အကြားအမြင်ရ ဘဝရှင်မင်းတရားကြီးနှင့် ကြက်ဥအရေးတော်ပုံ

တိုင်းပြည်ကြီး၏ အနောက်ဘက်နယ်မြေတစ်ခုဖြစ်သည့် မက္ခရာနယ်မြေသည်ကား ဘဝရှင်မင်းတရားကြီး၏ မိဖုရားခေါင်ကြီးဆွေတော်မျိုးတော်များ နေထိုင်ရာနယ်မြေ ဖြစ်သကဲ့သို့ သားငါးနှင့် သစ်တောသယံဇာတ ပေါများရာအရပ်ဖြစ်ပေသည်။ သို့သော်လည်း ပုန်ကန်ထကြွမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိရာ အုပ်ချုပ်ရေးကိစ္စရပ်များကို အထူးသတိထားက စီမံနေရလေ၏။

27 Sep 2021

DMG ၊ စက်တင်ဘာ ၂၇

(Satire/သရော်စာ)

ကျွန်ုပ်တို့ နေထိုင်လျှက်ရှိသော ဓနရဋ္ဌ တိုင်းပြည်ကြီးတွင် လွန်စွာ အမြော်အမြင်ကြီးလှသော သက်တော်ရှည် ဘဝရှင်မင်းတရားကြီး စိုးစံတော်မူလျှက်ရှိလေ၏။

မင်းတရားကြီးသည်ကား အရပ်အမောင်းမြင့်မားကာ ထွားကျိုင်းသန်မာလှပြီး လက်ရုံးရည် နှလုံးရည်တို့နှင့် ပြည့်စုံတော်မူလေသည်။ အုပ်ချုပ်မှုစွမ်းရည်တွင်လည်း သူမတူအောင် ထူးခြားပြောင်မြောက်လှသဖြင့် မှူးကြီးမတ်ရာ သေနာပတိများအားလုံးက ကြောက်ရွံ့ရိုသေရသောကြောင့် သူ့စိတ်ထင်တိုင်း လုပ်ခွင့်ရနေလေ၏။

သူ၏ နှုတ်တော်က မည်သည့်အမိန်ကိုမဆို ပြန်လည်ဝေဖန်မည့်သူမရှိဘဲ အားလုံးက ‘မှန်လှပါဘုရား’ ဟုသာ တညီတညွတ်တည်း ထွက်ဆိုလေ့ရှိလေသည်။သစ်ပင်ပန်းမံများ စိုက်ပျိုးရာ၌ ဝါသနာထုံလေ့ ရှိသကဲ့သို့ ရေလောင်းပေါင်းသင်ရာတွင်လည်း ရွှေကရား၊ ငွေကရားများကိုသာ သုံးစွဲလေ့ရှိသည်မှာလည်း တိုင်းပြည်၏ ကြွယ်ဝချမ်းသာမှု ပြယုဒ်တစ်ခုဟု ဆိုနိုင်ပေသည်။

ဘုန်းမီးနေလ တောက်ပလွန်းသောကြောင့်လည်း အိမ်နီးချင်းတိုင်းပြည်များကပါ အခွန်တော် ဆက်သရပေသည်။ သာယာဝပြောလှသော တိုင်းပြည်နှင့်အညီ ဆင်ဖြူတော်ရတနာများကိုလည်း အများအပြား ပိုင်ဆိုင်ထားလေသည်။

သို့သော်လည်း မင်းတရားကြီးသည် ဆင်ဖြူရတနာများထက် တောဘုရင် ခြင်္သေ့များနှင့်သာ မွေ့ပျော်လေ့ရှိလေသည်။ တခါတရံ ၎င်းကိုယ်တိုင် မွေးထားသော ခြင်္သေ့များ၊ ခွေးများဖြင့် အမဲလိုက်လေ့ ရှိတတ်သည်။ သို့တစေ သနားကြင်နာတတ်သူတစ်ဦး ဖြစ်သောကြောင့် တောကောင်ကြီးများကို ဖမ်းဆီးသတ်ဖြတ်ခြင်းမရှိဘဲ မြေဝပ်ငှက်များ၊ ငုံးများကဲ့သို့ ငှက်များကိုသာ အမဲလိုက်လေ့ ရှိလေသည်။

