ရှိကာ သူများပေး စာကမ်းစာ  စားကြရမလဲဆိုပြီး စိတ်ပူပင်နေကြရသည်။

သို့ဖြစ်၍ ယနေ့အချိန်  မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ   အဓိက လိုအပ်နေသည်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးပါ။  တိုင်းရင်းသားဒေသများ၌ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖက် ဒရက်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာ ပါမှ  သေနတ်သံများ ဆိတ်သုဉ်းလာပါမည်။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းနှင့် ရှမ်းမြောက်ပိုင်းဒေသတို့၌ ယမ်းမီးခိုး များ ငြိမ်းသတ်ဖို့ လိုအပ်နေပါပြီ။

ယခုလက်ရှိ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေသာ ရခိုင်မြောက်ပိုင်းနှင့် ရှမ်းမြောက်ပိုင်းဒေသတို့၌ တိုက်ပွဲများ ရပ်တန့်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံး ဖော်ဆောင်ကြရပါတော့မည်။ တကယ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးကြတဲ့အခါမှာလည်း မတရားအသင်းဥပဒေ ပုဒ်မလိုမျိုး ကန့်သတ်ချက်များကို ဖြေလျှော့ပေးထားဖို့ လိုအပ်မည်ဟု ထင်ပါသည်။ ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာ မိတ်တပ်ဖွဲများ ဆွေးနွေးပွဲ၌ ရလာဒ်ကောင်းများ ထွက်ရှိမလာခြင်းကို တွေ့ မြင်ခဲ့ရသည်။သို့ဖြစ်၍ နှစ်ဘက်တပ်ဖွဲ့များအား အလွတ်သဘော ကြားဝင်စေ့စပ် ညှိနှိုင်းပေးနိုင်ဖို့ “ပွဲစား” လိုအပ်လာနေပြီဟု စာရေးသူ သုံးသပ်မိပါသည်။

တည်ဆောက်ရေးလုပ်ငန်းများ ကို မှန်ကန်စွာကျင့်သုံးပြီး အရည်အ သွေးမီ စံချိန်စံညွှန်း ဖြစ်လာစေရန် အကောင်အထည် ဖော်ဆောင်နိုင်ဖို့ Third Party လိုအပ်သလို ပါတီများ၏ စွမ်းဆောင်ရည်နိမ့်ကျနေခြင်း ဒီမိုကရေ စီနည်းလမ်းများနှင့် သွေဖယ်သောအုပ် ချုပ်မှုပုံစံကို ထိန်းကျောင်းနိုင်ဖို့ နိုင်ငံရေး၌ ပြည်သူများ တောင်းဆိုလာသည့်အခါ တတိယပါတီ လိုအပ်တတ်ပါသည်။

Third Party ၏ ဂုဏ်ဒြပ်က ဘက်မလိုက်မှု ရှိနေရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ နှစ်ဘက်တပ်ဖွဲ့များ တင်းမာမှု ဆက်လက်ဖြစ်ပွားနေမည် ဆိုပါမူ မြေစာပင်ပြည်သူများ ဒုက္ခထပ်မံ မရောက်စေဖို့  Third Party ကဲ့သို့  (စေ့စပ်ညှိင်းရေးအဖွဲ့) တစ်ခုက ပြဿနာများ ပြေလည်စေရန် အလွတ်သဘော ကြားဝင်စေ့စပ်ပေးဖို့ မဖြစ်မနေ လိုအပ်လာနေပြီဟု စာရေးသူ သုံးသပ်ပြောဆို နေရခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ သေနတ်သံများ ချုပ်ငြိမ်းလာစေဖို့ နှစ်ဘက်တပ်ဖွဲ့အား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ပြောဆိုဖို့အတွက် ကြားနေအဖွဲ့စည်းတစ်ခု  မဖြစ်မနေ လိုအပ်ခြင်းဟု ပြောဆိုရခြင်း ဖြစ်ပါ၏။

တစ်ချိန်က ကချင်ဒေသ၌ မြန် မာ့တပ်မတော်နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲအရှိန်မြင့်မားပြီး ပြည်သူများ အတိဒုက္ခ ရောက်ရှိလာခဲ့စဉ် ခရစ်ယာန်ကောင်စီ မှ Third Party (စေ့စပ်ညှိနှိုင်းရေးအဖွဲ့) အဖြစ် အလွတ်သဘော ကြားဝင်စေ့စပ်ပေးမှုများ ရှိခဲ့ဖူးသည်ဟု ဖတ်ဖူးရပါသည်။

ယခုလည်း ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားနေသော နှစ်ဘက်တိုက်ပွဲများ ရပ်တန့်သွားနိုင်စေဖို့ (စေ့စပ်ညှိနှိုင်းရေးအဖွဲ့) တစ်ခုက ဘက်မလိုက်ဘဲ ကြားဝင်စေ့စပ်ပေးဖို့ လိုအပ်နေပြီး ထို့အဖွဲ့မှ ရခိုင်ပြည်နယ်ရှိ ရဟန်း သံဃာတော်များနှင့် ဒေသခံပြည်သူများ လိုလားတောင့်တနေသည့် နှစ်ဘက်တပ်ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပနိုင်ဖို့  တန်ဖိုးရှိသော ထောက်ပြမှုများ ပြုလုပ်လာနိုင်မည် ဖြစ်သည်။ နှစ်ဘက်တပ်ဖွဲ့သို့ အလွတ်သဘော သွားရောက်ညှိနှိုင်းသည့်အခါလည်း လက်ညှိုးထောင် ခေါင်းညိတ်တတ်သူများ  (စေ့ စပ်ညှိနှိုင်းရေးအဖွဲ့ ၌) ပါမလာသင့်ပေ။ 

အပြန်အလှန် ထိန်းကျောင်းမှုစနစ်၊  နိုင်ငံရေးခံယူချက်ကောင်းခဲ့သူနှင့် အတွေးအမြင်ကောင်းသူများ ဖြစ်ရပါမည်။ အရေးကြီးဆုံးအချက်က  (စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ၌) ပါဝင်လာသူများအနေနှင့် မြန်မာတပ်မတော်နှင့် AA တို့က ယုံကြည်လက်ခံသူများ ဖြစ်သင့်ပါသည်။ ထိုအဖွဲ့ ၌ ပါဝင်နေသူများ၏ ပြောစကားကို နှစ်ဘက်တပ်ဖွဲ့မှ စစ်ခေါင်းဆောင်များက မပစ်ပယ်ဝံ့ဘဲ နားထောင်ဖို့က အဓိကဖြစ်သည်။

ရခိုင်ပြည်နယ်မြေက်ပိုင်း၌  ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အထမြောက်လာစေဖို့  အလွတ်သဘော ကြားဝင်စေ့စပ်ညှိနှိုင်းပေးရေးအဖွဲ့ ၌ မည်သူများ ပါဝင် သင့်သနည်း။ မိမိတို့၏ ကိုယ်ကျိုး တစ်စုံတစ်ရာမရှိဘဲ ကိုယ့်ထမင်းကိုယ်စားပြီး လုပ်ဆောင်နိုင်ကြပါမည်လား။