မျိုးတုန်းပျောက်ကွယ်လုနီးပါး မျိုးစိတ်များကိုမူ အမဲလိုက်ခြင်းမရှိဘဲ တိုင်းပြည်အတွင်း ပေါများလှသည့် မျိုးစိတ်များကိုသာ ဖမ်းဆီးသတ်ဖြတ်ခြင်းမျိုး ပြုလုပ်လေရာ တိုင်းပြည်အတွင်း ပေါများလှသည့် ဒေါင်းမျိုးစိတ်များမှာ သူ၏ အမဲလိုက်ခြင်းကို အခံရဆုံး မျိုးစိတ်များဖြစ်လေသည်။

မင်းတရားကြီးသည် ဒေါင်းငှက်သားကို အလွန်တရာ နှစ်သက်ကာ မြိန်ရည်ယှက်ရည် စားသုံးတတ်သောကြောင့် သူ၏ နောက်လိုက်ဗိုလ်ပါများက ကဒေါင်း၊ ခွပ်ဒေါင်းနှင့် ဒေါင်းကုလားများကို ရံဖန်ရံခါ ဖမ်းဆီးသတ်ဖြတ်ပေးရသည်များလည်း ရှိလေသည်။

ဘဝရှင်မင်းတရားကြီးမှာကား နှယ်နှယ်ရရ ပုဂ္ဂိုလ်မျိုးမဟုတ်ပေ။ အတိတ်ဘဝက ကုသိုလ်ထူးများကြောင့် ယခုဘဝတွင် ကောင်းမွန်စွာနေထိုင်ရသည်ဖြစ်ရာ ထိုကျေးဇူးတရားကို မမေ့သောအားဖြင့် ဘုရားတည်၊ ကျောင်းဆောက်၊ ရေကန်တူး စသည့် ကုသိုလ်ကောင်းမှုများကို အခွင့်ကြုံသည့်အခါတိုင်း ပြုလုပ်တတ်လေသည်။

တိုင်းပြည်အတွင်း နေထိုင်သူတချို့နှင့် ဘဝရှင်မင်းတရားကြီး၏ နောက်လိုက်ဗိုလ်ပါများက ၎င်းတို့၏ ဘုရင်ကြီးသည် လူဝင်စားတစ်ဦးဖြစ်သည်ဟုလည်း ယုံကြည်လျက် ရှိကြကုန်လေသည်။ ရှေးဘဝက ဗေဒင်၊ဟူးရားအတတ်တို့၌ တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသည့် ပုဏ္ဏားတစ်ဦးသေ၍ ဝင်စားသည်ဟု ယုံကြည်ထားကြလေသည်။ ဤသို့ ယုံကြည်ရလောက်အောင်လည်း ခိုင်လုံသည့် အကြောင်းရင်းက ရှိနေပေသည်။

တစ်ခါတစ်ပါး၌ တိုင်းပြည်အတွင်း ကပ်ရောဂါကြီးတစ်ခု ဆိုက်ကပ်လေရာ တိုင်းသူပြည်သားများ အတိဒုက္ခရောက်ကုန်ကြလေ၏။ ကူးစက်မှု မြင့်မားလှပြီး သေဆုံးနှုန်း မြင့်မားလွန်းသောကြောင့် ပြည်သူများမှာ အိမ်တွင်းမှ အိမ်ပြင်သို့ မထွက်ရဲကြဘဲ မိမိတို့၏ စားသောက်စရာများကို ခြိုးခြံချွေတာပြီး စားသောက်နေကြရသည်အထိ ဖြစ်လေ၏။

တစ်ခါတစ်ရံ ဈေးဝယ်ထွက်ရလျင်လည်း တာရှည်ခံမည့် အစားအသောက်များကိုသာ ရွေးပြီးဝယ်ယူကာ သိုလှောင်ထားကြရသောကြောင့် တာရှည်ခံပစ္စည်းဖြစ်သည့် ကြက်ဥများမှာ ဝယ်လိုအားအများဆုံး အဖြစ်ဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့တော့သည်။ ဘောဂဗေဒ သဘောတရားအရ ဝယ်လိုအားများလျင် ကုန်ဈေးနှုန်းတက်မည်ဆိုသည်ကို ဘဝရှင်မင်းတရားကြီးသည် မသိသည်မဟုတ်။ ကြက်ဥတစ်လုံးကို ယခင်က ၁၂၀ ကျပ်ခန့်ရှိရာက ကပ်ရောဂါကြီး ဖြစ်လာသည့်အခါ ၂၀၀ ကျပ်အထိ ဈေးတက်သွားသည်ကိုလည်း မင်းတရားကြီး သိလေသည်။