(စေ့စပ်ညှိနှိုင်းရေးအဖွဲ့) ၌ ဗမာလူမျိုးလည်း ပါရမည်ဖြစ်သလို ရခိုင်လူမျိုးနှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များလည်း ပါရှိရပါမည်။ တပ်မတော်က အငြိမ်းစားယူထားသော အရာရှိကြီးများအထဲ ရခိုင်လူမျိုးနှင့် ဗမာလူမျိုးများ ပါရှိရမည်။ ပါတီနိုင်ငံရေး၊ လက်နက်ကိုင်နိုင်ငံရေး လုပ်ဆောင်ခဲ့သည့် တိုင်းရင်းသားဒေသပေါင်းစုံက ဝါရင့်နိုင်ငံရေး သမားများ ပါရှိဖို့ လိုအပ်ပါမည်။ ထေရ် ကြီးဝါကြီး ရဟန်းတော်များ၊ ရခိုင်ဒေသရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း (CSOs) များကလည်း   ပူးပေါင်းပါဝင်ကြရပါမည်။ တရားမျှတမှုနှင့် တန်းတူညီမျှရေး ကရင်တစ်ကျပ် ဗမာတစ်ကျပ်၊ ရခိုင်တစ်ကျပ် ဖြစ်လာစေရန်အတွက် (စေ့စပ်ညှိနှိုင်း ရေးအဖွဲ့ ၌) ပါဝင်လာသူ အားလုံးက သဘောထားကြီးကြရပါမည်။ ဘာသာရေးတွန်းအား၊ လူမှုရေးတွန်းအားကို အသုံးမပြုဖို့လည်း လိုကြပါမည်။

ထိုလမ်းကြောင်းသည်သာ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသော နှစ်ဘက်တိုက်ပွဲ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံး အကောင်အထည်ဖော် ဆက်လက် ဆွေးနွးလာနိုင်မည်ဟု ထင်မြင်မိပါသည်။

အချုပ်အားဖြင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲ များမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ကြဖို့ လိုအပ်လာပါပြီ။ ငြိမ်းချမ်းရေး ညီလာခံတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အခြေခံသည်။ နိုင်ငံရေးဆွေးနွေးမှုမှ ရလာဒ်ကောင်း များဖြင့် တိုင်းရင်းသားများ အစဉ်တစိုက် တောင်းဆိုလာခဲ့ကြသည့် တန်းတူညီမျှ မှုကို အခြေခံသော ဖက်ဒရက်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်။

ဖက်ဒရယ်ဟူသည်မှာ ခွဲထွက် ရေးကို ဦးတည်သောစနစ်မဟုတ်၊ ပြည်နယ်များ ပိုမိုအင်အားကြီးမားသော ပြည်ထောင်စုအဖြစ် ပေါင်းစည်းလိုက် ခြင်းကို ဖက်ဒရယ်ဟု ခေါ်ဆိုခြင်းသာ ဖြစ်သည်။ ဝေးလ်၊ စကော့တလန်၊ မြောက်အိုင်ယာလန်၊ အင်္ဂလန်တို့ ဖက်ဒရယ်စနစ်ဖြင့် ပေါင်းစည်းလိုက်သော အခါ( UK) နိုင်ငံကြီး ဖြစ်လာခြင်းသဘောဖြစ်သည်။

က်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်လာမှသာ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့်အာဏာ၊ သဘာဝသယံဇာတများနှင့် အခြားဝင်ငွေများကို ပြည်နယ်နှင့် ပြည်ထောင်စု အချိုးကျခွဲဝေသည့် ဥပဒေစနစ်တစ်ခု ဖြင့် တိုင်းရင်းသားများ လူ့အဆင့်အတန်း၊ လူ့ဂုဏ်သိက္ခာဖြင့် နေထိုင်လာ နိုင်ကြမည်ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းပြီး တိုင်းရင်းသားအချင်းချင်း ညီအစ်ကိုပမာ အတူတကွ ရင်းနှီးချစ်ကြည်မှု ရရှိလာမည်ဖြစ်သလို ရွှေပြည်သစ်ဆီကို လျှောက်လှမ်းနိုင်မည်။

နောက်တစ်ခုက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ဒီမိုကရေစီဖက်ဒရယ်လား၊ ဖက်ဒရယ် ဒီမိုကရေစီလား အငြင်းပွားမနေကြဘဲ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ပေါင်းစပ်အခြေခံထားသည့် ပြည်ထောင်စုကြီး ဖြစ်လာနိုင်ပါစေလို့ မျှော်လင့်ရင်း.....။

ဗီဒီယိုများ