ဤအခက်အခဲကို ဖြေရှင်းရန်အတွက်လည်း မင်းတရားကြီးတွင် အစီအစဉ်က ရှိနှင့်နေပြီးသား ဖြစ်သည်။ မင်းတရားကြီးမှာကား ပုဏ္ဏားဝင်စားပြီး မွေးဖွားလာသူဖြစ်သည့်အတွက် အကြားအမြင်များရရှိနေသူဖြစ်ပေရာ လွန်ခဲ့သည့်ခြောက်နှစ်ခန့်ကပင် ကြိုတင်၍ ဥစားကြက်များကို မွေးမြူထားပြီးသား ဖြစ်လေသည်။

တိုင်းပြည်ကြီး၏ အနောက်ဘက်နယ်မြေတစ်ခုဖြစ်သည့် မက္ခရာနယ်မြေသည်ကား ဘဝရှင်မင်းတရားကြီး၏ မိဖုရားခေါင်ကြီးဆွေတော်မျိုးတော်များ နေထိုင်ရာနယ်မြေ ဖြစ်သကဲ့သို့ သားငါးနှင့် သစ်တောသယံဇာတ ပေါများရာအရပ်ဖြစ်ပေသည်။ သို့သော်လည်း ပုန်ကန်ထကြွမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိရာ အုပ်ချုပ်ရေးကိစ္စရပ်များကို အထူးသတိထားက စီမံနေရလေ၏။

တိုင်းမင်းကြီးတစ်ပါးအပါဝင် ဝန်မင်းလေးပါးဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့က စီမံအုပ်ချုပ်လျှက်ရှိပေရာ ထိုအထဲတွင် နဖူးပြောင်လှသည့် ဝန်မင်းတစ်ပါးမှာ ထူးခြားလှသည်။ သူသည်လည်း အကြားအမြင်ရသူတစ်ဦးဟု ဆိုရပါမည်။

အမြော်အမြင်ကြီးလှသည့် ဝန်မင်းပြောင်ကြီးသည်ကား တိုင်းသူပြည်သားများ ကပ်ရောဂါဘေးကြီး ဆိုက်နေချိန်တွင် ကြက်ဥများ ဈေးမတက်စေရေးအတွက် ၎င်းကိုယ်တိုင် ဥစားကြက်များကို မွေးမြူကာ ကြက်ဥများကို ဈေးနှုန်းချိုသာစွာနှင့် ရောင်းချပေးနေသည်။ လူဦးရေ လေးသန်းခန့် နေထိုင်လျက်ရှိသည့် မက္ခရာနယ်မြေအတွင်းမှာလည်း ခိုးဆိုးလုယက်မှုများက နေ့စဉ်နှင့်အမျှ တိုးပွားလာနေလျက် ရှိပေရာ ဘဝရှင်မင်းတရားကြီး၏ သြဇာခံများမှာလည်း ယင်းပြဿနာများအား ဖြေရှင်းရန် ခေါင်းခဲလျက်ရှိနေပေ၏။

ဤကဲ့သို့ အခက်အခဲများကြားမှာ လူဦးရေ လေးသန်းနီးပါးအတွက် စားနပ်ရိက္ခာ ဖူလုံစေရန် ဥစားကြက် ကောင်ရေ ခုနစ်ထောင်ကျော်ကို မွေးမြူကာ နေ့စဉ် ကြက်ဥ ခြောက်ထောင်ကျော်ကို ထုတ်လုပ်ပေးနိုင်သည့် ဝန်မင်းကိုလည်း ကျေးဇူးတင်ရမည်မှာတော့ အမှန်ပင်။ သို့သော် ဝန်မင်းတို့ ထုတ်လုပ်ရောင်းချသည့် ကျပ် ၁၂၀ တန် ကြက်ဥဈေးနှုန်းများမှာကား ဈေးကွက်အတွင်းသို့ ရောက်ရှိသွားချိန်တွင် ကျပ် ၂၀၀ ပြန်ဖြစ်သွားသည်ကို ဝန်မင်းတို့ မျက်ကွယ်ပြုနေကြသည်က ကြည့်မကောင်းလှပေ။

ကျွန်ုပ်တို့၏ ကြက်ဥထုတ်လုပ်ရေး ဝန်မင်းသည်လည်း ခေသူတစ်ဦးမဟုတ်ပေ။ အောက်ခြေသိမ်းကအစ လုပ်ကိုင်ဆောင်ရွက်နေသည့် ဘဝရှင်မင်းတရားကြီး၏ အားထားရသည့် ဝန်မင်းတပါးပင် ဖြစ်တော်မူလေသည်။

မက္ခရာနယ်မြေအတွင်း ဒုစရိုက်မှုများ ဖမ်းဆီးရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှုများကြောင့်လည်း သူ၏ ဂုဏ်သတင်းမှာ ကျော်စောလှပေ၏။ ပြည့်တန်ဆာ ဖမ်းဆီးနှိမ်နှင်းရေးတွင်လည်း ၎င်းကိုယ်တိုင် ပါဝင်သကဲ့သို့ ကေတီဗွီ မာဆတ်နှင့် အရက်ဆိုင်များ၌ လူစုလူဝေးပြုလုပ်သူများကို ဖမ်းဆီးထိန်းသိမ်းရာ၌ ပါဝင်ဆောင်ရွက်လေ့ ရှိသည့်အတွက် နာမည်ကြီးလှသည့် ဝန်မင်းပေတည်း။
တခါတရံ အများသူငါ အပန်းဖြေအနားယူရာ နေရာများ၌ သောက်စားမူးယစ်သည်များကိုလည်း အရေးယူမှုများ ပြုလုပ်လေ့ ရှိသည်ကိုကား မကြာခဏ မြင်တွေရလေ့ ရှိပေသည်။

သို့သော်လည်း အဆိုပါ ဝန်မင်းသည်ကား ကျန်းမာရေး ချို့တဲ့နေသည့်အတွက် တခါတရံတွင် စကားပြောနိုင်သော်လည်း စကားမပြောနိုင်သည့် အချိန်များလည်း ရှိပေရာ ၎င်း၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ရသည့် အနေအထားပင် ဖြစ်ပေသည်။

သကာတို့၊ ထန်းလျှက်တို့ကဲ့သို့ အချိုများကို စားရလျှင် စကားအနည်းငယ် ပြောနိုင်သော်လည်း တမာတို့၊ ခွေးတောက်တို့ကဲ့သို့ အစားများကို စားမိလျှင် ဆွံ့အသည့် ပုံစံမျိုး ဖြစ်သွားတတ်လေသည်။

သို့သော်လည်း မက္ခရာကြက်ဥဝန်မင်း (သို့) အနောက်ဘက်ဝန်မင်းသည်ကား မည်သည့် မြင်းရထားပဲ လာသည်ဖြစ်ပါစေ အခန့်သင့် စီးနင်းနေသူဖြစ်ပေရာ ဘဝရှင်မင်းတရားကြီး နတ်ရွာမစံသည့်အထိ သူ၏ ရာထူးက တည်မြဲနေပါလိမ့်မည်။

ည်သို့ပင် ဆိုစေကာမူ အမြော်အမြင် ကြီးမားလှသည့် အကြားအမြင်ရ ဘဝရှင်မင်းတရားကြီးနှင့် မက္ခရာနယ်မြေက ကြက်ဥဝန်ကြီးတစ်ဖြစ်လဲ အနောက်ဘက်ဝန်မင်းတို့သည်ကား တိုင်းသူပြည်သားများအပေါ် စစ်မှန်သောစေတနာဖြင့် ကြက်ဥစေတနာထားခဲ့ကြသည်ကို မမေ့အပ်ဘဲ အမြဲထာဝရ အမှတ်ရနေကြရပါလိမ့်မည်။

သူတို့၏ ကြွေးကြော်သံမှာကား “ ကြက်ဥအရေးတော်ပုံ အောင်ရမည်” “ ကြက်ဥအရေးတော်ပုံ အောင်ရမည်” ဟူသတည်း။

ဇော်ဇော်_ရေးသားသည်

ဗီဒီယိုများ